34 C
Yangon

အကြမ်းဖက် မြန်မာစစ်တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို

Must read

အကြမ်းဖက် မြန်မာစစ်တပ်ကို ICC တရားရုံးပို့ဆောင်ရေးနှင့် ICJ တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများ သို့ အဖွဲ့ ၆၁ ခုက တောင်းဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

စစ်ရာဇဝတ်မှုနှင့် လူမျိုးတုန်းသတ်ဖြတ်နေသော မြန်မာစစ်တပ်ကို ICC တရား ရုံးပို့ဆောင်ရေးနှင့် ICJ တရားရုံး တွင် တရားစွဲဆိုထားမှုတွင် ဦးဆောင်ပါဝင်ရန် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများသို့ အဖွဲ့ ၆၁ ခုက စာပေးပို့ တောင်းဆို လိုက်ကြောင်း သိရှိရသည်။

ဥရောပရောက် အဝေးရောက် မြန်မာနိုင်ငံများသား ဦးဆောင်သော အဖွဲ့အစည်း ၆၁ ခုက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဥရောပသမဂ္ဂနှင့် ဥရောပနိုင်ငံများသို့ အိတ်ဖွင့်ပေးစာတစ်စောင် ပေးပို့လိုက်ပြီး ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး မြန်မာစစ်အာဏာရှင်ကြောင့် ဖြစ်ပျက်နေရသော လူ့အခွင့်အရေးပြဿနာများနှင့် လူသားချင်းစာနာမှု လိုအပ်သောဒုက္ခအဝဝတို့ကို ဝိုင်းဝန်းကူညီတုံ့ပြန်ကြပါရန် နှင့် မြန်မာစစ်တပ်ကို ချက်ချင်း အရေးယူဆောင်ရွက်ရန် ဥရောပသမဂ္ဂနှင့် ဥရော ပနိုင်ငံကြီးများသို့ တောင်းဆိုလိုက်ကြသည်။

အဖွဲ့ ၆၁ ခုက တောင်းဆိုစာကို ဥရောပသမဂ္ဂ၏ ခေါင်းဆောင် ၄ ဦးဖြစ်သည့် Mr. Charles Michel၊ Dr. Ursula Von der Leyen၊ Mr. Josep Borrell Fontelles၊ Ms. Roberta Metsola တို့ကို လိပ်မူ ပေးပို့ပြီး သက်ဆိုင်ရာ ဥရောပ နိုင်ငံများသို့လည်း ပေးပို့ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် လက်ရှိနာကျင်ခံစားနေရသော ဒုက္ခအပေါင်းကိုလည်းကောင်း၊ ပြည်သူများ၏ အလားတူ ရဲရင့်ပြောင်မြောက်လှသော တော်လှန်ရေးကိုလည်း ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေနှင့် ရှင်းလင်းပြတ်သားသည့် ရပ်တည်ချက်တစ်ခု ချက်မှတ်ပြီး တုံ့ပြန်မှုကို မဆိုင်းမတွဆောင်ရွက်ကြပါရန်နှင့် မြန်မာနိုင်ငံ၏ ပြဿနာကို ဖြေရှင်းရာတွင် ပိုမို တက်ကြွစွာပါဝင်ကြပါရန် တိုက်တွန်းသည်။

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာ့အရေး ဆောင်ရွက်ရာတွင် အောက်ပါအတိုင်း အကြံပြုကြောင်း အဖွဲ့ ၆၁ ခုက ပေးပို့ တိုက်တွန်းထားသည်။

– NUG, CRPH, NUCC, လူမျိုးစုပြည်နယ်များမှ အတိုင်ပင်ခံကောင်စီများ၊ EROs အသီးသီး၏ နိုင်ငံရေးကိုယ်စားလှယ် အခြားအစုအဖွဲ့နှင့် တိုက်ရိုက်ဆက်ဆံပြီး လက်တွဲဆောင်ရွက်စေလိုပါသည်။ ၎င်းတို့၏ စွမ်းဆောင်ရည်မြှင့်တင်မှုအစီအစဉ်များတွင် ပံ့ပိုးကူညီပေးစေလိုပါသည်။ ဖယ်ဒရယ်ဒီမိုကရက်တစ်ချာတာကို ထောက်ခံကြသော ထိုကျယ်ပြန့်သည့် မဟာမိတ်အစုအဖွဲ့များကို ထောက်ပံ့ပေးခြင်းကသာ မြန်မာပြည်၏လက်ရှိပဋိပက္ခကို အဆုံးသတ်စေနိုင်ပြီး ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ပြည်တွင်းစစ်မီးငြိမ်းနိုင်မည်ဖြစ်သည်။ ထိုအချက်ကသာလျှင် EU ၏ မူဝါဒရေးရာ မျှော်မှန်းချက်လည်းဖြစ်သင့်သည်။

