30 C
Yangon

စစ်တပ် တိုက်လေယာဉ်များကို ပစ်ချနိုင်သည့် လက်နက် ရရှိမည်ဆိုလျှင် တော်လှန်ရေးကာလ ၆ လထက်စော၍ ပြီးဆုံးမည်ဟု NUG ယာယီသမ္မတ ပြော

Must read

စစ်တပ် တိုက်လေယာဉ်များကို ပစ်ချနိုင်သည့် လက်နက် ရရှိမည်ဆိုလျှင် တော်လှန်ရေးကာလ ၆ လထက်စော၍ ပြီးဆုံးမည်ဟု NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ပစ်ချနိုင်သည့် လက်နက် ရရှိလျှင် တော်လှန် ရေး ၆ လထက်စော၍ ပြီးဆုံးမည်ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုလိုက်သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနနှင့် သီးသန့် အင်တာဗျူးတွင် ၎င်းကအထက်ပါ အတိုင်း ပြောဆို လိုက်ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီသည် မြေပြင်တွင် အင်အား မရှိတော့ဘဲ စစ်သား လည်း စုဆောင်းနိုင်သည့် အနေ အထား မရှိတော့ကြောင်း ယာယီသမ္မတက ပြောဆိုသည်။

“ဒီ လေယာဉ်ကို ကာကွယ်နိုင်တဲ့ လက်နက်တွေ ရမယ်ဆိုရင် ကျနော်တို့ရဲ့ တော် လှန်ရေးဟာ ၆ လလို့ ကျနော်တို့ ပြောပေမယ့် ၆ လထက်တောင် စော သွားနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော် တို့ အခြေအနေတွေနဲ့ ဒီထောက် လှမ်းရတဲ့ သဘောကို နားထောင်ကြည့်တဲ့အခါမှာ အောက်ခြေမှာ သူတို့အနေနဲ့ လှုပ်ရှားနိုင်ဖို့ အင်အား မရှိတော့ပါဘူး။ နံပါတ် -၁ က နောက်ထပ် သူတို့ စစ် သား စုဆောင်းနိုင်တဲ့ အနေအထားမရှိတော့ဘူး။ နံပါတ်- ၂ အနေနဲ့ ရှိနေတဲ့ စစ် သားတွေတောင်မှ စိတ်ဓာတ်ရေးရာအရ လုံးဝ ကျဆုံးနေပြီး သူတို့ စစ် မတိုက် ချင်တဲ့အနေအထား ရောက်လာတယ်။ ဒါကြောင့်မို့လို့ သူတို့ ဒီလှုပ် ရှားမှု ကို မနိုင်တော့တဲ့အခါကျတော့ ဖြစ်ချင်ရာဖြစ် ဘယ်သူသေသေ ငတေမာ ရင်ပြီးရော ဆိုပြီးတော့ သူက ရုရှားကနေ ဝယ်ထားတဲ့ လေယာဉ်နဲ့ ပြည်သူ လူထု ရော PDF တွေရော ရှိသမျှ လူတွေရော ဗုံးကျဲတိုက်ခိုက်တဲ့ နည်းနဲ့ သူ့ရဲ့ မဟာဗျူဟာကို အဲဒီလို အသုံးပြု နေတာဖြစ်ပါတယ်။ ဒီမဟာဗျူဟာကို ကျနော် တို့ ရိုက်ချိုးပစ်နိုင်မယ်ဆိုရင် ကျနော်တို့ သေချာ အုပ်ချုပ်ရေးဒေသ၊ ကျနော်တို့ရဲ့ အုပ်ချုပ်တဲ့ ဒေသက ပိုမိုချဲ့ထွင်နိုင်ပြီး သူတို့အနေနဲ့ လုံးဝ ကျရှုံး သွားမှာ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ နိုင်ငံတကာကိုလည်း ပြောနေတာ ဖြစ်ပါ တယ်” ဟု သမ္မတက ရှင်းပြသည်။

လက်ရှိတွင် ကြိုတင်သတိပေးသည့်ပုံစံဖြင့် လေကြောင်းရန်ကို ကာကွယ် နေရ ပြီး လေယာဉ် ပစ်ခတ်နိုင်သော ရှိသင့်ရှိထိုက်သည့် လက်နက်တချို့ ERO များ ထံ တွင်ရှိနေကြောင်း သမ္မတကြီးက ပြောသည်။

” လေကြောင်းကာကွယ်ရေးအတွက် ကြိုတင် Warning ၊ Early Warning ခေါ် တာပေါ့။ အဲဒါတွေကို လူထုကို တင်ပေးနေပါတယ်။ နောက်တစ်ခါ မြို့ ၊ ရွာတွေနဲ့ ကျောင်းတွေမှာ ဗုံးခိုကျင်းတွေ တူးပြီးတော့ အရေးပေါ်ခိုအောင်းနိုင်ဖို့ အသက်အသေအပျောက်နည်းအောင် ပုံစံမျိုးတွေနဲ့ လူထုကို ပညာပေးတဲ့ ပုံစံမျိုးတွေ ၊ အတူတကွဆောင်ရွက်တဲ့ ပုံစံမျိုးတွေ လုပ်ဆောင်နေပါတယ်။ (လေယာဉ်ပစ်လက်နက်) အခုအချိန်အထိ ပိုင်ဆိုင်တယ်လို့ ကျနော်တို့ က တော့ မပြောချင်သေးပါဘူး။ တကယ်လို့ ရှိရင်တောင်မှ တိတိကျကျပြောဖို့ ခက် ပါတယ်။ သူတို့က ကျနော်တို့ကို ရိပ်မိသွားတယ်ဆိုရင် သူတို့က ပိုပြီး သတိ ထားမှာ ဖြစ်ပါတယ်။ ဆိုတော့ ကျနော် တို့ ရှိသင့် တာတော့ ရှိပါတယ်။ ERO တွေ ၊ ERO တွေဆိုလည်း ကျနော်တို့ တော်လှန်ရေး မိတ် ဖက်တွေ ဖြစ်တဲ့ အတွက် ကြောင့် ရှိသင့်တာ ရှိပါတယ်။ ဒါပေမဲ့ ထိထိရောက် ရောက်တော့ရှိ ဖို့လို ပါတယ်” ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုသည်။

NUG အနေဖြင့် စစ်ကောင်စီ၏ တိုက်လေယာဉ်များကို ပစ်ခတ်နိုင်သည့် လက် နက်များ ထောက်ပံ့ရန် နိုင်ငံတကာကို အကူအညီတောင်းခံထားကြောင်း သိရှိရ သည်။

(NUG ယာယီသမ္မတ ဒူဝါလရှီးလနှင့် ရန်ကုန်ခေတ်သစ်သတင်းဌာနတို့၏ တွေ့ဆုံ မေးမြန်းခန်းကို မကြာမီ တင်ဆက် ထုတ်လွှင့်မည်ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article