29 C
Yangon

ဆင်ဖြူစစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံး နှင့် ဆက်သွယ်မေးမြန်းခြင်း

Must read

“၂၀၂၃ မှာ တိုက်ပွဲတွေ ပြင်းပြင်းလာမယ်။ ၂၀၂၄ မှာ ပြီးရင် ပြီးသွားလိမ့်မယ်။ တိုက်ပွဲအကြီး အကျယ်ဖြစ်မယ်။ သူတို့ကိုတော့ တိုက်ရမှာပဲ။အခု ဘာဖြစ်လဲဆိုတော့ တိုက်ချင်တဲ့ လူ တွေက တစ်ပုံကြီးရှိတယ်။ လက်နက်မရှိ ဘာမရှိတာကို သိသလို မသိသလို သရုပ်ဆောင်နေတဲ့လူတွေရှိတယ်။ လက်နက်ခဲယမ်းကို တကယ်လုပ်ပေးနိုင်ရင် တကယ် အမြန်လမ်းနည်းနဲ့ ဆုံးဖြတ်ရလွယ်တယ် “

By ရန်ကုန်ခေတ်သစ်

ကရင်ပြည်နယ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဆင်ဖြူစစ်ကြောင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး စောစလုံးကို လက်ရှိ ၂ နှစ်ပြည့် နွေဦးတော်လှန်ရေး အခြေအနေ၊ မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသော အခြေ အနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်အာဏာသိမ်းတာလည်း ၂ နှစ်ပြည့်လာပြီ။ ၂ နှစ်ကျော်လာပြီ ။ လက်ရှိပေါ့နော် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့တွေရဲ့ တိုက်ပွဲ အခြေအနေ ကရင်ပြည်နယ်ဘက်မှာ ဘယ်လို မြင်ရလဲ။

ဖြေ။ ။ ပြည်သူလူထုကို အသိပေးချင်တာက ကျနော်တို့က လုပ်ပြီဆိုတော့ လုပ်မှာပဲ။ ကျနော်တို့က ဖြုတ်မှာပဲ။ မဖြုတ်ရင် ကျွန်တော်တို့ အနိုင်မယူရင် ငြိမ်းချမ်းရေး တော်တော် မရဘူးပေါ့။ ကျနော်တို့ ကြိုးစားရမှာပဲ။

တော်လှန်ရေးအခြေအနေကတော့ ပြင်းထန်လာတယ်၊ ကောင်းလာတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တော်လှန်ရေး ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ဖွဲ့ ၊ တစ်ဖွဲ့ စည်းစည်းလုံးလုံးနဲ့ ညီညီညွတ်ညွတ်နဲ့ စိတ်ပူးပေါင်းပြီးတော့ ဝင်ပြီး တိုက်ကြပါ။ အဲဒါ ကျွန်တော် တောင်းဆိုတာပေါ့နော်။

မေး။ ။ စစ်တပ်ဘက်ကလည်း တိုင်းရင်းသားတွေနဲ့ PDF တွေ စည်းစည်းလုံးလုံး မဖြစ်အောင် သွေးခွဲနေတဲ့အပေါ်မှာရော ဘယ်လိုသုံးသပ်မိလဲ။

ဖြေ။ ။ အဲဒါတွေကတော့ သူတို့ရဲ့ စောက်ကျင့်တွေက ဟိုး အဘိုးအဘွားတွေခေတ်ကတည်းက ဒီလိုပဲ။ ဒါပေမဲ့ ကျနော်တို့ကတော့ ညီအစ်ကိုတွေက စိတ်တစ်လုံးတည်းနဲ့ စုပြီးတော့ တန်းတူညီတူနဲ့ လိုက်ထိန်းပြီး အကောင်းနဲ့ လမ်းပြပေးရမှာပေါ့။ အကောင်းနဲ့ ပြန်ထိမ်းပေးရမယ်၊ အကောင်းနဲ့ လုပ်ပေးရမယ်။ ကျွန်တော်တို့ မကွဲအောင်ပေါ့နော်။

မေး။ ။ ဆင်ဖြူရှင် စစ်ကြောင်းအနေနဲ့ နယ်မြေအားဖြင့် ဘယ်လောက်အထိ ထိန်းချုပ်နိုင်လဲ ၊ ဘယ်လောက်အထိ အောင်ပွဲတွေ ရနေသလဲ။

