29 C
Yangon

ထန်တလန်မြို့ကို စစ်တပ်မှ ဗိုလ်ကြီး စောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့တို့က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်ကြောင်း စစ်သုံ့ပန်း ရဲများ ဝန်ခံ

Must read

ထန်တလန်မြို့ကို စစ်တပ်မှ ဗိုလ်ကြီး စောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့တို့က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်ကြောင်း စစ်သုံ့ပန်း ရဲများ ဝန်ခံ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ချင်းပြည်နယ်၊ ထန်တလန်မြို့ကို စစ်တပ်မှ ဗိုလ်ကြီး စောရဲမိုးအောင်နှင့် ဗိုလ်ကြီးဟိန်းမြတ်စိုးအဖွဲ့တို့က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်ကြောင်း စစ်သုံ့ပန်း ရဲများ ဝန်ခံလိုက်ကြသည်။

Chinland Information Centerက ထုတ်ပြန်သည့် ဖမ်းဆီးခံစစ်သုံ့ပန်းရဲများနှင့်တွေ့ဆုံမေးမြန်းခန်းတွင် ရဲများက ထိုသို့ ဝန်ခံလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးခံရဲများသည် ဖေဖော်ဝါရီ(၁)ရက်နေ့ ထန်တလန်မြို့၊ CB ဘဏ်တွင် လုံခြုံရေးကင်းစောင့်ရင်း ဖမ်းဆီးခံခဲ့ရသူ ရဲနှင့်စစ်သား ၆ ဦးတွင် ပါဝင်သူများဖြစ်ကြသည်။

“စစ်ဆင်ရေးကတော့ အများအစားမလုပ်ရပါဘူး။ စစ်ဆင်ရေးလုပ်တဲ့ သပ်သပ်တစ်ဖွဲ့ရှိပါတယ်။ သူက မီးရှို့တာကတော့ တပ်စခန်းကုန်းက ရှိတယ်ဗျ။ သူ အခုတော့ ပြန်သွားပြီဗျ။ သူ့အဖွဲ့သားတွေပဲ ကျန်တယ်။ အဲဒီ ခေါင်းဆောင် သူက အဲ့ဗိုလ်ကြီးက နာမည်က ဗိုလ်ကြီး စောရဲမိုးအောင်တဲ့။ သူ့ရဲ့ နာမည်က ကရင်လူမျိုးပေါ့။ သူကတော့ ဗိုလ်ကြီး စောရဲမိုးအောင်လို့ ခေါ်ပါတယ်။ သူက ဘုရားကုန်းတပ်ကုန်းမှာ နေပါတယ်။ သူက အဲဒီကနေ အဖွဲ့ခေါ်ခေါ်လာပြီးတော့ မြို့တွင်းစစ်ဆင်ရေးတွေ ဘာတွေ သူတို့ လုပ်ကြပါတယ်။ တစ်ခါတလေကျရင် သူတို့ဆင်းလာတယ်။ ဆင်းလာပြီးရင် သူတို့ဘာသာ သူတို့ မီးရှို့ပြီးရင် ကျွန်တော်တို့လည်း မသိရဘူး ။ ကျွန်တော်တို့က မီးခိုးထွက်မှ သိရတာဗျ။ ထွက်ကြည့်တော့ မီးတွေ လောင်နေပြီဗျ။ သူနဲ့ ပါလာတဲ့ အဖွဲ့ကတော့ အဲဒီလိုမျိုး အိမ်တွေ မီးရှို့တာတို့ ၊ ပြီးရင် ဒီဘက် ထွေအုပ်အကျော်ဘက်က ဆောက်လုပ်ရေးတို့ စာသင်ကျောင်းတို့ ဆေးရုံတို့ဘက်ကို စစ်ဆင်ရေးထိုးတာတို့ ဘာတို့ရှိပါတယ်။ သူတို့တစ်ဖွဲ့တည်းတော့ မဟုတ်ပါဘူး ၂၆၉ က အဖွဲ့ပါမယ်။ အရာရှိတစ်ယောက်ပေါ့။ ဗိုလ်ကြီးတစ်ယောက်ပါမယ်။ သူကလည်း သူ့အဖွဲ့ သူပေါ့။ ပြီးရင် ကျွန်တော်တို့ဆီ ရဲစခန်းမှာနေတဲ့ ဗိုလ်ကြီး ဟိန်းမြတ်စိုး သူအပါအဝင် တပ်ဖွဲ့တစ်ဖွဲ့။ အဲဒီ ဗိုလ်ကြီးကို သူက လှမ်းခေါ်တယ်ဗျ။ ခေါ်ပြီးတော့ မီးတွေ ပတ်ရှို့တာ ရှိတယ်။ သူတို့ ပစ်တယ် ခတ်တဲ့ဟာတွေ အသံတော့ ကြားရတာပေါ့။ မြင်တော့ မမြင်ရဘူး။ ဒါပေမဲ့ သူတို့တွေ မီးရှို့တယ် ဖျက်ဆီးတယ်။ အဲဒီလိုမျိုးတွေတော့ မြင်တဲ့အခါတော့ မြင်ရပါတယ်” ဟု ဖမ်းဆီးခံရဲတစ်ဦးက ပြောသည်။

ဗိုလ်ကြီးဟိန်းမြတ်စိုးနှင့် ဗိုလ်ကြီးစောရဲမိုးအောင်တို့၏ အဖွဲ့များက မီးရှို့ပြီးပါက ထန်တလန်မြို့အတွင်း ပြည်သူပိုင်အိမ်များအတွင်းမှ တန်ဖိုးရှိ ပစ္စည်းများကို ခိုးယူ လုယက်ကြသည်ဟု ၎င်းတို့က ဆိုကြသည်။

“မီးရှို့ပြီးရင်လည်း သူတို့က ဒီအတိုင်း အေးအေးဆေးဆေးမနေကြဘူးဗျ။ သူများအိမ်ထဲ ပစ္စည်းတွေ ထုတ်၊ မနိုင်မနင်းတွေ သယ်တယ်။ သူတို့ မနိုင်မနင်းတွေ သယ်လာပြီး သူတို့ မနိုင်တော့မှ ကျွန်တော်တို့ကို လှမ်းပြီး ခေါ်တယ်ဗျ။ လှမ်းခေါ်ပြီး လာဝိုင်းသယ်ဆို ကျွန်တော်တို့ ပစ္စည်းတွေ သွားဝိုင်းသယ်ရတယ်ဗျ” ဟု ဖမ်းဆီးခံရဲတစ်ဦးက ပြောသည်။

အိမ်ခြေ ၂၀၀၀ ကျော်ရှိသော ချင်းပြည်နယ် ထန်တလန်မြို့ကို ၂၀၂၂ ခုနှစ် စက်တင်ဘာ ၉ ရက်မှစတင်ပြီး စစ်တပ်က ၁၅ ကြိမ်ထက်မနည်း မီးရှို့ ဖျက်ဆီးခဲ့သဖြင့် မြို့တစ်မြို့လုံးနီးပါး ပြာကျ ပျက်စီးနေပြီဖြစ်သည်။

ဓာတ်ပုံ- စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျပျက်စီးနေသော ထန်တလန်။

Photo-CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article