ကယားစစ်ဘေးရှောင်စခန်းရှိ ကျန်းမာရေးမကောင်း၊ ထိခိုက်ဒဏ်ရာရ ရဲဘော်များနှင့် တော်လှန်ရေးရဲဘော်များကို ကျေးလက်မြေအဖွဲ့ မှ ဆေးဝါးနှင့် အာဟာရများလှူဒါန်း
ရန်ကုန် ၊ ဇန်နဝါရီ ၆
ကယားစစ်ဘေးရှောင် စခန်းတစ်ခုအတွင်းရှိ ကျန်းမာရေးမကောင်းသူ၊ ပြည်သူ့အတွက် တိုက်ပွဲဝင်ရင်း ခြေလက်အင်္ဂါပေးဆပ်ထားရသူ ရဲဘော်အချို့နှင့် တော်လှန်ရေးရဲဘော်များအတွက် ကျေးလက်မြေအဖွဲ့နှင့် အမည်မဖော်လိုသူ အလှူရှင်များ ပူးပေါင်း၍ ဆေးဝါးကုသစရိတ်၊လိုအပ်သည့်နေရာတွင် သုံးရန်အသုံးစရိတ်နှင့် စားနပ်ရိက္ခာအတွက် အမဲသား၊ဝက်သား၊ငါး၊ကြက်ဥ၊ ခရမ်းချဉ်သီး၊ငြုပ်သီးစိမ်း၊ဂေါ်ဖီထုပ်၊ပန်းမုန်လာ၊ပဲသီး အစရှိသည်များ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
ကျေးလက်မြေအဖွဲ့သည် ခရစ်စမတ်ကာလတွင်လည်း စစ်ရှောင်မိဘပြည်သူ ညီအစ်ကိုမောင်နှမများကို အားပေးစကားများပြောပြီး ခရစ်စမတ်လက်ဆောင်များပေးခဲ့သလို သောက်သုံးရေ၊ဆန်၊ဆီ၊ဆားများ လှူဒါန်းခဲ့ကြောင်းနှင့် ကလေးငယ် ၂၂ ဦးကို ကျောင်းထားပေးခဲ့ကြောင်း၊ စစ်ရှောင်စခန်းတစ်ခုတွင်လည်း ကလေးငယ်များ ပညာတတ်မြောက်စေရန် ဆရာမနှစ်ဦးနှင့် စာသင်ပေးလျက်ရှိကြောင်း သိရှိရသည်။