ဖြေ။ ။ အခုက ကျနော်တို့ကတော့ နယ်မြေကတော့ ထိန်းချုပ်လို့ရတယ်။ ကျနော်တို့က တအားတိုက်လို့လည်း တိုက်မရဘူး။ ဘာလို့လဲဆိုတော့ လက်နက်ကျည်ဆန်တွေ မပြည့်စုံတဲ့အချိန်မှာ ကျနော်တို့ နယ်မြေကို ကျနော်တို့ ကာကွယ်တဲ့ဟာပဲ ရှိတာပေါ့။ တိုက်မယ်ဆိုရင်တော့ လက်နက် ကျည်ဆန်တွေကတော့ များများလိုတယ်။ အဲဒါတော့ လက်နက်ကျည်ဆန်တွေ ပြည့်စုံလို့ရှိရင်တော့ စစ်ကောင်စီရှိတဲ့နေရာမှာ အားလုံးလိုက်တိုက်လို့ရပါတယ်။

မေး။ ။ စစ်အာဏာရှင် နွေဦးတော်လှန်ရေး ဘယ်တော့ အချိန်လောက် အပြီးသတ် အောင်ပွဲ ရနိုင်မလဲဆိုပြီးတော့ ပြည်သူတွေမှာ မေးခွန်းတွေ အများကြီး ရှိနေတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာပြောပေးလို့ရမလဲ။

ဖြေ။ ။ အဲဒီဟာလည်း ကျွန်တော်တို့ စီမံထားတဲ့ စီမံကိန်း ၂၀၂၃ မှာ တိုက်ပွဲတွေ ပြင်းပြင်းလာမယ်။ ၂၀၂၃ မှာ ပြင်းလာမယ်။ ၂၀၂၄ မှာ ပြီးရင် ပြီးသွားမယ်။ တိုက်ပွဲအကြီးအကျယ်ဖြစ်လာမှာပေါ့။ အခုကတော့ သူတို့ကိုတော့ တိုက်ရမှာပဲ ။ တစ်ဖက်မှာလည်း တိုက်တဲ့ PDF ကလေးတွေအနေနဲ့ ဒဏ်ရာရတဲ့လူ အရှင်ဖမ်းရရင်တော့ သူတို့ကိုတော့ ဘာမှမလုပ်နဲ့ပေါ့။ မကောင်းတာ ပြန်ပြုပြင်ပေး။ သူတို့ကို ပေါင်းတိုက်ချင်ရင်လည်း ပေးတိုက်ခွင့်ပေး။ အိမ်ပြန်ချင်လည်း ပြန်ခွင့်ပေး။ အလုပ်လုပ်ချင် အလုပ်ရှာ ပေးလိုက်။ တချို့လူကတော့ အရှင်ဖမ်းရရင် သတ်လိုက်၊ ထုလိုက်။ အဲဒါကတော့ မကောင်းဘူးပေါ့။ ကျနော်တို့ ရဲ့ တော်လှန်ရေးက သစ္စာရှိရမှာပေါ့။

မေး။ ။ စစ်တပ်ဘက်က PDF တွေကို မိတဲ့အခါမှာ ဖမ်းဆီးတယ်၊ နှိပ်စက်တယ်၊ သတ်ဖြတ်တယ်။ ဆင်ဖြူရှင်စစ်ကြောင်းအနေနဲ့ စစ်တပ်ရဲ့ ယုတ်မာမှုတွေကို ဘယ်လို မှတ်ချက်ပြုချင်လဲ။

ဖြေ။ ။ အဲဒါ သူတို့က ယုတ်မာမှု ဟုတ်တယ်။ ကျနော်တို့က မကောင်းတဲ့ဟာကို တော်လှန်တယ်။ မကောင်းတဲ့ဟာကို တော်လှန်တော့ ကျနော်တို့က အကောင်းပြုပြင်ရမှာပေါ့။ တကယ်တိုက်ပွဲမှာတော့ မင်း ပစ် ငါ ပစ်‌ သေတာ ဘာမှမဖြစ်ဘူး။ တစ်ခါတလေတော့ ကလေးတွေက ခြေလွန်လက်လွန်က ရှိရင် ရှိသွားလိမ့်မယ်။ တကယ့်ခံစားချက်တွေပေါ့။ ကျွန်တော်တို့ကတော့ လူကြီးပိုင်းမှာတော့ နိုင်သလောက်လိုက်ထိန်ပေးရမှာပေါ့နော်။

