34 C
Yangon

တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

Must read

တရားမဝင် အာဏာသိမ်း စစ်အုပ်စုကို ပံ့ပိုးကျားကန်ပေးရင်း အကျိုးအမြတ်များစွာ ဆက်လက်ရရှိနေတဲ့ နိုင်ငံတကာ ရေနံကုမ္ပဏီကြီးများ

By Dominic Rushe, Nick Mathiason and Diarmid O’Sullivan

ကမ္ဘာ့အကြီးဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက်ဝန်ဆောင်မှု ကုမ္ပဏီအချို့ဟာ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် အကျိုးအမြတ် ဒေါ်လာသန်းပေါင်းများစွာ ရှာဖွေပေးရင်း အကြမ်းဖက်စစ်တပ်ရဲ့ စီးပွားရေးဒေါက်တိုင်တွေအဖြစ် ကျားကန်ပေးနေတယ်ဆိုတာကို ပေါက်ကြားလာတဲ့ အခွန်မှတ်တမ်းတွေအရ သိရပါတယ်။

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက “စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ” ကို နေ့စဥ်ရက်ဆက် လုပ်ဆောင်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က အသိပေးထားပါတယ်။

ယခုအချိန်အထိ စစ်အာဏာရှင်တွေရဲ့ လက်ချက်ကြောင့် က‌လေးသူငယ်၊ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားတွေ အပါအဝင် ပြည်သူ ၂,၉၄၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန် ထားပါတယ်။

ဒီလို အကြမ်းဖက် သတ်ဖြတ်မှုတွေ ဖြစ်ပွားနေစဥ်မှာပဲ အခုလို စစ်အာဏာရှင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းတွေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံတကာကုမ္ပဏီတွေရဲ့ အခွန်ဆိုင်ရာ မှတ်တမ်းမှတ်ရာတွေနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတွေ ပေါက်ကြားလာခြင်း ဖြစ်ပါတယ်။

အဲ့ဒီစာရွက်စာတမ်းတွေအရ အမေရိကန်၊ ဗြိတိန်နဲ့ အိုင်ယာလန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ မြန်မာ့သဘာဝဓာတ်ငွေ့ လုပ်ငန်းအတွက် မရှိမဖြစ် လိုအပ်တဲ့ တူးဖော်ရေးနဲ့ ဆက်စပ်လုပ်ငန်းဆောင်တာတွေမှာ ဝင်ရောက်လုပ်ကိုင်နေပြီး ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေတယ်လို့ သိရပါတယ်။

ပွင့်လင်းမြင်သာရေးအတွက် ဦးတည်လုပ်ကိုင်နေတဲ့ အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်း Distributed Denial of Secrets က အဆိုပါ စာရွက်စာတမ်းတွေကို ရရှိခဲ့တာ ဖြစ်ပြီး၊ ဒါတွေကို မြန်မာ့လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများအဖွဲ့ Justice For Myanmar အပါအဝင် စုံစမ်းဖော်ထုတ်ရေးသားတဲ့ စာနယ်ဇင်းအဖွဲ့အစည်း Finance Uncovered နဲ့ Guardian သတင်းဌာနတို့ အတူတကွ လေ့လာသုံးသပ်ထားတာ ဖြစ်ပါတယ်။

ဒီအထောက်အထားတွေအရကတော့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလမှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်သူများအနေနဲ့ သိသာတဲ့ အန္တရယ်များ ရှိနေကြောင်း သတိပေးစာ ထုတ်ပြန် အသိပေးခဲ့ပေမဲ့၊ အမေရိကန်ရဲ့ သဘာဝဓာတ်ငွေ့ လုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းခွဲကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေဆဲ လို့ဆိုပါတယ်။

အထူးသဖြင့် အာဏာသိမ်း စစ်ကောင်စီကို အဓိက ဝင်ငွေရှာဖွေပေးနေတဲ့ မြန်မာစစ်တပ်ထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း အမည်ခံ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ စီးပွားရေး ပူးပေါင်းလုပ်ဆောင်နေမှုကို ရည်ညွှန်းလျှက် သတိပေးချက် ထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

