သီလဝါဆိပ်ကမ်းတွင် ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ဆိုက်ကပ်ပြီး မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများနှင့်စစ်ဘက်သုံးယာဉ်များ ချသွား
ရန်ကုန်၊ ဇန်နဝါရီ ၁၃
ရုရှားနိုင်ငံမှ ထွက်ခွာလာသော ရုရှားအလံတင် ကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK သည် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်းတွင် စစ်လက်နက် ပစ္စည်းများ၊ စစ်ဘက်သုံး ယာဉ်များ ချထားပေးသွားကြောင်း မြန်မာ့ဆိပ်ကမ်းသတင်းရင်းမြစ်များက ပြောသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့ ၊ ညနေ ၆ နာရီ ၃၀ အချိန်တွင် ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ဆိုက်ကပ်လာပြီး စစ်လက်နက်ပစ္စည်းများ၊ စစ်ကားများ ချထားပေးကြောင်း၊ အဆိုပါ ရုရှားကုန်တင်သင်္ဘောသည် ရုရှားနိုင်ငံ VLADIVOSTOK ဆိပ်ကမ်းမှ ဒီဇင်ဘာလ ၃၀ ရက်နေ့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီလ ၁၂ ရက်နေ့ညနေပိုင်းတွင် ရန်ကုန်၊ သီလဝါဆိပ်ကမ်း ရောက်ရှိခဲ့ကြောင်း၊ စစ်လက်နက်ပစ္စည်းများ၊ စစ်ကားများကို ချထားပေးခဲ့ပြီး စစ်တပ်က လုံခြုံရေး အစောင့်အရှောက် အပြည့်အစုံဖြင့် စစ်လက်နက်ပစ္စည်းများကို သယ်ထုတ်သွားကြောင်း သိရှိရသည်။
“ရုရှားကုန်တင်သင်္ဘောက မနေ့ညနေက ရောက်ပြီး ညပိုင်း ပစ္စည်းချပြီး ချက် ချင်း ပြန်ထွက်သွားတယ်။ စစ်ကားတွေနဲ့ စစ်လက်နက် သေတ္တာပုံး တွေ ချသွားပါတယ်” ဟု မြန်မာ့ဆိပ်ကမ်းသတင်းရင်းမြစ်က ပြောသည်။
ရုရှားကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK သည် ရန်ကုန်၊ သီလဝါ ဆိပ်ကမ်းမှ မလေးရှားနိုင်ငံ ၊ Klang ဆိပ်ကမ်းသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရုရှားအလံတင် ကုန်တင်သင်္ဘော CRYSTAL VLADIVOSTOK ။ (ပုံအဟောင်းဖြစ်သည်။)