စစ်တပ်ကို ကျွန်တော်က ဘာပြောချင်လဲဆိုတော့ သူတို့လည်း ထမင်းစားတာပဲ ကျွန်တော်တို့လည်း ထမင်းစားတာပဲ။ တကယ်ဆို သူတို့သတ်တဲ့ ပြည်သူလူထုတွေက သူတို့ ညီအစ်ကို သူတို့ မောင်နှမ သူတို့ ဆွေမျိုးတွေထဲပဲ ဘာြဖစ်လို့ သူတို့ ဒီလိုလုပ်နေတာလဲ။

သူတို့ လက်နက်ကြီးတွေ အားကိုး လေယာဉ်တွေ အားကိုး ရူးပြီးတော့ ပြည်သူကို ဒီလိုလုပ်လဲ ။ ကျွန်တော်တို့လည်း အဖြေသိချင်တာပေါ့။ ဒါပေမဲ့ ကျွန်တော်ကြည့်လိုက်တာတော့ သူတို့ဘက်ကတော့ နောင်တတော့ မရဘူး။

ကျွန်တော်တို့က တိုက်ယူရမှာပဲ။ ဒါပေမဲ့ အောက်ခြေက သူတို့ရဲ့ ရဲဘော် ရဲဘက်တွေပေါ့နော်။ ကျွန်တော်တို့နဲ့ ပူးပေါင်းချင်ရင် အချိန်မရွေး ဖုန်းဆက် လာပူးပေါင်းလို့ရပါတယ်။ အခုက မကောင်းတာက လူကြီး။ ခိုင်းလိုက်တော့ ဒုက္ခရောက်တာကတော့ ပြည်သူလူထုနဲ့ အောက်ခြေ တွေပေါ့နော်။ ကျွန်တော် ပြောချင်တာကတော့ အားလုံး ကိုယ့်ညီအစ်ကိုတွေပဲ။ အမှားအမှန်ကို ကြည့်လိုက်။ အမြဲတမ်း အချိန်မရွေး စိတ်အမှန်တရားနဲ့ ပြန်ပြောင်းလဲလို့ရပါတယ်ပေါ့နော်။

ကျွန်တော်တို့ ပြည်သူလူထုတွေ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက အဖြူရောင်လမ်းကို ပြန်ရဖို့ အမြဲတမ်း မျှော်လင့်စောင့်စား ပါတယ်။ အချင်းချင်းလည်း ကျွန်တော်တို့လည်း မတိုက်ချင်ဘူးပေါ့ တကယ်ဆိုရင်။

မေး။ ။ ကိုဂျင်မီ၊ ကိုဇေယျာသော်ကို ကြိုးပေးသတ်တယ်။ တခြားတစ်ဖက်မှာလည်း ကျောင်းသားလူငယ်တွေကို ဖမ်းဆီးထောင်ချပြီးတော့ ထောင်တွေထဲမှာ သတ်ဖြတ်တာတွေ စစ်ကြောရေးမှာ မုဒိမ်းကျင့်တာတွေ၊ ဒီလိုမျိုး မြောက်မြားစွာသော ပြစ်မှုတွေအတွက် ဒီနေ့ဆိုရင် ကျဆုံးသွားတဲ့ ပြည်သူအရေအတွက်က ၃၀၀၀ ပြည့်ပြီဆိုပြီးတော့ ။ ဒီလောက် ဆိုးရွားတဲ့ စစ်ရာဇဝတ် မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တာကို ဘယ်လို တရားမျှတမှုရှာဖွေမလဲ။

ဖြေ။ ။ ကျွန်တော့်အမြင်နဲ့ဆိုရင်တော့ ရှာရခက်တယ်။ သူတို့က ကောင်းလား မကောင်းလား မသိဘူး ရတာ တစ်ခုပဲ သိတယ်။ သူတို့ မကောင်းတဲ့ အာဏာတွေ မကောင်းတာတွေ လုပ်ထားတွေအတွက် သူတို့ အနောက်ကို လိုက်ရမယ်။ လိုက်နာ ရမှာပေါ့။ မလိုက်ရင်လည်း သူတို့ နှိပ်စက်မှာပဲ သူတို့ သတ်မှာပဲ။ ဒါပေမဲ့ ကျွန်တော် ပြောချင်တာ ကတော့ သူတို့ တစ်နေ့ကျရင် ဘယ်အချိန်ရောက်ရင် ဘုရားနဲ့ တရား သစ္စာ ဆုတ်ပြလိုက်မှာပဲ။ သူ့လမ်းသူ သွားလိုက်မှာပဲ။ ကောင်းတဲ့ လူကလည်း သူ့လမ်းသူ သွားလိုက်မှာပဲ။ ကျွန်တော် ဒီလိုပဲ သတ်မှတ်ထားတာပေါ့။

