မြောင်တွင် ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံးကြောင်း CDSOM အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၅၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းခြံမြို့နယ်၊ ဆင်ချောင်းကျေးရွာမှ ဧရာဝတီ မြစ်ကို ဖြတ်ကူးကာ မြစ်အနောက်ဘက်ရှိ မြောင်မြို့နယ်၊ ပန်းညိုရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဥ် ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ထိတွေ့တိုက်ပွဲသည် ၂၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ဗိုလ် ၁ ဦးအပါအဝင်ဟတပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း၊ ထိခိုက် ဒဏ်ရာ ရရှိသူ ၁၅ ဦးရှိပြီး ညောင်တိုရွာတွင် တပ်စွဲနေသော စစ်ဗိုလ် ၁ ဦးသည် ဗိုက်တွင် ထိခိုက် ဒဏ်ရာရရှိပြီး သေဆုံးနိုင်ချေများကြောင်း သိရသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင်လည်း ပန်းညိုရွာမှ မြစ်အရှေ့ဘက် ဆင်ချောင်းကျေးရွာသို့ ပြည်သူများပိုင် ပစ္စည်းများကို သယ်ဆောင်နေသော အကြမ်းဖက် စစ်သားများနှင့် ပျူစောထီများကို ဒေသခံ ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်မှ စစ်သားများနှင့် ပျူစောထီးများသည် ပန်းညိုကျေးရွာမှ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက် ၉၀ ကျော် အရွယ် အဘွားအိုတစ်ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
“စစ်ဗိုလ် ၁ ဦးအပါအဝင် စစ်ခွေး ၂၀ သေတာက ၇ ရက်နေ့ တိုက်ပွဲပါ။ ၈ ရက်နေ့ တိုက်ပွဲဖြစ်စဥ်ကတော့ စစ်ခွေး သေစာရင်း မသိရသေးဘူး။ စစ်ခွေးတွေက ပန်းညိုရွာကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ အသက် ၉၀ အရွယ် အဖွားအို တစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မြင်းခြံခရိုင် တပ်ရင်း ၂ (MGN Ranger, PDF Taloke, MGN Tiger, MGN 21)၊ မြင်းခြံခရိုင် တပ်ရင်း ၁၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM၊ CDSOM တောင်ပိုင်း ဗိုလ်ကျားသစ်အဖွဲ့၊ Myinmu Civil Revolution Force – CRF Myinmu၊ Justice Revolution Force၊ MGN Tiger 2၊ People Defense Force Mandalay (မန္တလေးခရိုင် တပ်ရင်း ၃)၊ Black Wolf PDF၊ Liberation Army of Central Region၊ Shwe Ao Revolution Force၊ Aung Myay Defense Force၊ MS9 Brothers (P.K.F)၊ 11 Brother Revolution Force၊ နောင်ရိုးပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀ ၊ တပ်ခွဲ ၁ ၊ Phoenix ပြောက်ကျားတပ်ဖွဲ့၊ ရဲဘော်ညီနောင်၊ ဘူးသီးညီနောင် ပြောက်ကျားတပ်ဖွဲ့၊ အလယ်ပိုင်းဒေသ ပြောက်ကျားတပ်၊ ဒေါင်းညီနောင်၊ Wolf Brothers၊ စည်တော်ကြီး ပြောက်ကျားတပ်နှင့် Bagan Nyaung Oo PDF စသည့် မဟာမိတ်တပ်ဖွဲ့များက ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
