ဟုမ္မလင်း၊ နန့်နန်းရွာတွင် ၅ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု အများအပြားဖြင့် ဆုတ်ခွာသွား၊ မြင်းခြံတွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက် ခိုက် မှု ၄ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ နန့်နန်းကျေးရွာတွင် ၅ ရက်ဆက်တိုက် တိုက် ပွဲ ဖြစ်ပွားပြီး စစ်တပ်ဘက်မှ သေဆုံးမှု များပြားကြောင်း ဟုမ္မလင်း PDF မိုး ကြိုး တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ JZ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် စစ်ကောင်စီ တပ်မ၂၂ မှ စစ်ကြောင်းနှင့် ရှမ်းနီSNAတပ်ဖွဲ့စစ်ကြောင်းက ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် နန့်နန်း ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ကြောင်း၊ တိုက်ပွဲသည် ၅ ရက်ကြာ ကြာမြင့်ပြီး စစ်ဘက်မှ သေဆုံးမှု ထိခိုက်မှုများစွာဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။
“၅ရက်အကြာတိုက်ပွဲမှာ စစ်ခွေးပူးပေါင်းစစ်ကြောင်းမှာ စစ်သား ၄၀ ကျော်သေဆုံးခဲ့တယ်။ စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူများလည်းအများအပြားဒဏ်ရာရရှိပြီး စစ်ကြောင်းက ပြန်လည် ဆုတ်ခွာသွားပါတယ်။ အဲဒီစစ်ကြောင်းက ၅ရက် အကြာတိုက်ပွဲမှာ နန့်နန်းရွာပေါ်ရှိအိမ်တွေကို အကုန်ရိုက်ဖွင့်ဖျက်စီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူ လု ယက်သွားပါတယ်” ဟု ဟုမ္မလင်း PDF မိုးကြိုးတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံ JZ က ပြောဆိုသည်။
အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု ၄ ဦးသေဆုံးကြောင်း Natogyi Regional Defense Force – NRDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် ၈ နာရီ ၄၀ မိနစ်တွင် နွားထိုးကြီးမြို့နယ် ရဲစခန်းမှ ထွက်ခွာလာသည့် စစ်သားများ လိုက်ပါလာသည့် ကား ၁ စီးကို Natogyi Regional Defense Force – NRDF က မြင်းခြံမြို့နယ်၊ ညောင်ပင်ရွာ အနောက်ဘက်၌ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး သေဆုံးကြောင်း သိရသည်။
” နံနက် ၈ နာရီ ၄၀ မိနစ်မှာ နွားထိုးကြီး ရဲစခန်းက ထွက်လာတဲ့ စစ်ခွေး ၇ ကောင်လိုက်လာတဲ့ ကား ၁ စီးကို မြင်းခြံ ညောင်ပင်ရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။ ၄ ကောင် သေတယ်လို့ သတင်းရထားပါတယ်။ နောက်ထပ် စုံစမ်း နေပါတယ်” ဟု Natogyi Regional Defense Force – NRDF မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
ဓာတ်ပုံ- ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။