မကြာသေးခင်ကပဲ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနဲ့ ကနေဒါတို့က မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံပြုလုပ်ကြောင်း ကြေညာခဲ့ကြပြီး MOGE ရဲ့ ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးတို့ကို အရေးယူတဲ့ စာရင်းထဲ ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ ဒီလေးနိုင်ငံဟာ MOGE ကိုတော့ ဒဏ်ခတ် အရေးယူထားခြင်း မရှိပါဘူး။

MOGE ကို ပထမဆုံးအကြိမ် ပိတ်ဆို့အရေးယူမှု ပြုလုပ်ကြောင်း ကြေညာခဲ့တာက ဥရောပသမဂ္ဂ ဖြစ်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက “မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အရှိန်အဟုန် မြင့်တက်လာမှု နဲ့ မြန်မာ့စစ်အာဏာရှင်တွေကို လိုအပ်တဲ့ အရင်းအမြစ်တွေကို ထိထိရောက်ရောက် ပံ့ပိုးနေမှု” အတွက် ဒဏ်ခတ်ပိတ်ဆို့လိုက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

နှိုင်းယှဥ်ကြည့်မယ်ဆိုရင် ဥ‌ရောပသမဂ္ဂက ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ဥရောပကုမ္ပဏီ အားလုံးကို မြန်မာ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့တွင်းစီမံကိန်းတွေမှာ ဝင်ရောက်လုပ်ကိုင်ခွင့် ပိတ်ပင်ထားနိုင်ပေမဲ့ အမေရိကန်နဲ့ ဗြိတိန်ရဲ့ ပိတ်ဆို့မှုတွေကတော့ ဒီလောက်အတိုင်းအတာအထိ ထိရောက်မှု မရှိသေးတာ တွေ့ရပြီး၊ အကျိုးဆက်အနေနဲ့ သူတို့ရဲ့ကုမ္ပဏီတွေဟာ MOGE နဲ့ တိုက်ရိုက်ဖြစ်စေ သွယ်ဝှိုက်၍ ဖြစ်စေ စီးပွားရေးလုပ်ငန်းတွေ ဆက်လက်လုပ်နေနိုင်ဆဲပဲ ဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့ အခွန်စာရွက်စာတမ်းတွေကို လေ့လာချက်အရ

– အမေရိကန်ရေနံတူး‌ဖော်ရေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းကြီးဖြစ်တဲ့ Halliburton ရဲ့ စင်ကာပူအခြေစိုက် လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Myanmar Energy Services အနေနဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၆ ဒဿမ ၃ သန်းရရှိတယ်လို့ အစီရင်ခံထားပါတယ်။

– အမေရိကန်နိုင်ငံ၊ ဟူစတန်အခြေစိုက် ရေနံဝန်ဆောင်မှုကုမ္ပဏီ Baker Hughes လက်အောက်ခံ ရန်ကုန်ဌာနခွဲရဲ့ အစီရင်ခံစာမှာ ၂၀၂၂ မတ်လအထိ (၆) လတာကာလအတွင်း အခွန်မဆောင်မီ အမြတ်ငွေ ကန်ဒေါ်လာ ၂ ဒဿမ ၆၄ သန်း ရရှိထားကြောင်း တင်ပြထားပါတယ်။

– အမေရိကန်တူးဖော်ရေးကုမ္ပဏီ Diamond Offshore Drilling ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကန်ဒေါ်လာ ၃၇ သန်း ရရှိခဲ့ကြောင်းနဲ့ ထိုအချိန်ကနေ ၂၀၂၂ ခုနှစ် မတ်လအထိ နောက်ထပ် ကန်ဒေါ်လာ ၂၄ ဒဿမ ၂ သန်း ဝင်ငွေရရှိထားတယ်လို့ မြန်မာ့အခွန်ဌာနကို အစီရင်ခံထားပါတယ်။

