30 C
Yangon

အစ္စရေး ထောက်လှမ်းရေး နည်းပညာကုမ္ပဏီ Cognyte က စစ်အုပ်စုကို ထောက်လှမ်းရေး နည်းပညာ ဆက်စပ်ပစ္စည်းများ ကူညီပံ့ပိုးနေ

Must read

အစ္စရေး ထောက်လှမ်းရေး နည်းပညာကုမ္ပဏီ Cognyte က စစ်အုပ်စုကို ထောက်လှမ်းရေး နည်းပညာ ဆက်စပ်ပစ္စည်းများ ကူညီပံ့ပိုးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

အစ္စရေးနိုင်ငံရဲ့ ထောက်လှမ်းရေး နည်းပညာ ဝန်ဆောင်မှု ကော်ပိုရေးရှင်း Cognyte Software Limited ဟာ မြန်မာ့စစ်အာဏာရှင်တွေ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်ဖို့အတွက် နည်းပညာနဲ့ ဆက်စပ်ပစ္စည်းတွေ ကူညီနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ကြောင်း Justice For Myanmar က ထုတ်ဖော်လိုက်ပါတယ်။

အစ္စရေးရဲ့ NASDAQ စတော့ အိတ်ချိန်း စာရင်းဝင် ကုမ္ပဏီဟာ မြန်မာနိုင်ငံကို တရားဝင် ကြားဖြတ် ဖမ်းယူရေးကိရိယာတွေ တင်သွင်းရောင်းချဖို့အတွက် နိုင်ငံပိုင် မိုဘိုင်းဖုန်းအော်ပရေတာ ဖြစ်တဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) ကခေါ်တဲ့ တင်ဒါကို ၂၀၂၀ ခုနှစ်က အောင်မြင်ခဲ့ပါတယ်။

Justice For Myanmar ဆီကို လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက်စာတမ်းတွေမှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ပုံသေအချက်အလက် တရားဝင် ကြားဖြတ်ဖမ်းယူရေး နည်းပညာ ဂိတ်တစ်ခု ဝယ်ယူဖို့ အမှာစာတစ်စောင်ကို Cognyte ကုမ္ပဏီက ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလက ထုတ်ပေးခဲ့တာ တွေ့ရပါတယ်။

ဒီအရေးနဲ့ ပတ်သတ်ပြီး အစ္စရေးနိုင်ငံရဲ့ လွှတ်တော်ဥက္ကဌဟောင်း Avrum Burg အပါအဝင် လူပုဂ္ဂိုလ် ၆၀ ကျော်တို့ကို ကိုယ်စားပြုပြီး အစ္စရေးတရားလွှတ်တော်ရှေ့နေ Eitay Mack ကတော့ မြန်မာနိုင်ငံကို တရားဝင်ကြားဖြတ် ဖမ်းယူရေးစနစ်တွေ တင်သွင်းဖို့ Cognyte ကုမ္ပဏီကို ထုတ်ပေးထားတဲ့ ဈေးကွက်ရှာဖွေရေးနဲ့ ပို့ကုန်လိုင်စင်ကို ပြန်လည်ရုပ်သိမ်းပေးဖို့ အစ္စရေးအစိုးရကို ဥပဒေအကြောင်းအရ တိုင်ကြားတောင်းဆိုမှုတွေ ပြုလုပ်ထားပါတယ်။

စစ်တပ်ရဲ့ တရားမ၀င် အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း စစ်အုပ်စုက တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေရဲ့ ဆက်သွယ်မှုတွေကို စောင့်ကြည့်ဖို့နဲ့ တည်နေရာကို ခြေရာခံဖို့ အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းတဲ့ လုပ်ငန်းကို တိုးချဲ့လုပ်ကိုင်လာပြီး၊ ဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အထောက်အပံ့ ဖြစ်စေခဲ့တာပါ။

Cognyte ကုမ္ပဏီဟာ အရင်က Verint Systems အမည်နဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နာမည်ဆိုးရှိတဲ့ အစိုးရတွေ ကို လက်နက်တွေ ရောင်းချခဲ့ပါသေးတယ်။

ဥပမာအားဖြင့် တောင်ဆူဒန်နိုင်ငံကို တရားဝင်ကြားဖြတ် ဖမ်းယူရေးကိရိယာတွေ ရောင်းချတဲ့ သမိုင်းကြောင်းတွေ ရှိထားပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာ Cognye ကုမ္ပဏီကို Facebook ကသူ့ရဲ့ သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ မညီလို့ ပိတ်ပင်ခဲ့ပါသေးတယ်။

