36 C
Yangon

ခင်ဦး၊ ယင်းမာပင်နှင့် ကနီ နယ်စပ်ရှိ ကျေးရွာ ၂၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပဲခူးတိုင်း၊ ထန်းတပင်ရှိ ရွာများစွာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံနေရ

Must read

ခင်ဦး၊ ယင်းမာပင်နှင့် ကနီ နယ်စပ်ရှိ ကျေးရွာ ၂၅ ရွာထက်မနည်းကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီး၊ ပဲခူးတိုင်း၊ ထန်းတပင်ရှိ ရွာများစွာလည်း စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုခံနေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အစပ်ရှိ ကျေးရွာ ၂၅ ရွာကျော်ကို အကြမ်းဖက် စစ်တပ်က စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၈ ရက်နေ့မှ စတင်ကာ ဖေဖော်ဝါရီလ ၈ ရက်နေ့အထိ စစ်တပ်က ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် အစပ်ရှိ ကျောက်မှော် မြောက်ရွာ ၊ရှုကျွန်းပေါ်ရွာ၊ နှောပင်ရွာ၊ ကြက်လျှာရွာ၊ ကျောက်ကုန်းရွာ၊ နတ်လာပို့ မြောက်ရွာ၊ သပြေတောရွာနှင့် အုန်းပင်ဆိပ်ရွာအပါအဝင် ကျေးရွာ ၂၅ ရွာကျော်ကို စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့​ကြောင်း သိရသည်။

” ယင်းမာပင်နဲ့ ကနီ အစပ်မှာရှိတဲ့ ကျေးရွာ ၂၅ ရွာကို စစ်ခွေးတွေက ၁ လ စစ်ကြောင်းထိုးပြီး ပြည်သူပိုင်နေအိမ် ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးတယ်။ ဇန်နဝါရီ ၈ ရက်နေ့က စတာ အခုဖေဖော်ဝါရီလ ၈ ရက်နေ့ထိ စီးနင်း မီးရှို့တာတွေ ရှိနေသေးတယ်။ ပြည်သူတွေကလည်း ရွာလုံးကျွတ် ထွက်ပြေးနေရတယ်။ အစားအသောက် အဝတ်အထည်နဲ့ ဆေးဝါးတွေလည်း လိုအပ်နေတယ်” ဟု ဒေသခံ ပြည်သူတစ်က ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် ပစ်ခတ် စီးနင်းမှု​ကြောင့် ကျေးရွာ ၂၅ ရွာကျော်မှ ထွက် ပြေးတိမ်းရှောင်နေရသော ပြည်သူများသည် လက်ရှိချိန်တွင် အစား အသောက်၊ အဝတ်အထည်နှင့် ဆေးဝါးများ အရေးပေါ် လိုအ ပ်လျက်ရှိကြောင်းသိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အတွင်းရှိ သနပ်စိန်ကျေးရွာကို အကြမ်း ဖက် စစ်တပ်က ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူများ ပြန်လည် တည်ဆောက်ထားသည့် စစ်ဘေးရှောင်တဲများပါ မီးလောင်ပြာကျခဲ့​ပြီး နေအိမ် ပျက်စီးဆုံးရှံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

စစ်တပ်က အင်ကြင်းပင် ဝေဘူဆရာတော် ဘုရားကြီး ကျောင်းဝင်းတွင် အင်ကြင်းပင်နှင့် ဖန်းခါးကုန်းကျေးရွာမှ ပြည်သူများကို တစ်အိမ်လျှင် ၁ ဦး အစည်းအဝေးတက်ရန်နှင့် မတက်လျှင် အိမ်ကို မီးရှို့မည်ဟု ခြိမ်းခြောက် ခေါ်ယူပြီး အစည်းအဝေး တက်လာ သူများထံမှ ဆန်၊ ဆီနှင့် မြေပဲများ ခြိမ်းခြောက်တောင်းယူနေကြောင်း သိရှိရသည်။

အလားတူ ပဲခူးတိုင်း ထန်းတပင်မြို့နယ်တွင် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ခန့်က အကြမ်းဖက် စစ်တပ်က တပြေးကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

“ထန်းတပင်မြို့နယ် တပြေးစစ်စခန်းက တပြေးကျေးရွာ အတွင်းကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး ၄ လုံး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး နေအိမ် ၃လုံး ပျက်ဆီးသွားပါတယ်” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article