30 C
Yangon

ခင်ဦးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျ

Must read

ခင်ဦးရှိ ကျေးရွာ ၆ ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာကို အကြမ်းဖက် စစ်တပ် က မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၃ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်က ခင်ဦးမြို့နယ်အတွင်းရှိ သနပ်စိန်ကျေးရွာ၊ စောကြီးကျေးရွာ၊ ကွမ်းတိုင်းကျေးရွာ၊ မင်းကံကြီးကျေးရွာ၊ လက်ပံလှကျေးရွာနှင့် လောင်းရှည်ကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀၀ ကျော်ပြာကျခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် လက်ပံလှကျေးရွာမှ ပြည်သူ ပိုင် နေအိမ် ၂၀၀ ကျော်နှင့် စပါးတင်းရေ ထောင်ချီ မီးလောင်ပြာကျခဲ့ကြောင်း၊ လောင်းရှည်ကျေးရွာမှ နေအိမ် ၂၀၀ ကျော် နှင့် စပါးတင်းရေထောင်ချီနှင့် ဆန် စက်များပါ မီးလောင်ပြာကျခဲ့​ကြောင်း၊ သနပ်စိန်ကျေးရွာမှ ယာယီတဲ ၂ လုံး မီးလောင်ပြာကျခဲ့ကြောင်း၊ စောကြီးကျေးရွာမှ နေအိမ် ၁၁လုံး မီးလောက်ကျခဲ့ကြောင်း၊ ကွမ်းတိုင်းကျေးရွာမှ နေအိမ် ၁ လုံး မီးလောင်ပြာကျခဲ့ကြောင်းနှင့် မင်းကံကြီးကျေးရွာမှ နေအိမ် ၃၃ လုံး မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် စစ်တပ်က ရေဦးမြို့နယ်မှ ခင်ဦးမြို့နယ်သို့ ရောက် ရှိလာပြီး ကျေးရွာ ၁၀ ရွာထက်မနည်းကို စစ်ကြောင်းထိုးကာ ကျေးရွာ ၆ ရွာမှ နေအိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်း စစ်ကြောင်းသည် လက်ရှိချိန်တွင် လောင်းရှည်ကျေးရွာမှ ထွက်ခွာသွားကာ ချောင်းဆုံကျေးရွာကို ထပ်မံ စီးနင်းပြီး မကျီးတုံ ပျူစောထီးရွာ သို့ ဝင်ရောက် သွားကြောင်း သိရှိရသည်။

ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အာဏာသိမ်းယူချိန်မှစ၍ ယနေ့အထိ အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှုကြောင့် ကျေးရွာပေါင်း ၆၆ ရွာမှ နေအိမ်ပေါင်း ၄၀၀၀ ကျော် မီးလောင်ပြာကျကာ ပြည်သူ ၁သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article