ချင်းတွင်းမြစ်အတွင်း စစ်တပ် ရေယာဥ်အုပ်စုကို PDF တပ်ဖွဲ့က ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၂၇
ချင်းတွင်းမြစ်အတွင်းရှိ ကနီမြို့နယ် ကမ်းပြိုရွာအနီး အကြမ်းဖက် စစ်တပ် ရေယာဥ်အုပ်စုကို PDF တပ်ဖွဲ့က ၃ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင် ကနီမြို့နယ် ကမ်းပြိုရွာ အနီး အကြမ်းဖက် စစ်တပ် ရေယာဥ် အုပ်စုကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ကမ်းပြိုနေရာ အရောက်တွင် ကျောက်လုံးကြီး KLG PDF နှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း တိုက်ခိုက်သောကြောင့် အကြမ်းဖက် စစ်တပ် ထောက်ပို့သင်္ဘော ၆ စီးထဲမှ ၂ စီးသည် ကမ်းပြိုနေရာ အနီးဝန်းကျင်တွင် သောင်တင်ခဲ့ပြီး ကျန် ၄ စီးသည် ချင်းတွင်းမြစ် အတိုင်း စုန်သွားပီး ကျောက်မှော်ရွာအနီးရောက်တွင် သောင်တင်လျက်ရှိကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် သင်္ဘောများသည် ချင်းတွင်းမြစ်အတွင်း ဒီဇင်ဘာလ ၁၈ ရက်နေ့မှ စတင်ကာ မြစ်ကြောင်း အတိုင်း ဆန်တက်လာပြီး ကျောက်လုံးကြီး KLG PDF အဖွဲ့နှင့် မဟာမိတ် ညီနောင် တပ်များက ပူးပေါင်း တိုက်ခိုက်လျက်ရှိကာ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၁ လကျော် ကြာမြင့်နေပြီး လက်နက်ခဲယမ်းများလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။
