30 C
Yangon

အစ္စရေးဆိုင်ဘာ ထောက်လှမ်းရေးကုမ္ပဏီ Cognyte ထံမှ မြန်မာက စပိုင်ဆော့ဝဲ ဝယ်ယူခဲ့ကြောင်း အထောက်အထားသစ်များ တွေ့ရှိ

Must read

အစ္စရေးဆိုင်ဘာ ထောက်လှမ်းရေးကုမ္ပဏီ Cognyte ထံမှ မြန်မာက စပိုင်ဆော့ဝဲ ဝယ်ယူခဲ့ကြောင်း အထောက်အထားသစ်များ တွေ့ရှိ

By Oded Yaron

ဖုန်းဆက်သွယ်ပြောဆိုသူများအား ကြားဖြတ်ခိုးနားထောင်နိုင်ရန် နိုင်ငံ၏ ဆက်သွယ်ရေး ကွန်ရက်ဗဟိုချက်၌ တပ်ဆင်မည့်အဆင့်မြင့် ဆိုင်ဘာထောက်လှမ်းရေးစနစ် တစ်ခုအတွက် မြန်မာအစိုးရပိုင်ကုမ္ပဏီက ခေါ်ယူခဲ့သောတင်ဒါကို အစ္စရေးကုမ္ပဏီတစ်ခုဖြစ်သည့် Cognyte က အောင်မြင်ခဲ့ကြောင်း Justice For Myanmar အဖွဲ့ကရရှိခဲ့သော စာရွက်စာတမ်းများအရ သိရသည်။ Cognyteသည် Nasdaq စတော့ဈေးကွက်တွင် အစုရှယ်ယာ ရောင်းဝယ်ဖောက်ကားနေသော ကုမ္ပဏီတစ်ခုဖြစ်သည်။

အမေရိကန်ပြည်ထောင်စုနှင့်အီးယူတို့က မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချမှုများပိတ်ပင် ထားသော်လည်း ယခုအချိန်၌ တိုင်းပြည်ကို အတိအလင်းထိန်းချုပ်ထားသော စစ်ကောင်စီထံသို့ လက်နက်ရောင်းချမှု ရပ်ဆိုင်းရေးကို အစ္စရေးက အစောပိုင်းတွင် ငြင်းဆန်နေခဲ့သည်။

၂၀၁၆-၂၀၁၇ ကာလများအတွင်း ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုန်းသတ်ဖြတ်ရေးမူဝါဒများကို မြန်မာနိုင်ငံက ချမှတ်ကျင့်သုံးခဲ့စေကာမူ အစ္စရေးနိုင်ငံသည် စစ်ကောင်စီသို့ ပို့ကုန်တင်ပို့မှုများ၊ စစ်တပ်နှင့် ဆက်ဆံမှုများကို ဆက်လက်ပြုလုပ်နေခဲ့သည်။ သတင်းမီဒီယာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြပါရှိလာပြီး အများပြည်သူ၏ ဖိအားမြင့်မားလာသည့် အချိန်ကျမှသာ အစ္စရေးက မြန်မာနိုင်ငံသို့ လုံခြုံရေး ပစ္စည်းများ တင်ပို့နေမှုကို ၂၀၁၈ ခုနှစ်နှစ်ဦးပိုင်းတွင် ရပ်ဆိုင်းခဲ့သည်။

ရရှိထားသောစာရွက်စာတမ်းများအရ မြန်မာကောင်စီအနေဖြင့် ဆက်သွယ်ရေး ကုမ္ပဏီအားလုံး၏ ကွန်ရက်များတွင် “ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်သည့် စနစ်များ” တပ်ဆင်ရန် စီစဉ်ထားကြောင်း ဖော်ထုတ်သိရှိရသည်။ အဆိုပါစနစ်မျိုးကို မိမိနိုင်ငံသားများအပေါ် ထောက်လှမ်းရန် နည်းလမ်းများအဖြစ် ဥပဒေ၊ နည်းဥပဒေများပြဌါန်းလျှက် နိုင်ငံအများအပြားရှိ ရဲတပ်ဖွဲ့နှင့် ဥပဒေစိုးမိုးရေးအဖွဲ့များ၌ အသုံးပြုလျက်ရှိကြသည်။

၎င်းစနစ်များသည် ဖုန်းပြောဆိုမှုများအား ခိုးနားထောင်နိုင်ရေး မိုဘိုင်းဖုန်းတည်နေရာကို ရှာဖွေခြင်း၊ မိုဘိုင်းစက်ပစ္စည်းများထဲသို့ ကြားဖြတ်ဝင်ရောက်ခြင်း၊ စာသားနှင့် လျှို့ဝှက်သင်္ကေတပြုစာတိုများ ဆွဲထုတ်ရယူခြင်း စသည့်လုပ်ရပ်မျိုးစုံဖြင့် ကွန်ရက်လှုပ်ရှားမှုကို စောင့်ကြည့်ကြသည်။

