34 C
Yangon

ဓားပြမှုဖြင့် အိမ်ချိတ်ပိတ်ခံရ၍ ၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဟု မင်းအုပ်စိုး ပြော၊ အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

Must read

ဓားပြမှုဖြင့် အိမ်ချိတ်ပိတ်ခံရ၍ ၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဟု မင်းအုပ်စိုး ပြော၊ အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ဓားပြမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသော အိမ်ကို စစ်တပ်က ချိတ်ပိတ်သွားသော်လည်း နောက်ဆုံး ထွက်သက်အထိ စစ်တပ်ကို ချစ်ခင်လေးစားမည်ဟု ယမန်နေ့ လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုသည်။

“ဖိုးစိန်လမ်းမှာရှိတဲ့ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရတယ်ဆိုတာ …… မှန်ပါတယ်…… ။ ဘာကြောင့်မို့ ချိတ်ပိတ်ခံရတာလည်းဆိုရင် ……. လွန်ခဲ့တဲ့ (၈) လကျော်တုန်းက ဖြစ်ခဲ့တဲ့ ပြသာနာကြောင့်ပါ ။ ကျွန်တော့်ကိုစွဲခဲ့တဲ့ ပုဒ်မကြောင့်ပါ ။ ကျွန်တော့်ကို တရားစွဲခဲ့ကြတဲ့ ဓားပြမူကြောင့်ပါ ။ အဲ့ဒီချိန်မှာကတည်းက ဒီဓားပြမူကို ကျွန်တော် မကျုးလွန်ခဲ့တာမို့ ရဲစခန်းမှာသွားပြီး အဖမ်းမခံခဲ့ပါဘူး ။ တေးနုယဉ်သေတုန်းက ကျွန်တော့်ကြောင့်သေတာ မှန်ကန်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာ သွားအဖမ်းခံခဲ့ပါတယ် ။ ဒီဓါးပြမှုမှာတော့ သူတို့တွေက ကျွန်တော့်ကို မတရားအမှုဆင် စွဲထားကြတာပါ ။ သူတို့စွဲထားတဲ့ ဓားပြမှုဆိုတာကြီးကို ကျွန်တော်နဲ့ ကျွန်တော်ညီတွေ ၊ ညီမတွေ မကျုးလွန်ခဲ့ကြပါဘူး ။ ဒါကြောင့်မို့ ရဲစခန်းမှာ ကျွန်တော်သွားပြီး အဖမ်းမခံနိုင်ပါဘူး ။အချုပ်ထဲဝင်မနေနိုင်ပါဘူး” ဟု မင်းအုပ်စိုးက ရေးသားထားသည်။

ဓားပြမှုဖြင့် အမှုဆင် ဖမ်းဆီးခံရခြင်းဖြစ်သည့်အတွက် ၎င်းကို ချောက်ချသည့် လက်မည်းကြီးများ ရှိနေသည်ဟု မင်းအုပ်စိုးက ဆက်ပြောသည်။

“တကယ့် အဖြစ်အပျက်မှန်ကို လူအများသိအောင် ဖွင့်ထုတ်ပြောပြမယ်ဆိုရင် …….. အဲ့ဒီအမှုမှာ ဝင်ရောက်စွက်ဖက် ခဲ့ကြတဲ့သူတွေအဖို့မှာ ရာထူးတွေ ထိခိုက်တော်မူကြပါမယ်တဲ့ ။ ကျွန်တော်ချစ်တဲ့သူတွေ ထိခိုက်မှာစိုးရိမ်တာကြောင့် ကျွန်တော့်ကိုစွဲထားတဲ့ အမူနဲ့ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ အမှန်တရားကို ကျွန်တော်က ရေငုံနေခဲ့ပါတယ် ။ နူတ်ပိတ်နေခဲ့ပါတယ် ။ ဘယ်သူကိုမှလည်းပြောမပြခဲ့သလို ၊ ဘယ်နေရာမှာမှလည်းစာရေးမပြခဲ့ပါဘူး ။

