36 C
Yangon

အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ထောက်ပံ့ကူညီနေမှုများ အမြန်ဆုံး ရပ်ဆိုင်းရန်လိုအပ်

Must read

အကြမ်းဖက် စစ်အုပ်စုကို နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၆၀ ကျော်က ထောက်ပံ့ကူညီနေမှုများ အမြန်ဆုံး ရပ်ဆိုင်းရန်လိုအပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၆

မြန်မာနိုင်ငံမှာ တရားမဝင် အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်တပ်ကို လက်ရှိ အချိန်အထိ ထောက်ပံ့အားပေးနေတဲ့ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၆၀ ကျော်ရဲ့ အမည်စာရင်းကို Justice For Myanmar မှ ထုတ်ပြန်လိုက်ပါတယ်။

အဆိုပါအစီရင်ခံစာထဲမှာ စစ်အုပ်စုကို ပံ့ပိုး ကူညီနေတဲ့ အဖွဲ့အစည်းတွေနဲ့ သူတို့ပေးခဲ့တဲ့ ပံ့ပိုးမှုပုံစံတွေကို ကွင်းဆက်အလိုက် အသေးစိတ် ဖော်ပြထားပါတယ်။ ဒါ့အပြင် အစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအနေနဲ့ တရားမဝင် မြန်မာစစ်အုပ်စုကို ပံ့ပိုးနေမှုများ ရပ်တန့်အောင် လုပ်ဆောင်ရမည့် အရာများကိုလည်း ဖော်ပြထားပါတယ်။

အစီရင်ခံစာရဲ့ အဓိက တွေ့ရှိချက်များအရ နိုင်ငံတကာ အစိုးရ ပေါင်း ၂၀ ၊ နိုင်ငံတကာ အစိုးရအဖွဲ့အစည်း ၂၅ ဖွဲ့ ပါဝင်ပြီး ယင်းအထဲတွင် ကုလသမဂ္ဂ အဖွဲ့အစည်းပေါင်း ၁၄ ဖွဲ့၊ နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်း ၇ ဖွဲ့နှင့် အခြား နိုင်ငံတကာ အဖွဲ့အစည်း ၈ ဖွဲ့ စုစုပေါင်း အဖွဲ့အစည်းပေါင်း ၆၀ ကျော်က စစ်အုပ်စုနဲ့ ဆက်စပ် ပတ်သတ်နေခြင်း ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။ (အစီရင်ခံစာအသေးစိတ်ကို အင်္ဂလိပ်ဘာသာဖြင့် ထုတ်ပြန်သော JFM ၏ website တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)။

အဆိုပါ နိုင်ငံတွေဟာ စစ်အုပ်စုကို နိုင်ငံတကာ ဖိုရမ်တွေမှာ မြန်မာနိုင်ငံကိုယ်စားပြုခွင့်၊ သံတမန် ဆက်ဆံရေးနဲ့ လုပ်ဆောင်ချက်တွေကတဆင့် တရားဝင်မှု ရရှိစေတဲ့ နိုင်ငံရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အုပ်စုရဲ့ အကျိုးစီးပွားနဲ့ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရာမှာ ပါဝင်နေတဲ့သူတွေကို အသိပညာနဲ့ ကျွမ်းကျင်မှုတွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း လက်ရှိအချိန်အထိ ထောက်ပံ့ ကူညီနေဆဲဖြစ်တယ် လို့လည်း ဖော်ပြထားပါတယ်။

စစ်အုပ်စုအတွက် ဖွံ့ဖြိုးရေး အစီအစဥ်တွေ၊ ချေးငွေ ထုတ်ပေးမှုတွေ၊ တိုက်ရိုက် ဝယ်ယူမှုတွေကို လုပ်ဆောင်ပေးခဲ့ပြီး ၊ စစ်အုပ်စု ထိန်းချုပ်မှုအောက်က ကုမ္ပဏီတွေနဲ့ တခြားစီးပွားရေးလုပ်ငန်းတွေကို သွယ်ဝိုက်ပြီး စီးပွားပူးအရ ပေါင်းလုပ်ဆောင်မှုတွေလည်း ရှိနေဆဲလို့ ဆိုပါတယ်။

အထူးသဖြင့် စစ်တပ်နဲ့ ဆက်နွှယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေက ဟိုတယ်၊ ရုံးခန်းတွေနဲ့ အိမ်ရာငှားရမ်းတာတွေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်ခဲ့တယ်လို့ အစီရင်ခံစာမှာ အသေးစိတ် ဖော်ပြထားပါတယ်။