တိုင်းပြည်၏ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနက ထိန်းချုပ်ထားသော နိုင်ငံပိုင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)အတွက် စနစ်တစ်ခု ပေးသွင်းရမည့်တင်ဒါကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလအတွင်း Cognyte ကုမ္ပဏီက အောင်မြင်ခဲ့ကြောင်း စာရွက်စာတမ်းများ၌ တွေ့ရှိရသည်။ အဆိုပါကန်ထရိုက်ကို စစ်တပ်ကအာဏာမသိမ်းမီ တစ်လခန့်အလိုက ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

စနစ်တပ်ဆင်မှုများအား ၂၀၂၁ ခုနှစ်၊ ဇွန်လတွင် အပြီးဆောင်ရွက်ရန် ရည်မှန်းထားသော်လည်း ၎င်းစနစ်ကို လွှဲပြောင်းပေးအပ်ပြီးခြင်း ရှိ/မရှိ သို့မဟုတ် လုပ်ငန်းလည်ပတ်နေခြင်း ရှိ/မရှိ ရှင်းလင်းစွာ မသိရှိရပေ။ အစိုးရဆက်သွယ်ရေးကုမ္ပဏီသည် ၎င်းစနစ်ကို စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်ဟု မြန်မာနိုင်ငံအတွင်းရှိသတင်းရင်းမြစ်များက Reuters သတင်းဌာနကို ပြောကြားသည်။

အဆိုပါစနစ်ကို မဝယ်ယူမီတစ်လအလို ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလက မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး တိုင်းပြည်၏ အရပ်သားခေါင်းဆောင်လည်းဖြစ်၊ နိုဘယ်ဆုရှင်လည်းဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပါတီက မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။ သို့သော် ရွေးကောက်ပွဲမသမာမှုများ ရှိသည်ဟု စစ်တပ်က စွပ်စွဲပြောဆိုလျက် ရွေးကောက်ပွဲရလဒ်ကိုလက်ခံလိုခြင်း မရှိကြောင်း ၎င်းတို့က အချက်ပြလာသည်။

နောက်နှစ် ဖေဖော်ဝါရီလတွင်မူ စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပြင် ဝန်ကြီးများနှင့် လွှတ်တော်အမတ်များ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ နောက်ပိုင်းတွင် စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၂၆ နှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။

အာဏာသိမ်းပြီး ဆက်လက်ဖြစ်ပေါ်လာသည့် ဆန္ဒပြမှုနှင့် ပဋိပက္ခများအတွင်း အနည်းဆုံးလူပေါင်း ၁,၆၀၀သေဆုံးခဲ့ပြီး ၁၄,၀၀၀ ကျော်ဖမ်းဆီးခံခဲ့ရသည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ ထို့အပြင် အကြမ်းဖက်မှုစွပ်စွဲချက်များဖြင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူ လေးဦးကိုလည်း သေဒဏ်ပေး ကွပ်မျက်ခဲ့သည်။

မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့များသည် “လူ့အသက်ကို ပြောင်ပြောင်တင်းတင်းပင် အလေးမထားကြကြောင်း” ကုလသမဂ္ဂ အစီရင်ခံစာတစ်စောင်၌ ရေးသားထားပြီး လူအများအပြားကို ပရမ်းပတာ ဖမ်းဆီးခြင်း၊ ရက်စက်စွာညှင်းပန်းနှိပ်စက်ခြင်း၊ ဦးခေါင်းကို သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည်။

“စစ်ကောင်စီသည် အွန်လိုင်းစောင့်ကြည့်မှုများမှတစ်ဆင့် ပုဂ္ဂိုလ်ရေးရာ အီလက်ထရောနစ် ဆက်သွယ်မှုများကို ပုံမှန်စစ်ဆေးထိန်းကျောင်းလျက်ရှိပြီး ဒီမိုကရေစီအရေး ထောက်ခံလှုပ်ရှားသူများကို စောင့်ကြည့်နေကြောင်း သတင်းအများအပြား ရရှိသည်။ အာဏာမသိမ်းမီက စစ်တပ်သည် အီလက်ထရောနစ် စစ်ရေးစွမ်းရည်တစ်ခုကိုတည်ဆောက်ကာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှား သူများကို ထိန်းကျောင်းရန် ဆယ်လူလာဖုန်း ကြားဖြတ်ဝင်ရောက်သည့် စနစ်များအပါအဝင် ထောက်လှမ်းရေး နည်းပညာများကို ဝယ်ယူခဲ့သည်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အစီရင်ခံစာတစ်စောင်၌ ဖော်ပြထားသည်။

