ရန်ကုန်နှင့်မန္တလေးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့် လ၀ကရုံး အနီးတွင် ဗုံးတွေ့ရှိမှု နှင့် ဗုံးပေါက်ကွဲမှုများဖြစ်ပွား
ရန်ကုန်၊ ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်း၊ သာကေတမြို့နယ်ရှိ ထူပါရုံရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးတွင် ဗုံးတစ်လုံးတွေ့ရှိသဖြင့် စစ်ကောင်စီတပ်များက လမ်းများ ပိတ်ဆို့ ဖောက်ခွဲ ကြောင်း ဒေသပြည်သူများ ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို ကြသည်။
ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီ ၁၃ မိနစ်အချိန် သာကေတမြို့နယ်၊ ၁/ထူပါရုံရပ်ကွက်၊ ထူပါရုံလမ်းနှင့် ထူပါရုံ (၁၂) လမ်း ဆုံရာ နေရာတွင် ရှိနေသော ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးအနီးတွင် ဗုံးတွေ့ရှိသည်ဟုဆိုကာ စစ်တပ်က လမ်းပိတ်ဆို့လိုက်ပြီး မွန်းတည့် ၁၂ နာရီ ဝန်းကျင်အချိန်တွင် ဖောက်ခွဲလိုက်ကြောင်း သိရှိရသည်။
“ဗုံးထောင်ထားတာ တွေ့တယ်ပြောတယ်။ လမ်းတွေပိတ်ပြီး ဖောက်ခွဲတယ်။ ပြည်သူတွေကလည်း မတွေ့ဘူး။ ဗုံးတွေ့တယ် ပြောတာလည်း သူတို့ပဲ။ ဖောက်ခွဲတာလည်း သူတို့ပဲ။ လူတွေကတော့ ကိုယ့်ဘေးကိုယ်ကြည့် ရှောင် နေရတယ်” ဟု သာကေတမြို့နယ်၊ ထူပါရုံလမ်းမှ ပြည်သူတစ်ဦးက ပြောသည်။
အလားတူ မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်ရှိ ရပ်ကွက်ရုံး၊ ပုသိမ်ကြီးမြို့ နယ်ရှိ လ၀ကရုံးတို့တွင် ယမန်နေ့ ဗုံးဖြင့် တိုက်ခိုက်မှုဖြစ်ပွားကြောင်း ဒေသ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီလ ၂၆ ရက်နေ့ နေ့လယ်ပိုင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်၊ ၇၇လမ်း နှင့် ၂၈ လမ်းအနီး၊ ဟေမာဇလ ရပ်ကွက်ရုံးတွင် ဗုံးပေါက် ကွဲ ခဲ့ပြီး ပုသိမ်ကြီးမြို့နယ် လဝကရုံးအနီးတွင်လည်း ဗုံးဖြင့် တိုက်ခိုက်မှု ဖြစ် ပွားခဲ့ ကြောင်း၊ မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့က အဆိုပါ တိုက်ခိုက်မှု ၂ ခုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး VOMDY-Front Warrior ၊ NGU:FF မြေခွေး တပ်ဖွဲ့ နှင့် Acid Army PDF MDY ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ပူးပေါင်းပြီး မြနန္ဒာ စစ်ဆင်ရေး (မန္တလေး) အဖြစ် တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ရန်ကုန်တွင် ၂၀၂၁ ခုနှစ်တွင် ကင်းလှည့်နေသည့် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။
Photo- Agency။