ကုမ္ပဏီနဲ့ ဆက်နွယ်တဲ့ အကောင့် ၁၀၀ ကို ဖယ်ရှားခဲ့သလို Cognyte ကုမ္ပဏီဟာ အင်ဒိုနီးရှား၊ အစ္စရေး၊ ကင်ညာ၊ မက္ကဆီကို၊ ထိုင်းနဲ့ တခြားနိုင်ငံတွေက သတင်းထောက်တွေ နိုင်ငံရေးသမားတွေ စတဲ့ ပုဂ္ဂိုလ်တွေအပေါ် ပစ်မှတ်ထားခဲ့တာကို တွေ့ရှိလို့ Facebook က အရေးယူခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နော်ဝေအစိုးရ ပင်စင်ရံပုံငွေရဲ့ ကျင့်ဝတ်ကောင်စီက Cognyte ကုမ္ပဏီရဲ့ ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေဟာ စံနှုန်းတွေကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့ပြီး ကုမ္ပဏီ အနေနဲ့ လုံလောက်တဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့လက Cognyte ကုမ္ပဏီကို နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေ Global ကနေ ဖယ်ရှားခဲ့တယ်လို့ ဆိုပါတယ်။

စစ်ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ မြန်မာစစ်တပ်ကို အထောက်အပံ့ပေးနေတဲ့ Cognyte ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ သတင်းအချက်အလက် နည်းပညာ လုပ်ငန်းတစ်ခု ဖြစ်တဲ့ ခိုင်သစ္စာကုမ္ပဏီလီမိတက်နဲ့ ပူပေါင်းလုပ်ကိုင်နေပါတယ်။ ။

ခိုင်သစ္စာကုမ္ပဏီဟာ ရုရှားထုတ် ကြားဖြတ်ထောက်လှမ်းရေးစနစ် ရောင်းချတဲ့ NEOS ကုမ္ပဏီနဲ့ အတူ Cogynte ကုမ္ပဏီကို သူတို့ရဲ့ ရောင်းချသူနဲ့ မိတ်ဖက်ကုမ္ပဏီအဖြစ် လက်တွဲလက်ကိုင်နေတာပါ။

Justice For Myanmar ရဲ့ သတင်းရင်းမြစ်တစ်ခုအရ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ Cognyte ကုမ္ပဏီက ခိုင်သစ္စာကုမ္ပဏီဆီကို ဝန်ဆောင်မှုတွေအတွက် ငွေတစ်ကြိမ် ပေးချေခဲ့ပါတယ်။ မည်သည့် ပစ္စည်းကိရိယာ ဝယ်ယူမှုအတွက်တော့ အတိအကျ သိရှိခဲ့ရခြင်း မရှိပါဘူး။

ခိုင်သစ္စာကုမ္ပဏီကို ဒါရိုက်တာ ဦးကျော်သာဆိုသူက ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ မြန်မာစစ်တပ်အတွက် စစ်လက်နက်နဲ့ လေယာဉ်အစိတ်အပိုင်းတွေ တင်သွင်းပေးထားတဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီ Bamar Pte Ltd ကို ပိုင်ဆိုင်သူ ဖြစ်ပါတယ်။

ရောင်းချခဲ့တဲ့ ပစ္စည်းတွေထဲမှာ Mi-17 ရဟတ်ယာဉ်တွေအတွက် အပိုပစ္စည်းတွေနဲ့ ၃၇ မီလီမီတာ ပြောင်းနှစ်ခုပါ AA သေနတ်တွေ ပါဝင်ပြီး၊ အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်လက်နက် ပစ္စည်းတွေကို မြန်မာစစ်တပ်ကိုယ်စား ကြားခံ ဝယ်ယူပေးခဲ့ခြင်းပဲဖြစ်ပါတယ်။

Bamar Pte Ltd ဟာ မြန်မာစစ်တပ်ကို လက်နက်တင်သွင်းမှုတွေမှာ သူတို့ ပါ၀င်ပတ်သက်တဲ့ အကြောင်း Justice For Myanmar က ဖော်ထုတ်ပြီးနောက် ရက်ပိုင်းအတွင်းမှာ စင်ကာပူနိုင်ငံမှာ ကုမ္ပဏီဖျက်သိမ်းဖို့ လျှောက်ထားခဲ့ပါတယ်။

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်ထားဆဲဖြစ်ပြီး ခိုင်သစ္စာ ကုမ္ပဏီလီမိတက်နဲ့ ဆက်စပ်ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာက အမြန်ဆုံး အရေးယူပိတ်ဆို့ဖို့ အရေးတကြီး လိုအပ်နေပြီ ဖြစ်ပါတယ်။