မှတ်ချက်ပေးရန် Haaretz သတင်းဌာန၏ အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့မှုအပေါ် Cognyte က ပြန်လည် တုံ့ပြန်ခဲ့ခြင်းမရှိပေ။ Cognyte အနေဖြင့် မြန်မာနိုင်ငံ၌တင်ဒါဝင်ရောက်ယှဉ်ပြိုင်ပြီး စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချက် တောင်းခံခဲ့ခြင်း ရှိ/မရှိနှင့် ကာကွယ်ရေးဝန်ကြီးဌာနက ထိုသို့ရောင်းချရန် ခွင့်ပြုခဲ့ခြင်း ရှိ/မရှိ Haaretz သတင်းစာ၏ မေးမြန်းမှုများကိုလည်း အစ္စရေးကာကွယ်ရေးဝန်ကြီး ဌာနက ပြန်လည်မဖြေကြားခဲ့ပေ။

အစ္စရေးစစ်လက်နက်စနစ်များကို မြန်မာနိုင်ငံသို့ ရောင်းချခဲ့သည့် အထောက်အထားများ ပေါ်ထွက်လာပြီးနောက် လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ Eitay Mack က အစ္စရေးရှေ့နေချုပ် Gali Baharav-Miara ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါစာထဲတွင် မြန်မာနိုင်ငံ၌ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် Cognyte ကုမ္ပဏီတို့က အားပေးကူညီနေသည် ဟူသည့် စွပ်စွဲချက်များအတွက် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးပေးရန် ၎င်းအပါအဝင် ဒါဇင်နှင့်ချီသော အခြားလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆော်ဩတောင်းဆိုထားသည်။

တစ်ချိန်တည်းမှာပင် ကာကွယ်ရေးဝန်ကြီးဌာန ပို့ကုန်ကြီးကြပ်မှုဌာနခွဲထံသို့လည်း ၎င်းပုဂ္ဂိုလ်များက စာတစ်စောင် ရေးသားပေးပို့ခဲ့ပြီး Cognyte ၏ပို့ကုန်ပါမစ်နှင့် မြန်မာနိုင်ငံသို့ ဈေးကွက်တင်ပို့ခွင့် လိုင်စင်များကိုဖျက်သိမ်းပေးရန် တောင်းဆိုခဲ့ကြသည်။

“ဥပဒေနှင့်အညီကြားဖြတ်နားထောင်ခြင်း ဟူသောစကားရပ်သည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို အစ္စရေးတို့က နောက်ထပ်တစ်ကြိမ် ထပ်မံအားပေးကူညီနေမှုကို ဖုန်းကွယ်လိုသည့် ဟန်ပြစကားလုံးသာဖြစ်သည်” ဟု စာထဲတွင် Mack ကရေးသားသည်။

“မြန်မာနိုင်ငံတွင် ဥပဒေနှင့်အညီ ကြားဖြတ်နားထောင်မှုကို ကြီးကြပ်ရန် ဥပဒေအခြေခံ အဆောက်အအုံ သို့မဟုတ် လုပ်ထုံးလုပ်နည်းများ မည်သည့်အခါကမျှမရှိခဲ့ပါ။ မြန်မာနိုင်ငံ၏ ဆိုးဝါးနေသည့် အခြေအနေအရပ်ရပ်ကို Cognyte က တင်ဒါမရမီ အချိန်ကသော်လည်းကောင်း၊ တင်ဒါအောင်ပြီးအချိန်၌ သော်လည်းကောင်း သိရှိနားလည်ထားခဲ့ပြီးဖြစ်သည်။

Cognyte နှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိများအနေဖြင့် မြန်မာနိုင်ငံ၏ ဆိုးဝါးနေသော အခြေအနေများကို မသိရှိခဲ့ပါဟု ငြင်းဆန်ပြောဆို၍ မရပါ။ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများအား အကူအညီပေးအပ်နေခြင်းဖြစ်ကြောင်း ၎င်းတို့ သိရှိထားခဲ့သည် သို့မဟုတ် သိရှိထားပြီး ဖြစ်နေသင့်သည်” ဟု ဆက်လက်ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်-အစ္စရေး ကုမ္ပဏီဖြစ်သော Verint သည် ၎င်း၏ ထောက်လှမ်းရေး ဆိုင်ဘာစနစ်ဌာနကို သီးခြားကုမ္ပဏီတစ်ခုအဖြစ် ခွဲထုတ်ကာ Cognyte အမည်ဖြင့် Nasdaq စတော့ဈေးကွက်တွင် အရောင်းအဝယ်ပြုလုပ်စေခဲ့သည်။ ယနေ့အချိန်တွင် Verint သည် ကွန်ပျူတာအသိဉာဏ်တု (AI) နှင့် ဒေတာဆန်းစစ်မှု နည်းပညာကဏ္ဍများကို အလေးပေး ဆောင်ရွက်လျက်ရှိသော်လည်း အတိတ်ကာလကမူ၎င်းသည် အဇာဘိုင်ဂျန်၊ အင်ဒိုနီးရှား၊ တောင်ဆူဒန်၊ ဥဇဘက်ကစ္စတန်နှင့် ကာဇက်စတန်ကဲ့သို့ ဖိနှိပ်သော အစိုးရများထံသို့ အဆင့်မြင့်စောင့်ကြည့်ရေး နည်းပညာများ ရောင်းချခဲ့ဖူးသည်။

