30 C
Yangon

ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်တွင် နုတ်ထွက်စာတင်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များကို ပြန်လည် တာဝန် ထမ်းဆောင်ရန် AA က ခေါ်ပြော

Must read

ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်တွင် နုတ်ထွက်စာတင်ထားသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး များကို ပြန်လည် တာဝန် ထမ်းဆောင်ရန် AA က ခေါ်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၃

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်များက စစ်ကောင်စီခန့်အပ်ထားသော အုပ်ချုပ် ရေးမှူး များ မိမိဆန္ဒအလျောက် တာဝန်မထမ်းလိုသည့်အတွက် နုတ်ထွက်စာ တင်ထားကြပြီးနောက် ပြန်လည် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းဆောင်ရန် ULA/ AA ပြောဆိုခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၂ရက်နေ့ နေ့လယ် ၁၂နာရီအချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ULA/AA နယ်မြေရုံးတွင် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ၇၀ကျော်နှင့် ရသေ့တောင်မြို့နယ်က အုပ်ချုပ်ရေးမှူး ၂၀ ခန့်ကို ခေါ်ယူ၍ အစည်းအဝေးတစ်ရပ်ပြုလုပ်ကာ အုပ်ချုပ်ရေးမှူးများတာဝန်ကို ပြန်လည်ထမ်းဆောင်ရန်ပြောဆိုခဲ့ကြောင်း တက်ရောက်ခဲ့သည့် အုပ်ချုပ်ရေးမှူးများက ပြောသည်။

အဆိုပါ နုတ်ထွက်စာတင်ထားသည့် အုပ်ချုပ်ရေးမှူးများကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ပုဏ္ဏားကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် ရသေ့တောင်မြို့နယ်က အုပ်ချုပ်ရေးမှူး ၉၀ ကျော်ကို ULA/ AA နယ်မြေရုံးက ခေါ်ယူကာ ပြောဆိုခဲ့ကြောင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အမည်မဖော်လိုသူ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။

“ပုဏ္ဏားကျွန်းမြို့နယ် နယ်မြေရုံးက ခေါ်တာပါ။ ရသေ့တောင်က အုပ်ချုပ်ရေးမှူး ၂၀ လောက်ရှိမယ်။ ပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ် က အုပ်ချုပ်ရေးမှူး ၇၀ကျော်လောက်ရှိမယ်။ ULA/AA ရုံးက ခေါ်ပြီးတော့ပြောတာပါ။ ပြန်ပြီးတော့ အုပ်ချုပ်ရေးမှူးလုပ်ပေးဖို့ ပြောတယ်။ တစ်ခြားလူတွေလည်း လုပ်လို့ မရဘူး။ ခင်ဗျားတို့ပဲ လုပ်ရမယ်ဆိုတော့ ပြောတာပါ။ နောက်လူတွေလုပ်ဖို့ ဆိုတာကလည်း အခက်အခဲရှိမယ်ပေါ့။ အစိုးရအနေနဲ့လည်း ဒီလိုအချိန်မျိုးမှာ အခက်အခဲရှိနိုင်တယ်။ စစ်ကောင်စီအနေနဲ့လည်း အခက်အခဲဖြစ်နိုင်တယ်လို့ သူတို့ဖက်က ပြောတယ်”ဟုပြောသည်။

ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးအများစုမှာ ဆက်လက် အုပ်ချုပ်ရေးမှူးများအဖြစ် လုပ်ကိုင်ချင်သော်လည်း စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ မည်သည့်အချိန်တွင် တိုက်ပွဲ ဖြစ်လာမည်ကို မသိသေးဘဲ လက်နက်ကိုင် တိုက်ပွဲများအကြားတွင် အုပ်ချုပ်ရေးမှူးအဖြစ် မလုပ်ကိုင်ချင်ကြောင်း အုပ်ချုပ်ရေးမှူးများက ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ၉၀ ကျော် နုတ်ထွက်ခဲ့ကြပြီး ဒီဇင်ဘာလ ၁၆ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်တွင် ကျေးရွာအုပ်စု ၁၉စုက ရပ်ကျေးအုပ်ချုပ်ရေးမှူး ၁၉ဦးမှာ မိမိ၏ သဘောဆန္ဒအလျောက် နှုတ်ထွက်ခဲ့ကာ ယခင်ကထက် အုပ်ချုပ်ရေးမှူများမှာ အခက်အခဲ အကျပ်အတည်းပိုဖြစ်လာသည်ဟု အုပ်ချုပ်ရေးမှူးများက ဆိုသည်။

ရသေ့တောင်မြို့နယ် ကူတောင်နယ်မြေရှိ ကူတောင်၊ ကပ်ချောင်း၊ ဖြူချောင်း၊ ဆားပြင်ကြီး၊ ဆားပြင်ချေ၊ ဦးဂါ၊ ညောင်ပင်လယ်၊ ကံပြင်၊ ပန်ဇင်းမော်၊ ကြက်ရိုးဆပ်၊ ဇီးကိုင်း၊ လက်ပံပင်ရင်း၊ အနောက်ပြင်(မွတ်ဆလင်)၊ မြင်းကန်းချောင်း၊ မင်းဂံ၊ သာစည်ထောင့်၊ ရေပိုက်ဆုံ၊ ကျွန်းကြီးနှင့် ရွှေလောင်းတင် တို့က ကျေးရွာ (၁၉)ရွာမှ ရပ်/ကျေး အုပ်ချုပ်ရေးမှူး (၁၉) ဦးမှာ နုတ်ထွက် စာတင်ခဲ့ကြသည်။

ယမန်နေ့ ဇန်နဝါရီ ၂ရက်နေ့ နေ့လယ် ၁၂ နာရီအချိန်ခန့်တွင် ULA/AA ၏ အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် နောက်ထပ် အုပ်ချုပ်ရေးမှူးတစ်ဦးက အုပ်ချုပ်ရေးမှူးတာဝန်ကို ၎င်းအနေဖြင့် ဆက်ပြီး မလုပ်ချင်သောကြောင့် ယင်းကဲ့သို့ တာဝန်မှ ရပ်စဲကြောင်း စစ်ကောင်စီထံသို့ စာတင်ခဲ့သည်ဟု ပြောသည်။

“အတင်းဓမ္မ လုပ်ခိုင်းတာတော့ မဟုတ်ဘူးပေါ့။ ခင်ဗျားတို့ အုပ်ချုပ်ရေးမှူး မလုပ်ရင် ဘယ်သူတွေ လုပ်မလဲပေါ့။ အုပ်ချုပ်ရေးမှူးလုပ်ဖို့ပြောတာပေါ့။ တစ်ဖက်ကလည်း မလုပ်ဘူးဆိုရင် တစ်ခုခု ဖြစ်မလားဆိုတာကို စိုးရိမ်းတာပေါ့။ ကျနော်တို့က စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးမှူး မလုပ်ချင်လို့ စတင်ထားပြီးပြီးလေ။ နောက်ထပ် လုပ်ချင်ပါတယ်ဆိုပြီးတော့ စာထပ်တင်ရမလားဆိုတာကြီးဖြစ်နေတာပေါ့”ဟုပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မရရှိခဲ့ပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article