အဲဒါတော့ ပြောမရဘူး အချိန်ရောက်ရင် ခံရင် ခံရမလား။ ဒါပေမဲ့ ခံတော့ ခံရမှာပဲ။ အားလုံးကတော့ ပြည်သူလူထုတွေလည်း သွေးလည်း ရူးနေပြီ(စစ်အာဏာရှင်ကို မုန်းနေပြီဟုဆိုလိုခြင်းဖြစ်သည်။) PDF ရဲဘော်ရဲဘက်လည်း သွေးလည်း ရူးနေပြီ။ ကျွန်တော်တို့ လူကြီးအပိုင်းကတော့ လိုက်ထိန်းနိုင်သလောက် လိုက်ထိန်းပေးမယ်ပေါ့။

တကယ်ဖြစ်သွားတဲ့အချိန်မှာတော့ အကြီးအကျယ်မဖြစ်အောင် ကျွန်တော်တို့က လမ်းမကြီးဖြစ်သွားပြီ ။ ကျွန်တော်တို့က တံတားကြီးဖြစ်သွားပြီ။ ခိုင်မာတဲ့ တံတား၊ ကောင်းတဲ့ လမ်း၊ ကောင်းတဲ့ တံတားဖြစ်ရမယ်။ ကျွန်တော်တို့လည်း လိုက်ဆက်လျှောက်ပေးရမှာပေါ့။ နောက်ကနေ ။ ကိုယ့်ညီအစ်ကို မောင်နှမတွေ အကောင်းနဲ့ သွားရအောင်ပေါ့။ မကောင်းတဲ့ လူကို ကျွန်တော်တို့ ပြန်ပြုပြင် ပြန်လုပ်ရရင် ပြန်ဆွေးနွေးရရင် ကျွန်တော်တို့လည်း အကျိုးရှိတာပေါ့။

မေး။ ။ လက်ရှိ ကော်သူလေး အာမီရဲ့ အခြေအနေက တည်ထောင်တာ ပူပူနွေးနွေးဆိုတော့ ဘယ်လိုအခြေအနေရှိလဲ။

ဖြေ။ ။ ကော်သူလေး အာမီက အခုက အာဏာရှင် အာဏာရူးကို လုံးဝ မကြိုက်တာ ။ မကြိုက် တာလည်း မကြိုက်ဘူး ယုံလည်း မယုံတော့ဘူး။ ပြီးတော့ အခု ပြည်သူလူထုခံစားနေရတဲ့ ကြည့်မရဘူးပေါ့နော်။

ဟိုး ကျွန်တော်တို့ အဘိုးအဘွားရဲ့ ခေတ်တွေမှာလည်း အဲဒီလိုမျိုးပဲ။ နှစ် ၇၀ ကျော်ပြီ အဲဒီလိုပဲ။ သူတို့က အာဏာရှင်တွေ အာဏာရူးတွေက တစ်မျိုးပြော တစ်မျိုးလုပ်။ ခိုးရသလောက် ခိုးမယ်။ ခိုးမရရင် ဓားပြတိုက်မယ်။ အမျိုးမျိုးလုပ်တယ်။ အယုံအကြည်မရှိတော့ဘူးပေါ့။

ဘယ်လို ယုံကြည်ရမလဲဆိုတော့ သူတို့အချင်းချင်းတောင်မှ သူတို့ ဗမာ အချင်းချင်းတောင်မှ ပြန်လုပ်နေကြတယ်လေ။ ကျွန်တော်တို့ ကရင်တွေလည်း ချန်မလား ။ ပြည်သူ့ တပ်သား တပ်မတော်ဆိုပြီး အခုက ပြည်သူ့ တပ်မတော် ရဲ့ သေနတ်ပြောင်းတွေက ပြည်သူ့ဘက်ကို ပြန်လှည့်တယ်။ ပြည်သူ့ကို သတ်တယ်။ သူတို့ အာဏာတွေက ပြည်သူ့ကို အနိုင်ကျင့်တယ်။ ပြည်သူကို နှိပ်စက်တယ်ပေါ့။ ပြည်သူနဲ့ ကျွန်တော်တို့ ကောသူးလေး အာမီနဲ့ကတော့ တစ်လမ်းတည်းပဲ ခံစားချက်။ မျှော်လင့်ချက်လည်း တစ်လမ်းတည်းပဲ။ တူတူပဲ ကျွန်တော်တို့။ ပူးပေါင်းပြီး ဆက်တိုက်တယ်။ အဲဒီပွဲကတော့ ပြင်းထန်လာမယ်။ ကြီးလာမယ်။ အဆုံးထိကြီးလာမှာပဲ။ တတိယကမ္ဘာစစ်ဖြစ်ရင် ဖြစ်သွားနိုင်တယ် မြန်မာနိုင်ငံမှာ ။

