ကန့်ဘလူမြို့နယ်၊ အင်းမရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့ပြန်
ရန်ကုန်၊ ဇန်နဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊အင်းမရွာကို ဒီနေ့ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ် အချိန်မှစတင်ပြီး စစ်ကောင်စီတပ်က မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်က ကျွန်းလှမြို့နယ် လယ်လှရွာနဲ့ကံပေါက်ရွာဘက်ကနေ အင်အားထပ်ဖြည့်ထားတဲ့ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးစုပေါင်းအင်အား ၁၅၀ ခန့်ဟာ စစ်ကြောင်းထိုးလာပြီး အင်းမ ကျေး ရွာကို ဒုတိယအကြိမ် မီးဝင်ရှို့နေတာဖြစ်ပါတယ်။
“သူတို့လာပြီဆိုတာနဲ့ ရွာသားတွေကတော့ ရွာထဲကနေ အကုန်ထွက်ပြေးကြရတယ်။ အခုလည်း ရွာ ထဲကိုဝင်ပြီး မီးရှို့နေတယ်။ဘာကြောင့် ရွာကိုမီးရှို့နေတာလဲ မသိဘူး ။ အခုမှ ရွာကိုမီးရှို့နေတုန်းပဲ။ ရွာထဲကနေ မီးခိုးတွေတက်လာတာ အဝေးကနေမြင်နေရတယ်။ အိမ်ဘယ်နှစ်လုံး လောက်ကုန်အောင် ရှို့မယ်မှန်းမသိရသေးဘူး” လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ခံရတဲ့အင်းမရွာဟာ ပထမအကြိမ်မှာလည်း ရွာရဲ့ တစ်ဝက်လောက် မီးရှို့ခံလိုက်ရပြီး အခု ဒုတိယအကြိမ်မှာလည်း အိမ်ခြေအတော်များများကို စစ်တပ်ရဲ့ မီးရှို့ခြင်း ခံနေရ တာဖြစ်ပါတယ်။
