တန့်ဆည်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၃
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဆင်ငယ်ရွာရှိ ပျူစောထီး စခန်းကို PDF တပ်ဖွဲ့များ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးခဲ့ကြောင်း တန့်ဆည် ပကဖ အဖွဲ့ထံမှ သိရသည်။
ဇန်နဝါရီလ ၃ ရက်နေ့ နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်တွင် တန့်ဆည်မြို့နယ်၌ အကြမ်းဖက် စစ်တပ်က လက်နက် တပ်ဆင်ထားသော ဆင်ငယ်ကျေးရွာရှိ ပျူစခန်းကို ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ၃၀ ဦးခန့်သေဆုံးကာ PDF ရဲဘော် ၁ ဦးကျဆုံးခဲ့ကြောင်း သိရသည်။
ဆင်ငယ်ရွာ၊ ပျူစောထီးစခန်းမှ ကာဘိုင် ၂ လက်၊ MA-1 ၂ လက်၊ ၉ ဗို့ ခါးချိုး ၄ လက်၊ လက်လုပ် ခါးချိုး ၂ လက်နှင့် ကျည် ၂၀၀ ကျော် သိမ်းဆည်း ရရှိခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားပြီးနောက် ဆင်ငယ်ရွာအနီးရှိ အင်္ကုက္ကားကျေးရွာမှ ပျူစောထီး အဖွဲ့များလည်း ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရသည်။
” ပျူစောထီးစခန်းကို သိမ်းနိုင်ခဲ့ပြီး ပျူစောထီးနဲ့ စစ်ခွေး ၃၀ လောက်သေပါတယ်။ အဲဒီ ပျူစောထီးစခန်းက စစ်ခွေးတွေ လက်နက် တပ်ဆင် ပေးထားတဲ့ စခန်း လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်” ဟု တန့်ဆည် ပကဖ အဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ပွဲမှုကို ရွှေဘိုခရိုင် တပ်ရင်း (၆)၊ (၉)၊ (၁၂) နှင့် တန့်ဆည် ပကဖ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲအတွင်းကျဆုံးခဲ့သည်။