တကယ်ဆိုရင် လွန်ခဲ့တဲ့ ၈ လအကျော်အချိန်မှာ ကျွန်တော် Live လွင့်ခဲ့စဉ်အချိန်တုန်းက ……. သူတို့တွေ စစ်ဆေးခဲ့ချိန်တုန်းက …ကျွန်တော်ဓားပြမတိုက်ခဲ့တာရယ် ဗဟန်းစခန်းက ဒုရဲအုပ်ကျော်ကျော်ဝင်းနှင့်

ရဲအုပ်ထင်အောင်ကျော်တို့ မရိုးသားခဲ့တာရယ် နောက်ကွယ်ကနေ ဖိအားပေး စေခိုင်ခဲ့တာက ဘယ်သူဖြစ်တယ် ဆိုတာရယ် ……. အာလုံးပေါ်လွှင်ခဲ့ပါတယ်ဗျာ” ဟု မင်းအုပ်စိုးက ဆိုသည်။

ဓားပြမှုဖြင့် မင်းအုပ်စိုးအဖွဲ့မှ ထွန်းဝင်းဆိုသူကိုလည်း စစ်တပ်က ဖမ်းဆီးထားပြီး ချုပ်နှောင် စစ်ဆေးနေကြောင်း သိရှိရသည်။

“ကျွန်တော့်ညီလေး မောင်ထွန်းဝင်းကလည်း ဒီနေ့ဒီအချိန်ထိ အင်းစိန်ထောင်ထဲမှာ ဓားပြမူနဲ့ တရားအစွဲခံထားရတုန်းပါပဲ ။ သူ့ခမျာ အကျဉ်းသားဘဝနဲ့နေရဆဲပါပဲ ။ ကျွန်တော်ကလည်း ဝရမ်းပြေးတစ်ယောက်ဘဝမှာ ကျင်လည်နေရဆဲပါပဲ ။ ဒါ့အပြင် ……. အပိုဆုအဖြစ် ဒီကနေ့မှာ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရပါသေးတယ်” ဟု မင်းအုပ်စိုးက ဆက်ပြောသည်။

၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို ဆက်ချစ်နေဆဲဟု မင်းအုပ်စိုးက ဆိုသည်။

” မြန်မာတပ်မတော်သားတွေကို ချစ်ခင်နေဆဲပါ ။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေကို ယုံကြည်အားကိုးနေဆဲပါ ။ နိုင်ငံ့ဝန်ထမ်းတွေကို ချစ်ခင်အားကိုး လေးစားနေဆဲပါ ။ ကျွန်တော့်နောက်ဆုံး ထွက်သက်အထိလည်း မြန်မာ့တပ်မတော်ကြီးနဲ့ မြန်မာ့တပ်မတော်သားတွေအပေါ်မှာ ချစ်ခင်ယုံကြည် အားကိုးလေးစားနေမှာပါ ။ ဒီစိတ်က ဘယ်လို အခြေအနေမျိုးတွေနဲ့ပဲ ကြုံရကြုံရ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ပါဘူး” ဟု မင်းအုပ်စိုးက ဆိုထားသည်။

လက်ရှိ ထွက်ပြေးတိမ်းရှောင်နေသော မင်းအုပ်စိုးသည် အင်းစိန်ကမ်းနားမှ လူမိုက် ထောင်ထွက် ပြည်သူ့စစ်(ခေါ်) ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်၊ ကျင်ဟုတ်တို့နှင့် တစ်ဖွဲ့တည်း ထောင်ထဲတွင် သိကျွမ်းခဲ့ကြရာ ထောင်မှ ပြန်လွတ်လာချိန် အပြင်လောကတွင် တပူးပူးတတွဲတွဲ နေကြကြောင်း သိရှိရသည်။

“မင်းအုပ်စိုးကကျော်ဝင်းစိန်က တစ်ဖွဲ့တည်း သူ့ကားအကောင်းစားကြီးကိုကျော်ဝင်းစိန်ကိုပေးထားတာ။ သူ့ဓားမြတိုက်တာ အမှန်ဆို ကျော်ဝင်းစိန်၊ကျင်ဟုတ်တို့ ညီအစ်ကိုတွေနဲ့ တစ်ဖွဲ့တည်းပဲ။ ကျော်ဝင်းစိန်တို့အမျိုးတွေက ထန်းတပင်ဘက်မှာသရက်ခြံနဲ့ငါးကန်တွေရှိတယ်။ ပြီးတော့ရွှေပြည်သာနဲ့ဝါးတစ်ရာဘက်မှာ လည်းကျော်ဝင်းစိန် လူခံတွေရှိတယ်။ အဲဒီဘက်လောက်မှာ မင်းအုပ်စိုး လောလောဆယ်ပုန်းနေတယ်လို့ သိရတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။