Herzliyaမြို့ရှိ Cognyte ၏ လုပ်ငန်းလိပ်စာမှာ Verint ကုမ္ပဏီ၏ လိပ်စာနှင့်အတူတူပင်ဖြစ်ပြီး တစ်ချိန်က Verint ရောင်းချခဲ့သော ဆိုင်ဘာထောက်လှမ်းရေး ဝန်ဆောင်မှုများကိုပင် ဆက်လက်ပေးအပ်လျက် ရှိသည်။

ယခုအပတ် Haaretz သတင်းစာ၌လည်း ဆိုက်ပရပ်ရှိ Cognyte ၏ လက်ခွဲကုမ္ပဏီတစ်ခုဖြစ်သော U-TX Technologies က လူ့အခွင့်အရေး မှတ်တမ်းဆိုးများ ရှိနေသည့်ကြားမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စောင့်ကြည့်ရေး စက်ပစ္စည်းမျာ းရောင်းချခဲ့ကြောင်း သတင်းဖော်ပြထားသည်။ ဒေါ်လာ ၂သန်းတန် “ဝဘ် ထောက်လှမ်းရေးစနစ်” နှင့် ဒေါ်လာ ၅ သိန်းတန် စစ်ထောက်လှမ်းရေးအတွက် ဆဲလ်ဖုန်းခြေရာခံ စနစ်များကို အင်တာနက်နှင့် လူမှုကွန်ရက်အသုံးပြုမှုများကို ခြေရာခံရန် တာဝန်ရှိသည့် ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးဌာန၏ အမျိုးသားဆက်သွယ်ရေး စောင့်ကြည့်မှု ဗဟိုဌာနသို့ ၎င်းကုမ္ပဏီက ပေးသွင်းခဲ့ခြင်းဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်လျက် မြန်မာစစ်ကောင်စီနှင့် ပြုလုပ်ခဲ့သော လက်နက်အရောင်းအဝယ် အများအပြားနှင့် အဆိုပါ အရောင်းအဝယ်များ၌ ပါဝင်ပတ်သက်ခဲ့သော မြန်မာကောင်စီအရာရှိများ၏ အကျင့်ပျက် ခြစားမှုများကို Justice For Myanmar အဖွဲ့က ဖော်ထုတ်ပေးခဲ့ပြီးဖြစ်သည်။

ထို့အပြင် အစ္စရေးလက်နက်တင်ပို့သူ အများအပြားကို ကိုယ်စားပြုပြီး အစ္စရေးကာကွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက်ရရှိထားကြောင်း ၎င်းတို့ကိုယ် ၎င်းတို့ကြော်ငြာထားသော ပြည်တွင်း ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်အတွက် လုံခြုံရေးစနစ်အမျိုးမျိုးအား မည်သို့ ရောင်းချခဲ့သည်ကို သက်သေထူနေသည့် တရားဝင်စာရွက်စာတမ်းများ ရရှိခဲ့ခြင်းမှာ အခြားဖော်ထုတ်နိုင်ခဲ့မှုတစ်ခု ဖြစ်သည်။

မကြာသေးမီကလည်း မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများတွင် ပါဝင်ပတ်သက်သည်ဟု သံသယရှိသော အကြီးတန်းအမှုဆောင်တစ်ဦးကို ထိုင်းနိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ အဆိုပါ ဖမ်းဆီးမှုအတွင်း မြန်မာစစ်ခေါင်းဆောင်၏ မိသားစုပိုင်ဆိုင်သော ဇိမ်ခံကွန်ဒိုအခန်းနှင့် ဘဏ်စာအုပ်များကို သိမ်းဆည်းရရှိထားသည် ဆိုသည့် သတင်းများလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လျက်ရှိသည်။

Haaretz သတင်းစာပါ Oded Yaron ၏ “Myanmar Acquired Spyware From Israeli Cyber-intelligence Firm Cognyte, New Docs Reveal” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article