30 C
Yangon

ရေတာရှည်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ၊ ရွာကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်

Must read

ရေတာရှည်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦးဒဏ်ရာရ၊ ရွာကို အတင်းအကျပ်ပြောင်းရွှေ့ခိုင်းပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်၏ ပစ်ခတ်မှုများကြောင့် အသက် ၄ နှစ်အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး အရပ်သား ပြည်သူ ၄ ဦးဒဏ်ရာရရှိကြောင်း ဒေသသတင်းရင်းမြစ် Yedashe Township Informationက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ ဒိုးတန်းကျေးရွာအုပ်စု၊ ‌ဒိုးတန်းနှင့် ပင့်သီလာကျေးရွာကြား ဆောက်လုပ်ထားသော စစ်တောင်းမြစ်ကူး ကူးတို့တံတားပေါ်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ ၁ နာရီခန့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း ဒိုးတန်းကျေးရွာဘက်အခြမ်းတွင် နေရာယူထားသော စစ်ကောင်စီတပ်ဖွဲ့က ၆၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်သဖြင့် ပင့်သီလာကျေးရွာမှ အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။

ထို့နောက် ရေတာရှည်မြို့တွင်းမှ စစ်ကောင်စီတပ်၏ စစ်ကူတပ်များ အောင်ချမ်းသာကျေးရွာသို့ စစ်ကားဖြင့် ရောက်ရှိလာပြီး သာယာကုန်းကျေးရွာအတွင်းသို့ လက်နက်ငယ်များ ပစ်ခတ်ခဲ့ရာ သာယာကုန်းကျေးရွာမှ အသက် ၄ နှစ် အရွယ် ကလေးငယ်၏ နားထင်သို့ ကျည်ဆန်ဖောက်၀င်သွားပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း၊ မိခင်မှာ မူ လက်မောင်းကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်က ဒိုးတန်းရွာ တောင်ဘက် လယ်ကွင်းထဲတွင် ငါးရှာနေသော ဒိုးတန်းကျေးရွာမှ စိတ်ကျန်းမာရေး မကောင်းသူ ဦးကြည်လွင်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး သတင်းအစအန ပျောက်ဆုံးနေကြောင်း သိရှိရသည်။

စစ်တပ်က ဒိုးတန်းကျေးရွာရှိ ပြည်သူပိုင် နေအိမ်တစ်လုံးမှ ငွေ ၈ သိန်းကျပ် ခိုးယူခြင်း၊ ဒိုးတန်းကျေးရွာသူ အမျိုး သမီး သုံးဦးထံမှ ဆွဲကြိုးနှစ်ကုံးနှင့် လက်စွပ်တစ်ကွင်းကို လုယက်ခြင်း၊ ကျေးရွာအတွင်းရှိ အရက်ဆိုင်ကို ရိုက်ချိုး၀င်ရောက်ကာ အရက်များ သောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း၊ စစ်တပ်၏ စစ်ကြောင်းထိုးလာမှုနှင့် တိုက်ပွဲများကြောင့် ဒိုးတန်း၊ ပင့်သီလာ၊ ဇရစ်ရိုးကုန်းနှင့် မိချောင်းအိုင်ကျေးရွာများအား ပြည်သူ ၄၀၀ ကျော် စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

ယမန်နေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ဒိုးတန်းတစ်ရွာလုံးကို အတင်းအကျပ် စစ်တပ်က ရွှေ့ပြောင်းခိုင်းပြီး တစ်အိမ်တက်ဆင်း စိတ်ကြိုက်‌မွှေနှောက်သောင်းကျန်းခဲ့ကြကြောင်း၊ လက်ရှိအချိန်တွင် ဒိုးတန်းကျေးရွာအတွင်း စစ်တပ်က တပ်စွဲထားပြီး ပြည်သူပိုင် အိမ်မွေးတိရိစ္ဆာန် ဝက်များ ခိုးယူ ပေါ်စားနေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော အသက် ၄ နှစ်အရွယ် ကလေးငယ်နှင့် ဒဏ်ရာရရှိထားသော မိခင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article