ဒါ့ကြောင့် ဒီထောက်ပံ့မှုတွေ ရပ်တန့်သွားဖို့နဲ့ စစ်တပ်အတွက် ဘဏ္ဍာငွေတွေ၊ အရင်းအမြစ်တွေနဲ့ အာဏာရှင် စနစ်အားကောင်းလာခြင်းကို တားဆီးကာကွယ်ဖို့ အမြန်ဆုံး လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “မြန်မာစစ်တပ်က တရားမ၀င် အာဏာ သိမ်းဖို့ ကြိုးပမ်းတာ နှစ်နှစ်နီးပါး ကြာမြင့်လာပါပြီ။ လူပေါင်း ၂,၈၁၀ ဦးကို သတ်ဖြတ်ထားပြီး၊ ၁၃,၆၄၂ ဦး ကို ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်”

“အခုချိန်ထိ နိုင်ငံတကာအသိုင်းအဝိုင်းအများစုက စစ်အုပ်စုရဲ့ အကြမ်းဖက်စစ်ဆင်ရေးကို အထောက်အကူ ဖြစ်စေတဲ့ ရန်ပုံငွေနဲ့ အရင်းအမြစ်တွေ စီးဆင်းမှုကို အဆုံးသတ်ဖို့ နည်းနည်းလေးပဲလုပ်ထားတာ ဒါမှမဟုတ် လုံးဝလုပ်ဆောင်မှုမရှိတာကို တွေ့ရပါတယ်”

“အခုချိန်မှာ နိုင်ငံခြားအစိုးရတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတချို့က မြန်မာပြည်သူတွေကို ကူညီဖို့ လျစ်လျူရှုထားရုံသာမကဘဲ၊ မြန်မာပြည်သူတွေကို ရက်စက်ကြမ်းကြုတ်စွာနဲ့ ဖိနှိပ်နေတဲ့ စစ်အုပ်စုကို တက်တက်ကြွကြွ ပံ့ပိုးကူညီနေတယ်ဆိုတာက ထင်ရှားပါတယ်”

“နိုင်ငံတကာအစည်းအဝေးတွေမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ စစ်အာဏာရှင်တွေကို ဖိတ်ကြားတာကနေ စစ်ဘက်ဆိုင်ရာအရာရှိတွေကို လေ့ကျင့်ပေးတာနဲ့ စစ်တပ်နဲ့ဆက်နွှယ်တဲ့ ဟိုတယ်တွေမှာ ဒေါ်လာသန်း ပေါင်းများစွာ သုံးစွဲနေတာတွေအဆုံး စစ်အုပ်စုအတွက် ပံ့ပိုးကူညီမှု ပုံစံအားလုံးဟာ လက်ခံနိုင်စရာ မရှိပါဘူး”

“ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အဖွဲ့ဝင်တွေ ကသာလျင် နိုင်ငံတကာ အစည်းအဝေးတွေကို ဖိတ်ကြားသင့်တဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားပြုသူတွေ ဖြစ်ပါတယ်”

“မြန်မာစစ်တပ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ ဆက်နွယ်မှုအားလုံးကို ဖြတ်တောက်ရမှာ ဖြစ်ပြီး၊ စစ်အုပ်စု၊ သူရဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ အပေါင်းအပါတွေအပေါ် ကမ္ဘာလုံးဆိုင်ရာနဲ့ နိုင်ငံချင်းအလိုက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်”

“နိုင်ငံခြားအစိုးရအားလုံးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအားလုံးအနေနဲ့ စစ်အုပ်စုအတွက် ပံ့ပိုးမှုပုံစံ အားလုံးကို ရပ်တန့်ဖို့ ချက်ချင်း အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ကျွန်မတို့ တောင်းဆိုပါတယ်” လို့ ပြောကြားလိုက်ပါတယ်။

အစီရင်ခံစာမှာ ဖော်ပြထားတဲ့ အဖွဲ့အစည်းတွေထဲက ၁၃ ဖွဲ့ကတော့ စစ်အုပ်စုအတွက် သူတို့ရဲ့ ထောက်ပံ့မှုတွေ ရပ်တန့်ဖို့အတွက် လတ်တလောမှာ စတင်ဆောင်ရွက်နေပြီလို့လည်း ဆိုပါတယ်။

ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ နိုင်ငံတကာ အစိုးရတွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာစစ်တပ်အတွက် အထောက်အပံ့ အကူအညီများ အမြန်ဆုံးရပ်တန့်သွားဖို့ အလေးအနက် တောင်းဆိုပါတယ် လို့လည်း Justice For Myanmar ကထုတ်ပြန်ပြောဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article