မေး။ ။ ဒီကော်သူးလေး အာမီအပေါ်မှာ လူထုရဲ့ ယုံကြည်မှုနဲ့ လူထုရဲ့ အားကိုးမှုကရော ဘယ်လိုသုံးသပ်လို့ရလဲ။

ဖြေ။ ။ ကျွန်တော်တို့ ကော်သူးလေးအာမီဘက်မှာတော့ ပြည်သူလူထုက တော်တော်ယုံကြည်တယ်။ …. NCA စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ဥပဒေတွေ မပတ်သက်တော့ဘူး။ သူတို့လည်း အတော်ယုံကြည်တယ်။ ကျွန်တော်တို့ ကော်သူးလေး အာမီကလည်း ပြန်ပြောလာကတော့ သိပ်မကြာခင်တော့ ကျွန်တော်တို့လည်း အကွက်တွေ ဆင်ရမှာပေါ့။ လှုပ်ရှားတာ။ ဒါပေမဲ့ အခုက အတော်ပြင်းထန်လာပြီ။

မေး။ ။ အခု နောက်တစ်ခုကကျတော့ KNU တပ်မဟာ ၄ ဘက်မှာ ခေါင်းဆောင်တချို့က စစ်ကောင်စီနဲ့ ပူးပေါင်း စီးပွားရေးလုပ်တယ်ဆိုပြီး စွပ်စွဲတာရှိတယ်။ ဒီအတွက် ဘာမှတ်ချက်ပေးချင်လဲ။

ဖြေ။ ။ အဲဒါကျ တချို့ လူတွေက ဘယ်လိုပြောရမလဲဆို‌တော့ တချို့လူတွေက ဥပမာ ကျွန်တော်က ဗုဒ္ဓဘာသာ ။ ဗုဒ္ဓဘာသာ ဘုရားရှိခိုးပေမယ့် ဗုဒ္ဓဘာသာရဲ့ အဓိပ္ပာယ် ဘယ်လိုလဲ သူတို့ မသိဘူး။ တချို့တွေက ခရစ်ယာန်၊ ခရစ်ယာန်ပဲ သိတယ်။ ဘုရားကျောင်းပဲ သွားတယ်။ ဒါပေမဲ့ အဓိပ္ပာယ်က ဘယ်လိုလဲ သူတို့ မသိကြဘူး။ အဲဒါကြောင့် သူတို့ စောက်ရမ်းလုပ်တာ။ တကယ်က လုံးဝ မကောင်းဘူး။

တချို့လူတွေက မင်းတို့က ဗမာ ၊ ဗမာ လူမျိုးကို မကြိုက်ဘူး မုန်းတယ်။ တချို့လူက ဗမာလူမျိုးရော ကရင်ကိုရော မုန်းတယ် မကြိုက်ဘူး။ ဒါပေမယ့် သူတို့ သေသေချာချာ မလေ့လာဘူး ။ သေသေချာချာ မစဉ်းစားတာ။ တကယ် ကျွန်တော့် အမြင်နဲ့ဆိုရင် ကရင်လည်း ထမင်းစားတာပဲ။ ဗမာလည်း ထမင်းစားတာပဲ။ ဗမာလည်း ကောင်းတဲ့ လူ တစ်ပုံရှိတယ်။ ကရင်လည်း ကောင်းတဲ့ လူ တစ်ပုံရှိတယ်။ မကောင်းတဲ့ လူလည်း ရှိတယ်။