– အမေရိကန်ရဲ့ ကမ္ဘာ့အကြီးဆုံး ကမ်းလွန် တူးဖော်ရေးကုမ္ပဏီ လက်အောက်ခံ ပနားမားအခြေစိုက် Schlumberger Logelco (ရန်ကုန်ဌာနခွဲ) က မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ တစ်နှစ်အတွင်း ဝင်ငွေ ကန်ဒေါ်လာ ၅၁ ဒဿမ ၇ သန်း ရရှိထားပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနဆီက ဝန်ဆောင်ခ ကန်ဒေါ်လာ ၂၀၀,၀၀၀ ရရန်ရှိတယ်လို့ ဖော်ပြနေပါတယ်။

ဖော်ပြပါ ကုမ္ပဏီတွေဟာ သူတို့ရဲ့ ဝန်ဆောင်မှုတွေကတဆင့် မြန်မာနိုင်ငံရဲ့ အရေးအပါဆုံး ရေနံနဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်းအားလုံးမှာ အဓိကရှယ်ယာရှင်အနေနဲ့ ပါဝင်နေတဲ့ စစ်တပ်ထိန်းချုပ်ခံ MOGE ကို ထိရောက်တဲ့ အကူအညီတွေ ပံ့ပိုးနေတာပဲ ဖြစ်ပါတယ်။

MOGE ဟာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ နိုင်ငံကိုယ်စား အခွန်နဲ့ အခကြေးငွေတွေကို ကောက်ခံနေတာဖြစ်ပြီး၊ ဒီအခွန်အခငွေတွေနဲ့ များပြားလှတဲ့ ရှယ်ယာအမြတ်ငွေတွေဟာ စစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းထဲကို တိုက်ရိုက်စီးဝင်ပါတယ်။

မြန်မာစစ်ကောင်စီအနေနဲ့ ၎င်းတို့ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နိုင်ငံခြားဝင်ငွေ အများဆုံး ရရှိနေပြီး ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ (၆)လအတွင်း ကန်ဒေါ်လာ ၁ ဒဿမ ၇၂ ဘီလီယံ ဝင်ငွေရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါနဲ့ပတ်သက်ပြီး Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အလွန်ဆိုးဝါးပြီး လက်မခံနိုင်စရာ အခြေအနေ” လို့ ဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ လုပ်ကိုင်နေကြတဲ့ ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို အားပေးကူညီရင်း သူတို့ရဲ့လက်တွေဟာ သွေးစွန်းနေပါပြီ။ ဒီကုမ္ပဏီတွေဟာ သူတို့မှာ ရှိသင့်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်ဝတ္တရားတွေကို ချိုးဖောက်ပြီး စစ်အာဏာရှင်အလိုကျ ရက်စက်ယုတ်မာနိုင်အောင် ထောက်ပံ့ပေးနေတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ စီမံကိန်းတွေကို ဆက်လက် လုပ်ကိုင်နေတာဟာ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို မြန်မာစစ်တပ်က မရပ်မနား ကျူးလွန်နိုင်အောင် အားပေးအားမြောက်ပြုနေတာပဲ လို့ ၎င်းက ဆက်ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပိတ်ဆို့အရေးယူမှုတွေနဲ့ ပတ်သက်ပြီး မလုံ‌လောက်သေးဘူး ဆိုတာကို “လက်ရှိအချိန်မှာတော့ ဥရောပသမဂ္ဂ (EU) ကပဲ စစ်အစိုးရရဲ့ အဓိက ဝင်ငွေလမ်းကြောင်းဖြစ်တဲ့ MOGE ကို ဒဏ်ခတ်ပိတ်ဆို့ထားတာ။ EU လုပ်သလို ကျန်တဲ့ အမေရိကန်၊ ဗြိတိန်၊ ကနေဒါနဲ့ သြစတြေးလျလို နိုင်ငံတွေက MOGE ကိုပါ ပိတ်ဆို့အရေးယူဖို့ တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဟာ အာရှတိုက်ရဲ့ အဆင်းရဲဆုံး နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကြွယ်ဝပါတယ်။ နှစ်စဥ် တရုတ်နဲ့ ထိုင်းကို အဓိကထားကာ သဘာဝဓာတ်ငွေ့ တင်ပို့ရောင်းချနေပြီး တူးဖော်ရရှိလာတဲ့အထဲက ၂၀ ရာခိုင်နှုန်း ဝန်းကျင်ကိုပဲ ပြည်တွင်းမှာ သုံးစွဲပါတယ်။ (လက်ရှိ ပြည်တွင်းမှာလည်း သဘာဝဓတ်ငွေ့သုံး bus ကားများနဲ့ Taxi ကားများအတွက် သဘာဝဓတ်ငွေ့ကိုပင် လုံလောက်စွာ မပေးနိုင်တာကြောင့် ဓတ်ငွေ့ဆိုင်တွေမှာ ဂက်စ် ရဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ ကားတန်းရှည်ကြီးများကို နေ့စဥ်တွေ့မြင်လျှက် ရှိပါတယ်- ဖြည့်စွက်)

