ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြာတကန်ရွာကို စစ်တပ်က ဝင်ရောက် မီးရှို့ဖျက်ဆီးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို သတ်ဖြတ်
ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းနှင့် ကြာတကန်ရွာကို စစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးပြီး စစ်ဘေးရှောင် ပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၆ ရက်နေ့၊ နေ့လယ်ပိုင်းအချိန် စစ်ကောင်စီလက်အောက်ခံ ခြေမြန် တပ်ရင်း ခမရ-၃၆၈ နှင့် လက်ပါးစေ ပျူစောထီးစုပေါင်းအင်အား ၁၅၀ ခန့် သည် စစ်ကြောင်း နှစ်ကြောင်းခွဲကာ လက်နက်ကြီးများဖြင့် ကျေးရွာ ၂ ခု အတွင်း သို့ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ဇန်နဝါရီ ၆ ရက်နေ့နှင့် ၇ ရက်နေ့များတွင် ရွာနှစ်ရွာလုံးရှိ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးကြောင်း၊ ကြာတကန် ရွာမှပြည်သူ ၂ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။
ထန်းပင်ကုန်းရွာတွင် ပြည်သူပိုင်နေအိမ် ၅၆ လုံးမီးရှို့ဖျက်ဆီးခံရပြီး ကြာတ ကန် ရွာမှာမူ စစ်ကြောင်းဝင်လာလျှင် အလွယ်တကူပြေးနိုင်စေရန် ဆောက် ထားသည့် တောထဲမှ တဲတိုက်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ကြာတကန်ရွာမှ တန်ဖိုးကြီးပစ္စည်းများကို ရှာဖွေခိုးယူပြီး ပြည်သူပိုင် စပါးတင်း ၁၀၀၀ ကျော်ကို လည်း ကားများဖြင့် ၈ ခေါက်တိတိ ခိုးယူသယ်ဆောင်သွားကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
“ ရွှေငွေတွေမျိုးတော့ တွေ့တာ အကုန်ယူတာပါဗျ။ ကြာတကန်ကတော့ ရွာ မရှို့ခံ ရပေမယ့် ပြည်သူပိုင်စပါးတွေ ကားနဲ့တိုက်ယူသွားကြတာပါ။ အခု နောက် ပိုင်း ရွာလေးတွေက ကြောက်ကြတော့ လယ်တောတဲ ဆောက် ကြတယ်ဗျ။ ရွာကို စစ်ကြောင်းဝင်ရင် ပြေးနေလို့ရအောင်ပါ။ ဆန်၊ဆီ၊ဆား တနိုင်ပိုင်လေးတွေ သယ်ယူထားကြတာပေါ့ အဲ့ဒါလေးတွေ အကုန် မီးရှို့ခံ ရတယ် လို့သိရတယ် “ ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောသည်။
မတရားသတ်ဖြတ်ခံရသည့် ပြည်သူများမှာ စစ်ဘေးရှောင် ဦးထွန်းလှ အသက် ၅၈ နှစ် နှင့် ကိုညီညီအောင် အသက် ၃၀ နှစ် တို့ ဖြစ်ကြပြီး ဦးထွန်းလှကို မီးရှို့ သတ် ဖြတ်၍ ကိုညီညီအောင်ကိုမူ လက်ပြတ်ကြိုးတုပ်ကာ သေနတ်နှင့် ဦးခေါင်း တစ်ခြမ်းပွင့်ထွက်သည်အထိ ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ သူတို့ ၂ ဦးက တောထဲတဲတိုက်တွေမှာ ပြေးလွှားပုန်းရင်း စစ်ကြောင်းနဲ့ တိုးလို့ ဖမ်းခံရပြီး သတ်ဖြတ်ခံလိုက်ရတာ” ဟု ကျွန်းလှတက်ကြွ လှုပ်ရှား သူအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကြာတကန်နှင့် ထန်းပင်ကုန်း ရွာတို့တွင် ၃ ည အိပ်၍ စစ်ကြောင်းထိုးခဲ့ပြီး ဇန်နဝါရီ ၈ရက်နေ့နံနက်တွင်မူ ချပ်သင်းနယ်ဘက်သို့ ဦးတည်ထွက်ခွာသွားကြောင်း သိရှိရသည်။



