ဟုမ္မလင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၈ ဦးသေဆုံး၊ ဘုတလင်တွင် ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း – ဟုမ္မလင်း ထံမှ သိရသည်။
ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်တွင် ဟုမ္မလင်းမြို့နယ်၊ နတ်နန်းကျေးရွာ နတ်နန်းဈေးတန်းကို လုယက် ဖောက်ထွင်းခဲ့သော အကြမ်းဖက် စစ်တပ်နှင့် SNA ပူးပေါင်းတပ်များကို ခန္တီးခရိုင် အမှတ် (၁) တပ်ရင်း – ဟုမ္မလင်းနှင့် မဟာမိတ် တပ်ဖွဲ့များတို့က ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက် စစ်တပ်ဘက်မှ ၈ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီး များကို လက်နက်ကြီး အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကျွန်မခံ မြွေဆိုးတသိုက် PDF တပ်ရင်းမှူးဖိုက်တာပေါကြီးမှ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇန်နဝါရီလ ၅ ရက် ညနေ ၅ နာရီကျော်ခန့်က အင်အား ၃၀ ကျော်ဖြင့် လွန်ခဲ့သော ၇ လခန့် ကတည်းက တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို လက်လုပ်လက်နက်ကြီး ၉၀ မမ အလုံး ၃၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ချိန် နာရီဝက်ကျော် ကြာမြင့်ခဲ့ ကြောင်း သိရသည်။
“ရွာသားတွေက သူတို့တပ်စွဲထားကတည်း ထွက်ပြေးနေကြရတာ၊ သေနတ် အစစ်မပါလို့တာ နောက် ဆုတ်ခဲ့ရတာ၊ အစစ်များပါရင် တက်သိမ်းလို့ရတယ်။ ရွာသူ၊ရွာသားတွေက တစ်ယောက်မှ မရှိတော့ ခွေး သေဆုံးထိခိုက်တာ သတင်းမရဘူး။ ကို့ဘက်ကပစ်တော့သူတို့ဘက်ကလည်း ၆၀ မမတွေနဲ့ပြန်ပစ် တယ်” ဟု ဖိုက်တာကိုပေါကြီးက ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို စစ်ကျွန်မခံမြွေဆိုးတသိုက်- PDF တပ်ဖွဲ့နှင့်နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