MOGE ရဲ့ သဘာဝဓာတ်ငွေ့စီမံကိန်းတွေမှာ အရေးပါတဲ့ အစုရှယ်ယာတွေကို တောင်ကိုရီးယားရဲ့ Posco International နဲ့ ထိုင်းနိုင်ငံက PTTEP ၊ Gulf Petroleum Myanmar အပါအဝင် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများက ပိုင်ဆိုင်ထားကြပါတယ်။

အနောက်နိုင်ငံက သဘာဝဓာတ်ငွေ့ ကန်ထရိုက်တာတွေအနေနဲ့ အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်း မြန်မာ့ရေနံနဲ့သဘာဝဓတ်ငွေ့လုပ်ငန်းရဲ့ ဘယ်လိုကဏ္ဍမှာမဆို ပါဝင်ပတ်သက်ဆောင်ရွက်နေမယ်ဆိုရင် စစ်တပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေမှာ ကြံရပါ ဖြစ်လာပါလိမ့်မယ်လို့ ဝင်တက်ကြွလှုပ်ရှားသူတွေက အစဥ်တစိုက် ထောက်ပြပြောဆိုနေကြသလို ဥပဒေရှုထောင့်ကနေ ပညာရှင်အချို့ကတော့ “ကန်ထရိုက်တာတွေ အနေနဲ့ စာချုပ်ချုပ်ဆို ထားတာဖြစ်လို့ တစ်ဖက်သတ် ရပ်တန့်လိုက်ရင် အနာဂတ်မှာ နိုင်ငံတွင်း တရားရေးပြဿနာတွေ ရင်ဆိုင်ရဖွယ်ရှိတယ်”လို့ စောဒက တက်ကြပါတယ်။

Baker Hughes ကုမ္ပဏီက သူတို့ရဲ့ စာချုပ်တွေကို အာဏာသိမ်းမှု မဖြစ်ပွားမီက ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ၂၀၂၂ ခုနှစ် အစောပိုင်းမှာ သက်တမ်း ပြည့်သွားပြီ ဖြစ်တယ်လို့ Guardian သတင်းစာကို အသိပေးထားပါတယ်။ သူတို့အနေနဲ့ စာချုပ်အသစ်တွေ ထပ်မံချုပ်ဆိုထားခြင်း မရှိတဲ့အပြင် “နိုင်ငံအတွင်းမှာ လုပ်ငန်းဆိုင်ရာ ဘေးကင်းလုံခြုံရေးနဲ့ လုပ်ငန်းလည်ပတ်ရေး တို့အတွက် ဝန်ထမ်းအင်အား မလုံလောက်မှု ပြသနာနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Halliburton ၊ Schlumberger နဲ့ Diamond Offshore Drilling လုပ်ငန်း (၃) ခုကတော့ မှတ်ချက်ပေးဖို့ ထပ်ခါတလဲလဲ တောင်းဆိုမှုတွေကို တုံ့ပြန်ခြင်း မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့စီမံကိန်းတွေ လုပ်ကိုင်နေကြတဲ့ ပြင်သစ်လုပ်ငန်း Total နဲ့ အမေရိကန် ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံမှာ တရားမဝင် အားဏာသိမ်းမှုအပြီး တစိုက်မတ်မတ် ဝေဖန်ခံရမှုတွေကြောင့် မြန်မာနိုင်ငံကနေ ပြန်လည်ထွက်ခွာတော့မည် ဖြစ်ကြောင်း ကြောညာခဲ့ပါတယ်။