အဲဒါကြောင့် ကျွန်တော်တို့ အချင်းချင်း မြန်မာနိုင်ငံထဲမှာ ဘာလူမျိုးပဲ ဖြစ်ဖြစ် ဘာဘာသာပဲ ဖြစ်ဖြစ် ရန်မဖြစ်အောင် တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရေး လူမှုရေး ချစ်ကြတဲ့ စိတ်တွေ သနားတတ်တဲ့စိတ်တွေ ဖွင့်ရမယ်။ အဲဒါမှ အဆင်ပြေမယ်။ အခုက ဘယ်လိုလဲဆိုတော့ ဟိုလည်း မရောက် ဒီလည်း မရောက် လုပ်လိုက်ရင်လည်း အကြီးအကျယ်လည်း မဖြစ် အားလုံးတွဲလည်း မရ အပြစ်ပဲ ရှိတယ်။ အမှားလည်း များတယ်။ သူတို့ပဲ သူတို့ ခံရမှာပဲ။ အလုပ်တစ်ခုလုပ်မယ်ဆိုရင် ဘုရားနဲ့ တရားနဲ့သစ္စာ ပြန်ကြည့်ရမယ်။ လုပ်သင့်လား မလုပ်သင့်လား ။ မလုပ်သင့်တဲ့ဟာတွေကို မလုပ်နဲ့ ။ လုပ်သင့်တဲ့ဟာတွေ တတ်နိုင်သလောက် ထိန်းလုပ်။ သူတို့ မလုပ်သင့်တာ လုပ်သွားပြီးသူကိုတော့ ခဏကြာရင် ပြဿနာတွေ အကြီးအကျယ် ဖြစ်လာမှာပေါ့နော်။

မေး။ ။ စစ်တပ်တပ်ထဲမှာ ညီညွတ်မှုပြိုကွဲပြီး တပ်ပြိုနေပြီး ပြောနေကြတယ်။ ရှေ့တန်းမှာ စစ်သားတွေ အခြေအနေ ဘယ်လိုမြင်ရလဲ။

ဖြေ။ ။ သူတို့ ဘာစိတ်နဲ့ ခုခံတိုက်လဲဆို တချို့ လူတွေကတော့ မတိုက်ချင်တော့ဘူး ရှိတယ်။ တချို့လူတွေကတော့ သူတို့ ပိုက်ဆံ ပြန်ဆပ်ဖို့၊ ပြီးတော့ မူးယစ်ဆေးဝါးနဲ့တိုက်။ ပြီးတော့ အနောက်မှာရှိတဲ့ မိသားစုတွေ သူတို့ ထိန်းချုပ်ထားတယ်။ အဲဒီလို ခြိမ်းခြောက်ရင်းနဲ့ သူတို့ တိုက်နေရတယ်။ တချို့လူတွေကတော့ ကိုယ့်မိသားစုအတွက်နဲ့ ဆိုတော့ ကိုယ်မလုပ်ရင် ကိုယ့်မိသားစုတွေ ဒုက္ခရောက်မယ်၊ သူတို့ တိုက်ရမှာပဲ။ အခု ထီးကပလယ်စခန်းမှာလည်း ဒီလိုပဲ လက်နက်ချခိုင်းတယ်၊ ပူးပေါင်းခိုင်းတယ်။ ဒါပေမဲ့ သူတို့က အသေပဲ ခံမယ်တဲ့။ အဲ ပြောတယ်နော် သူတို့က မလွယ်ဘူး။ မလွယ်ဘူး အဲဒီကောင်တွေက ။

မေး။ ။ ဆိုတော့ CDM ဝင်လာတဲ့ အခြေအနေကရော ဘယ်လိုမြင်ရလဲ။ ထီးကပလယ်စခန်းက စစ်သားတွေရဲ့ အခြေအနေကို ဘယ်လိုရှုမြင်မလဲ။

ဖြေ။ ။ ထီးကပလယ် စခန်းကို မကျရဘူးတဲ့။ သူတို့ လူကြီးတွေက ပိုက်ဆံ ပြန်ထပ်တိုးပေးတယ်တဲ့။ အဲဒီလို သတင်းကြားတာတော့ ရှိတယ်။

ကျွန်တော့် အဖွဲ့ မှာရှိတောတော့ ဗိုလ်မှူးတင်လင်းအောင် တစ်ယောက် ကျွန်တော့်ဆီမှာCDM ရောက်လာတယ်။ သူကတော့ လာကူညီလုပ်မယ်။ အခု ကျွန်တော်နဲ့တူတူပဲ ပါတယ်ပေါ့နော်။ သူကတော့ ကူညီပြီး လုပ်ပေးမယ် တတ်နိုင်သလောက်ပေါ့နော်။ အဲဒါပဲ ကျွန်တော့်ဆီမှာတော့ သိပ်မရှိဘူး။ တခြားအဖွဲ့မှာတော့ များတယ်။ ကျွန်တော့်အဖွဲ့ မှာ သိပ်မရှိဘူး။