စစ်အုပ်စုဟာ ပုဂ္ဂလိက အီလက်ထရောနစ်ဆက်သွယ်မှုတွေကို အရင်ထဲက အွန်လိုင်းကနေ စောင့်ကြည့် ထောက်လှမ်းမှုတွေပြုလုပ်ခဲ့ပြီး အထူးသဖြင့် ဒီမိုကရေစီထောက်ခံသူတွေကို အချိန်နဲ့ တစ်ပြေးညီ စောင်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ အာဏာသိမ်းမှု မတိုင်ခင်ထဲက ထောက်လှမ်းရေး နည်းပညာများကို လျှို့ဝှက်ဝယ်ယူမှုတွေလည်း ရှိနေခဲ့တာ ဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ စစ်အုပ်စုရဲ့ ဒစ်ဂျစ်တယ် အာဏာရှင်စနစ် စီမံကန်းမှာ ပါဝင် ပက်သတ် နေသူတွေကတော့ MPT နဲ့ လက်ရှိမှာ ပူးပေါင်း လုပ်ကိုင်နေတဲ့ ဂျပန် စီးပွားရေးလုပ်ငန်းစု နှစ်ခုဖြစ်တဲ့ KDDI နဲ့ Sumitomo Corporation တို့ပဲ ဖြစ်ပါတယ်။

KDDI နဲ့ Sumitomo Corporation တို့ရဲ့ KDDI Summit Global Myanmar ဟာ လက်ရှိမှာ ဖက်စပ်လုပ်နေတဲ့ MPT နဲ့အတူ တရားဝင် ကြားဖြတ်ထောက်လှမ်းတဲ့ နည်းပညာကို တပ်ဆင်ဖို့ လုပ်ဆောင်ဖို့ရှိနေတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလမှာ KDDI နဲ့ Sumitomo Corporation တို့ကတော့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးဆိုင်ရာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ မပါဝင်ဘူးလို့ တရားဝင် ငြင်းဆိုထားပါသေးတယ်။

KDDI နဲ့ Sumitomo Corporation တို့က တရားဝင်ကြားဖြတ် ထောက်လှမ်းခြင်းနဲ့ ပတ်သက်ပြီး “အလွန်စိုးရိမ်ပူပန်ကြောင်း” ဖော်ပြခဲ့ပြီး၊ မိမိ တို့အနေနဲ့ “မြန်မာနိုင်ငံဆက်သွယ်ရေး ဥပဒတွေအရ ကြားဖြတ်ဖမ်းယူဖို့ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တွေရဲ့ တိုက်ရိုက်ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိပါ။ ကုမ္ပဏီအနေနဲ့ အာဏာပိုင် တွေက ထုတ်ပြန်တဲ့ ညွှန်ကြားချက်တွေ သို့မဟုတ် အခြားအချက်အလက်တွေရဲ့ အသေးစိတ် အချက်အလက်တွေကို အသိအမှတ်မပြုပါ“ လို့ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်အထိ ဂျပန်လုပ်ငန်းစု နှစ်ခုဟာ စစ်ကောင်စီ အလိုကျ ဒစ်ဂျစ်တယ် အာဏာရှင်အလိုကျ စီမံကိန်းတွေမှာ ပါဝင်နေဆဲ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ နယ်သာလန်အခြေစိုက် ASN ဘဏ် ကစစ်အုပ်စုနဲ့ ပူးပေါင်းနေတဲ့ KDDI ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေထဲကနေ စောစီးစွာ နှုတ်ထွက်သွားခဲ့ပါတယ်။ တချိန်တည်းမှာ ဒိန်းမတ်ပင်စင်ရန်ပုံငွေ P+ က KDDI ကို စစ်အုပ်စုနဲ့ အကျိုးတူပူးပေါင်းမှုတွေကိုလေ့လာစောင့်ကြည့် ဖို့ သတ်မှတ်ခဲ့ပါတယ်။

တရားဝင် ကြားဖြတ်ထောက်လှမ်းတဲ့ နည်းပညာကို တပ်ဆင် အသက်သွင်းဖို့ လုပ်နေမှုဟာ ကုလသမဂ္ဂ လမ်းညွှန် အခြေခံမူတွေနဲ့ OECD လမ်းညွှန်ချက်တွေမှာ ပြဌာန်းထားတဲ့ တာဝန်ဝတ္တရားတွေကို ဖြည့်ဆည်းဖို့ ဆိုးရွားတဲ့ ပျက်ကွက်မှုတစ်ခုပဲ ဖြစ်ပါတယ်။

KDDI, Sumitomo Corporation တို့အနေနဲ့ စစ်အုပ်စုရဲ့ စောင့်ကြည့်ထောက်လှမ်းရေးနဲ့ စီးပွားရေးအကျိုးစီးပွားတွေကို ပံ့ပိုးကူညီနေတာတွေ မရပ်တန့်ရင် ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ရုပ်သိမ်းဖို့ Justice For Myanmar က တောင်းဆိုထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article