Chevron ကတော့ “ရတနာစီမံကိန်း” (Yadana Project) က ၎င်းတို့ရဲ့ ရှယ်ယာ ၄၁ ဒဿမ ၁ ရာခိုင်နှုန်းကို ကနေဒါကုမ္ပဏီ MTI Energy ကပိုင်တဲ့ Et Martem Holdings ကို ရောင်းချလိုက်တယ်လို့ Guardian ကို မကြားသေးမှီက ပြောကြားခဲ့ပါတယ်။

အထူးသဖြင့် MOGE နဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ မပြတ်သားတဲ့ ရပ်တည်ချက်က အခြေအနေတွေကို ပိုရှုပ်ထွေးစေပါတယ်။ မြန်မာ့စစ်တပ်က ထိန်းချုပ်ထားတဲ့ ကျောက်မျက်ရတနာတွေ၊ ပုလဲနဲ့ သစ်သယံဇာတ ထုတ်လုပ်ရေး စတဲ့နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း တွေကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့ထားပြီး ဖြစ်ပေမဲ့ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေများစွာ ရှာဖွေပေးနေတဲ့ အဓိက ဇာတ်ကောင် MOGE ကို ယခုအချိန်ထိ အရေးယူခြင်း မရှိသေးပါဘူး။

၂၀၂၁ ခုနှစ်မှာ New York Times သတင်းစာကြီးက အမေရိကန်ရေနံကုမ္ပဏီကြီး Chevron ဟာ အမေရိကန်အစိုးရကို မြန်မာနိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့ လုပ်ငန်း အပေါ် အရေးယူပိတ်ဆို့မှု မလုပ်ဆောင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒီအစီရင်ခံစာ မထွက်ခင်က ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က MOGE ကို ရာဇဝတ်မှု ကျူးလွန်နေတဲ့ လူသတ်တရားခံ အဖွဲ့အစည်းတစ်ခုက ထိန်းချုပ်လည်ပတ်နေတာကြောင့် MOGE အပါအဝင် ဆက်စပ်ပတ်သက်သမျှ အဖွဲ့အစည်း အားလုံးကို ပိတ်ဆို့အရေးယူနိုင်မှသာ မြန်မာစစ်ကောင်စီရဲ့ ဝင်ငွေလမ်းကြောင်းကို ထိထိရောက်ရောက် ဖြတ်တောက်နိုင်မှာ ဖြစ်တယ်လို့ ကုလသမဂ္ဂ မှာ တင်ပြခဲ့ပါသေးတယ်။

ယမန်နှစ် ဇန်နဝါရီလက (အမေရိကန်) နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်နေမှုတွေဟာ အန္တရာယ်သိပ်များတယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ခဲ့တဲ့အပြင်၊ အထူးသဖြင့် အဓိက ပြသနာကောင်ဖြစ်တဲ့ MOGE လို လုပ်ငန်းတွေနဲ့ အလုပ်တွဲ မလုပ်သင့်ကြောင်း သတိပေးခဲ့ပါတယ်။

MOGE အပါအဝင် နိုင်ငံပိုင် စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာပြည်သူလူထုကို အသေအကျေ တိုက်ခိုက်နေတဲ့ စစ်အာဏာရှင်တွေအတွက် ဝင်ငွေများစွာ ရှာဖွေပေးရုံသာမက အကျင့်ပျက်ခြစားမှု၊ ကလေးလုပ်သား နဲ့ အဓမ္မစေခိုင်းမှု၊ စုံစမ်းစောင့်ကြည့်ခံရမှုနဲ့ အခြားလူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေး ချိုး‌ဖောက်မှု စတာတွေအတွက် တာဝန်ရှိပါတယ်” လို့ သတိပေးထားပါတယ်။