မင်းအုပ်စိုးနှင့် ဆက်စပ်နေသူ လူမိုက်ကျော်ဝင်းစိန်သည် NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရသူဖြစ်ပြီး ဖမ်းဆီးရမိချိန်က လိုင်စင်မဲ့ကား၊ ဆိုင်ကယ်၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် တွံတေးတွင် အမျိုးသမီးတစ်ဦးကို ပြန်ပေးဆွဲပြီး သိန်း ၂၀၀၀ ဖြင့် အရွေးခိုင်းခဲ့မှု၊ လုယက်မှု များ ကျူး လွန်ခဲ့ကြောင်း၊ ၂၀၁၃ ခုနှစ်တွင်ပင် လှိုင်သာယာ တိုးဂိတ်အနီးတွင် ရဲတပ်ဖွဲ့ဝင်များကို ဓားဖြင့်ခုခံ တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပြတ်ရှဒဏ်ရာ ရရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မူးယစ်ဆေးဝါးရောင်း ဝယ်မှု ကျူးလွန်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းကို ဖမ်းဆီးရမိခဲ့ပြီး အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် အလုံမြို့နယ်တရားရုံးများက လုယက်မှု၊ ဓားပြမှုများ၊ မူးယစ်မှုများဖြင့် ထောင် ဒဏ် ၆၅ နှစ်၊ ၃ လ ချမှတ်ခဲ့ရသူဖြစ်ကြောင်း သိရှိရသည်။

လူမိုက်ကျော်ဝင်းစိန်သည် ထောင်ဒဏ်ကျခံနေရချိန် မုပ္ပလင်ကျောက် ထုတ် လုပ်ရေး စခန်းမှ ထွက်ပြေးခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် တွင် ပြန်လည်ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် ၁၀ နှစ်ကျော် ထပ်မံ ချမှတ်ခံရသဖြင့် နှစ်ပေါင်းထောင်ဒဏ် ၇၅ နှစ်ကျော် ချမှတ်ခံခဲ့ရကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်၏ လွတ် ငြိမ်း ချမ်းသာခွင့်ဖြင့် ပြန် လည် လွတ် မြောက် လာသူဖြစ်ကြောင်း သိရှိရသည်။

သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုးသည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် သူထုတ်ဝေသော သရပါ မဂ္ဂဇင်းမှအယ်ဒီ တာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့ပြီး လူသတ်မှုဖြင့် ၂၀၁၅ ခုနှစ် ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ် တစ်သက် တစ်ကျွန်းချမှတ်ခံခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန် လည် လွတ်မြောက်လာခဲ့ပြီး ထောင်မှ လွတ်လာပြီးနောက် ၂၀၂၂ ခုနှစ်တွင် OASIS တည်းခိုးခန်းကို မင်းအုပ်စိုးနှင့်အဖွဲ့က ဝင်ရောက် ရမ်းကားပြီး ရိုက်နှက် ဓားပြတိုက်ကြောင်း သိရှိရသည်။

ယင်းနောက် အရိုက်နှက်ခံရသူများက အမှုဖွင့်သဖြင့် မင်းအုပ်စိုးကို ဓားပြမှု၊ ဆဲဆိုမှု၊ ပိုင်နက်ကျူးလွန်မှု၊ ခြိမ်းခြောက်မှုများဖြင့် ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်ပြီး တရားရုံးက ဖမ်းဆီးရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ သို့ရာတွင် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ၎င်း၏ ဗဟန်းမြို့နယ်၊ ဖိုးစိန်နေအိမ်ကို ယမန်​နေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် စစ်တပ်က ချိတ် ပိတ်လိုက်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မင်းအုပ်စိုးနှင့် လူမိုက် ထောင်ထွက် ကျော်ဝင်းစိန် ထောင်မှ လွတ်ပြီးနောက် တွေ့ရစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article