မေး။ ။အခုလက်ရှိအခြေအနေအရ တော်လှန်ရေးတစ်ခုလုံးကို ခြုံငုံ သုံးသပ်ပြီးတော့ ၂ နှစ်လည်း ကြာလာပြီဆိုတော့။ လက်တွေ့ဆန်ဆန်သုံးသပ်မယ်ဆိုရင်…။

ဖြေ။ ။ အခုကတော့ ကျွန်တော်တို့ကတော့ ဘယ်အချိန်အောင်မြင်နိုင်မလဲဆိုတာ အခုက ပြည်သူလူထုရဲ့ဘက်မှာပဲ မူတည်တယ်။ လက်နက် ကျည်ဆန်တွေ များများလုပ်ပေး။ အဲဒါ ပိုအတိုက်မြန်နိုင်တယ်။ အခု ဘာဖြစ်လဲ တိုက်ချင်တဲ့လူတစ်ပုံကြီးရှိတယ်။ လက်နက်မရှိ ဘာမရှိတာ သိသလို မသိသလို သရုပ်ဆောင်နေတဲ့လူတွေက တစ်နိုင်ငံလုံးရှိတယ်။ အခုက လက်နက်ခဲယမ်းက အရေးကြီးတယ်။ လက်နက်ခဲယမ်း အရမ်းအရေးကြီးတယ်။ လက်နက်ခဲယမ်း ပြည်သူလူထုက တကယ်လုပ်ပေးလို့နိုင်ရင် အဲဒါကတော့ တကယ် အမြန်လမ်းနည်းနဲ့ ဆုံးဖြတ်ရလွယ်တယ်။

မေး။ ။ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ထီးကပလယ်မှာ တိုက်ပွဲအခြေအနေ ပြင်းထန်နေတယ်လို့ သိရတော့ ဘယ်လိုအခြေအနေရှိပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ အခုတိုက်နေတဲ့ ဒီ ထီးကပလယ်မှာတော့ လိုအပ်တာက ကျည်ဆန်တွေ လက်နက်တွေ လိုအပ်တယ်ပေါ့။ ကျနော်တို့ တိုက်နေတာက ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတိုက်တယ်။ ၁၀ ရက်စတိုက်တော့ တိုက်ပွဲက သိပ်မကြီးကျယ်ဘူးပေါ့။ သူတို့ အခြေအနေကိုလည်း ကျနော်တို့ ကြည့်ရ တာပေါ့။ ဒီဘက်ကလည်း PDF တွေဒဏ်ရာသိပ်မထိခိုက်အောင် အထိအခိုက်နည်းအောင် ကျနော်တို့ ကြည့်ရ တယ်။

မေး။ ။ စစ်တပ်ရဲ့ ထီးကပလယ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်မယ့် အခြေအနေကရော..။

ဖြေ။ ။ သူတို့ နေရာမှာတော့ လုပ်ထားတာတော့ အတော်ကောင်းတယ်။ သူတို့မှာ ကတုတ် ကျင်း တွေက ထိုင်းဘက်က လာလုပ်ပေးထားတာ။ သူတို့ ခံစစ်တော်တော်ကောင်းတယ်။ လက်နက်ကြီး ဒရုန်း ဗုံးသီးတွေနဲ့ သွားကျဲတာ သူတို့ ဒီအပေါ်မှာတော့ တဲတွေ ဘာတွေက သိပ်နေရာမရှိတော့ဘူး။

သူတို့ အဲဒီ စခန်းဘေးမှာတော့ မိုင်းဗုံးတွေ တော်တော် ထောင်ထားတယ်။ အဲဒီကောင်တွေ မိုင်းဗုံးတွေ အတော်ထောင်ထားတယ်။ အဲဒါကြောင့် ကျွန်တော်တို့ မီးနဲ့ ရှို့လိုက်တဲ့အချိန်မှာ မိုင်းဗုံးလည်း အတော် ကွဲတယ်။ အဲဒီနေရာမှာ ။

မေး။ ။ စစ်ပွဲတွေကလည်း အချိန်ကြာမြင့်လာတော့ ဘာတွေ လိုအပ်ချက်ရှီလဲ။

ဖြေ။ ။ အခု ဒီပွဲကတော့ ကျွန်တော်တို့ကတော့ အားလုံးပူးပေါင်းပွဲဆိုတော့ အင်အားလည်း အတော်များတယ်ပေါ့နော်။ ဥပမာ ဆေးတွေ ရိက္ခာတွေ ကျည်ဆန်တွေ လက်နက်တွေပေါ့။ အဲဒါ လိုအပ်တယ်ပေါ့။ များများလိုအပ်တယ်ပေါ့။ ကျွန်တော်တို့လည်း ဥပမာ ဒရုန်း။ ဒရုန်းတွေပေါ့၊ ဗုံးသီးတွေ ပြန်လုပ်ဖို့။ အဲဒါလိုအပ်တယ်။

