ကနီတွင် စစ်တပ် စက်လှေကို PDF တပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံး၊ ကန့်ဘလူတွင် တပ်စွဲထားသော စစ်တပ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ကင်းထောက် စက်လှေ ၁ စီးကို PDF တပ်ဖွဲ့များက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း KLG PDF တပ်ဖွဲ့က တာဝန်ရှိ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ကနီမြို့နယ် မုဋ္ဌောကျေးရွာ အနီးတွင် သောင်တင်နေသော အကြမ်းဖက် စစ်တပ် ထောက်ပို့ သင်္ဘောများထဲမှ စစ်သား ၇ ဦးပါ ကင်းထောက် စက်လှေဖြင့် ပန်းဆိုင်းကျေးရွာအနီး ရောက်ရှိလားစဥ် PDF တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးကာ ၁ ဦးထွက်ပြေးလွတ်မြောက်သွားပြီး စက်လှေကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
” လက်နက်မရလိုက်ဘူး၊ စစ်ခွေးတွေက သေနတ်တွေကို ရေထဲလွှင့်ပစ်ပြီး ထွက်ပြေးသွားတာ စစ်ခွေး ၆ ကောင်သေတယ်။ ၁ ကောင်လွတ်သွားတယ်။ သိမ်းပိုက်ရရှိတဲ့ စက်လှေကတော့ ရေထဲ မြှုပ်လိုက်တယ်” ဟု KLG PDF တပ်ဖွဲ့က တာဝန်ရှိ တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို KLG PDF (ကျောက်လုံးကြီး) အဖွဲ့မှ ဦးဆောင်ပြီး ဆရာစံအဖွဲ့နှင့် အတူ DRPA အဖွဲ့တို့က ပူးပေါင်း ပါဝင်ခဲ့ပြီး အကြမ်းဖက် စစ်တပ် တပ်သားများထံမှ အသုံးအဆောင် ပစ္စည်းများနှင့် ဝတ်စုံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယောကျေးရွာတွင် တပ်စွဲထားသော စစ်တပ်ကို PDF တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ယောကျေးရွာ၌ ဝင်ရောက် တပ်စွဲထားသော စစ်သားနှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် ဒရုန်း ဗုံးသီး ၂ လုံးပါ ပစ်ချ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
” ရွာသူရွာသားတွေကို စစ်ခွေးတွေိနဲ့ ပျူတွေက ပျူစောထီး သင်တန်း တက်ရမယ်ဆိုပြီး ယောရွာမှာ တပ်စွဲပြီးကို ခြိမ်းခြောက်စေခိုင်းနေတာ ပြည်သူတွေဆီက အဓမ္မ ငွေကြေးကောက်ခံတာတွေလုပ်နေလို့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဝင်တိုက်တာ စစ်ခွေး ၃ ကောင်နေရာမှာပဲ သေတယ်။ စစ်ခွေးတွေဘက်က စစ်ကူ ရောက်လာလို့ ကာကွယ်ရေး တပ်ဖွဲ့တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” ဟု ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Kanbalu Underground Warriors ၊ MPF U.18 ၊ လင်းယုန်နီ ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူ တောင်ခြမ်း Local အဖွဲ့များ ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။