28 C
Yangon

ကနီနှင့် ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

Must read

ကနီနှင့် ဘုတလင်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၅ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ လှည်း ၆ စီးကို KLG PDF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးကြောင်း KLG PDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ကနီမြို့ပေါ်မှ အလယ်ကျွန်း ပျုစောထီးရွာသို့ ရိက္ခာပို့သွားသော စစ်သားနှင့် ပျူစောထီး အင်အား ၅၀ ခန့်နှင့် လှည်း ၆ စီးကို ကနီမြို့ အထွက်တွင် KLG PDF မှ မိုင်း လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ကြာချိန်က ၁ နာရီ ရှိတယ်။ တိုက်မိုင်း ၂ လုံးနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်။ စစ်ကောင်စီ တပ်သား ၅ ကောင်ထက်မနည်း သေဆုံးတယ်။ လှည်း ၂ စီး ပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်” ဟု KLG PDF အဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ဘုတလင်မြို့နယ်၊ ကူတော်ကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို PDF တပ်ဖွဲ့များက တာဝေးပစ် လက်နက်ကြီး၊ လက်လုပ် စိန်ပြောင်း ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ တို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက် သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Salingyi Border Task Force – SBTF (ပ.က.ဖ)၊ စစ်ကျွန်မခံ မြွေဆိုးတသိုက် – PDF (Yinmarbin)၊ စစ်ကျွန်မခံမြွေဆိုးတသိုက်တပ်ခွဲ၃ (Yinmarbin)၊ Eagle Defense Force-EDF (Salingyi)၊ Rainbow People Defense Force (Butalin)၊ Monywa Support Team PDF – MST PDF တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Salingyi Border Task Force – SBTF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက​ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article