အမေရိကန်ဟာ MOGE ကို တိုက်ရိုက်ပိတ်ဆို့ အရေးယူခြင်းမရှိပေမဲ့ မြန်မာ့စွမ်းအင်ဝန်ကြီးဌာနကတဆင့် MOGE ကို ထိန်းချုပ်ထားတဲ့ စစ်အုပ်စုရဲ့ အုပ်ချုပ်မှုအဖွဲ့ဖြစ်တဲ့ စစ်ကောင်စီ (SAC) အဖွဲ့ဝင်တွေကိုတော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ ထုတ်ပြန်ထားတဲ့ အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဌာနရဲ့ “မြန်မာနိုင်ငံဆိုင်ရာ ကုန်သွယ်မှု လမ်းညွှန်”မှာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍဟာ အမေရိကန် ရင်းနှီးမြှုပ်နှံသူတွေ အတွက် အခွင့်အလမ်းတစ်ရပ် ဖြစ်ပြီး အလားအလာ အကောင်းဆုံးလုပ်ငန်း အဖြစ် ဖော်ပြထားပါတယ်။

ဘိုင်ဒင်အစိုးရအနေနဲ့လည်း သူ့ရဲ့ ဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံဟာ မြန်မာ့သဘာဝဓာတ်ငွေ့ကို အဓိက ဝယ်ယူနေသူ ဖြစ် နေတာကြောင့် ထိုင်းနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်ရေးနဲ့ မြန်မာစစ်ကောင်စီအပေါ် ထိရောက်တဲ့ ဒဏ်ခတ်မှုတွေ ချမှတ်နိုင်ရေး စတဲ့ အရေးကိစ္စနှစ်ခုအကြား ဗျာများနေပုံရတယ် လို့ကျွမ်းကျင်သူတွေက ဆိုပါတယ်။

Justice for Myanmar ရဲ့ မရတနာမောင်က “ဘိုင်ဒင် အစိုးရအဖွဲ့ရဲ့ မြန်မာနိုင်ငံအပေါ် ချဥ်းကပ်မှုတွေဟာ အရှေ့အနောက် မညီညွတ်တာကြောင့် အမေရိကန် ‌‌ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေဟာ မြန်မာမှာ ပုံမှန်အတိုင်း စီးပွားရေး လာရောက်လုပ်ကိုင်နိုင်တာဖြစ်ပြီး၊ ဒါဟာ မြန်မာ့စစ်တပ်ကို နိုင်ငံတကာ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နိုင်ဖို့ အားပေးအားမြောက် ပြုနေတာဖြစ်တယ်” လို့ သုံးသပ်ပါတယ်။

ဆက်လက်ပြီး မရတနာမောင်က “အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက MOGE နဲ့ အဆက်အဆံလုပ်တဲ့ အဖွဲ့အစည်းတွေဟာ ငွေကြေးခဝါချမှု၊ အကျင့်ပျက်ခြစားမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အန္တရာယ်များတယ်လို့ သတိပေးထားချိန်မှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနက သူတို့ရဲ့ လုပ်ငန်းတွေအနေနဲ့ အကျိုးအမြတ်များနိုင်တဲ့ မြန်မာ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ကဏ္ဍမှာ အခွင့်အလမ်းတွေ ရှာဖို့နဲ့ MOGE ရဲ့ တင်ဒါတွေမှာ ဝင်ရောက်ယှဥ်ပြိုင် လုပ်ကိုင်ဖို့ စတဲ့ အကြံပေးချက်တွေ ထုတ်ပြန်နေတယ်လို့ သူမက ရှင်းပြပါတယ်။

“လက်ရှိအခြေအနေတွေကို ပြန်လည်သုံးသပ်ပြီး မြန်မာပြည်သူလူထုနဲ့ တသားတည်း ရပ်တည်ကာ MOGE ကို ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ပေးဖို့နဲ့ စစ်ကောင်စီကို စီးဆင်းနေတဲ့ ဝင်ငွေလမ်းကြောင်းတွေကို ဖြတ်တောက်ပေးဖို့ အမေရိကန်ကို တောင်းဆိုပါတယ်” လို့ ဆိုပါတယ်။

(Guardian သတင်းစာကြီးတွင် ဖေဖော်ဝါရီ ၁ ရက် နေ့က ဖော်ပြထားသော Dominic Rushe၊ Nick Mathiason၊ Diarmid O’Sullivan တို့၏ “How world’s biggest fossil fuel firms profited in Myanmar after coup” ဆောင်းပါးကို ပထမအပိုင်းအနေနှင့် ဆီလျှော်အောင်ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article