ပြည်သူတွေအနေနဲ့ ဒါတွေကို လှူဒါန်းချင်ရင် ကျနော့် ဖုန်းနံပါတ်ကိုလည်း ယူသွားရတယ်။ ကျနော့် ဘဏ်နံပါတ်ကို ယူသွား။ ကျနော်တို့က စာရင်းတွေ ဂုဏ်ပြုမှတ်တမ်းတွေ၊ ဒီအလှူငွေရောက်လာ ကျွန်တော်တို့ ဘာဝယ်လဲ ဘယ်လိုသုံးထားလဲ့ အားလုံးအပြီး ပြန်ပေးမယ် ခင်ဗျ။

မေး။ ။ ထီးကပလယ်စခန်းမှာ စစ်တပ်နဲ့ ထိပ်တိုက် ရင်ဆိုင်နေတော့ စစ်တပ်ဘက်က သေဆုံးထိခိုက်မှုနဲ့ PDF ဘက်မှာရော အထိအခိုက်ရှိလား။

ဖြေ။ ။ ထီးကပလယ်စခန်းမှာတော့ ဒရုန်းနဲ့ သွားကျဲတာ၊ စနိုက်ပါနဲ့ ပစ်တာကတော့ သူတို့ ဘက်မှာတော့ ဒဏ်ရာရနဲ့ အကျအဆုံးကတော့ ၃၀ ကျော်ကျော် ၄၀ လောက် နီးပါးရှိ မယ်ထင် တယ်။ ကျွန်တော်တို့ ပြည်သူကာကွယ်ရေးရဲဘော် ၁၄ ယောက် ဒဏ်ရာနည်းနည်းပါးပါးရတယ်ပေါ့နော်။ ဥပမာ မိုင်းထိတာ ၂ ယောက် ၊ ခြေထောက်ကို ဖြတ်ရတယ် ။ ကျန်တဲ့ လူတွေကတော့ နည်းနည်းပါးပါးပဲ သိပ်ပြီးတော့ မပြင်းထန်ဘူးပေါ့။

မေး။ ။ နိဂုံးချုပ်အနေနဲ့ ဖြည့်စွက်ပြောချင်တဲ့ သတင်းစကားဘာများရှိဦးမလဲခင်ဗျာ။

ဖြေ။ ။ အခုစတဲ့တိုက်ပွဲတွေမှာ မပြည့်မဝပေမယ့်လည်း ကျွန်တော်တို့ တော်လှန်တာပေါ့။ အများနဲ့ အကြီးအကျယ်နဲ့ ကျွန်တော်တို့ ပြည်သူလူထု ထိခိုက်မှုမများအောင် ကျွန်တော်တို့ တော်လှန်နေတယ်။ ကျွန်တော်တို့ တိုက်မယ်ဆိုလည်း တိုက်တောင်မတိုက်ဘူး တော်လှန်တာလေးပဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်တို့မှာ လက်နက် ကျည်ဆန်ကလည်း မပြည့်ဝဘူး။ အဲဒါလည်း ပြည်သူလူထုလည်း တစ်ကမ္ဘာလုံးတစ်နိုင်ငံလုံး ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် ခရစ်ယာန်ပဲ ဖြစ်ဖြစ် ဝိုင်းပြီးတော့ ဆုတောင်းကြ။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေ ဘေးအန္တရာယ်ကင်းပါစေ၊ ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနဲ့ ချစ်ချစ်ခင်ခင်နေကြ။ ကျွန် တော်တို့ ပန်းတိုင်ကြီးကို စည်းစည်းလုံးလုံးနဲ့ သွားမယ်။ ပန်းတိုင်ကြီးကို ရောက်အောင်ဆက်သွားမယ်။ ဝိုင်းပြီးဆုတောင်းပေးကြပေါ့နော်။

(ပြည်သူများအနေဖြင့် ဆင်ဖြူစစ်ကြောင်းကို လက်နက်ခဲယမ်းများ ကူညီထောက်ပံ့ လှူဒါန်းလိုပါက https://www.facebook.com/profile.php?id=100087336592252… မှတစ်ဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။ )

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article