-မကြာသေးမီအထိ NUG ကိုယ်စားလှယ်များနှင့် လူသိရှင်ကြား တွေ့ဆုံဆွေးနွေးခဲ့ကြသော ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများကို များစွာကြိုဆိုပါသည်။ သို့ရာတွင် မြန်မာစစ်တပ်ကို ယခုထက်ပိုမိုပြင်းထန်သောသတင်းစကားမျိုးပေးပို့ရန်၊ မြန်မာပြည်သူတို့နှင့် အတူရှိကြောင်း ပို၍ ထိရောက်စွာအသိပေးနိုင်ရန်အတွက် ယခုအချိန်တွင် ထိုကဲ့သို့သော အစည်းအဝေးများ၌ဝန်ကြီးချုပ်နှင့် သမ္မတအဆင့်များအထိ ပါဝင်လာရန်လိုအပ်ပါသည်။

– NUG နှင့် EROs များ၏ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ငွေကြေးထောက်ပံ့ပေးရန်- စစ်တပ်က တမင်တကာ ဖျက်ပစ်ပစ်နေသော ပြည်သူများကို မပေးဘဲ တမင်နေသော ကျန်းမာရေး၊ပညာရေး၊ တရားရေးနှင့် အခြား ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဤအဖွဲ့အစည်းများအနေနှင့် တစိုက်မတ်မတ်ဆောင်ရွက်နေကြောင်း တွေ့ရှိခဲ့ရပြီးဖြစ်ပေသည်။ EU မှ ထိထိရောက်ရောက်ရံပုံငွေ ပေးအပ်နိုင်ပါလျှင် ထို အရေးပေါ်လိုအပ်နေသော ပြည်သူ့ရေးရာ လုပ်ငန်းများ ပိုပြီး ခိုင်မာစွာ လည်ပတ်လာနိုင်မည်ဖြစ်ပြီး လျှင်လျှင်မြန်မြန်ပင် နိုင်ငံတစ်ခု ပြိုလဲပျက်စီးလာနေသည့်အဖြစ်မှ ကာကွယ်နိုင်ပေလိမ့်မည်။

– ပြည်သူတို့၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM)ကို ငွေကြေးထောက်ပံ့ရန် တိုက်တွန်းလိုပါသည်။ CDM များကို ကူညီခြင်းအားဖြင့် မရှိမဖြစ် အခြေခံပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို ပြန်လည် ထူထောင်လာနိုင်ရန် ကူညီနိုင်ပေသည်။ ကူညီလည်းကူညီသင့်ပေသည်။ စစ်အုပ်ချုပ်ရေးပိုင်းသည် ပြည်သူရေးရာဝန်ဆောင်မှုများပြန်လည်ထူထောင်ရာတွင် လိုအပ်နေသော လုပ်ငန်း ကျွမ်းကျင်သူများဖြစ်ကြသည့် CDM များကို အိမ်တိုင်ရာရောက်လိုက်လံရှာဖွေခြင်း၊ ဖမ်းဆီးခြင်း၊ ကိုယ်ထိလက်ရောက် ထိပါးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခြင်းနှင့် သတ်ဖြတ်ခြင်းများပင်ရှိနေပါသည်။

-မြန်မာနိုင်ငံလူ့အခွင့်အရေးကိစ္စများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အန်ဒရူးက အကြံပြုထားသည့်အတိုင်း မြန်မာ့လူ့အခွင့်အရေးကိစ္စများကို အားပေးကူညီနိုင်ရန် အဖွဲ့ဝင်နိုင်ငံများအားလုံးကို အစည်းအဝေး ခေါ်ယူဆွေးနွေးပါရန်။ ထိုသို့ဆွေးနွေးရာတွင် ပြည်သူအပေါ် ကြမ်းချင်သလောက်ကြမ်းပြီး ဒီမိုကရေစီလိုလားသော ပြည်သူများကို ဖိနှိပ်အကြမ်းဖက်လိုသည့် စစ်တပ်ဘက်တွင် လက်နက်များ၊ ငွေများ၊ တရားဝင်မှုများမရရှိရလေအောင် ပို၍ တိကျပြတ်သားပြီး၊ အချိတ်အဆက်မိသော၊ မဟာဗျူဟာကျသော လုပ်ငန်းများကိုဆောင်ရွက်ကြပါရန်တောင်းဆိုအပ်ပါသည်။

– နယ်စပ်မှ ဖြတ်ကျော်ပြီးပေးပို့ခြင်းနှင့် ဒေသခံအကူအညီ‌ပေးရေးအဖွဲ့များနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများမှတဆင့် လူသားချင်းစာနာမှုအကူအညီပေးအပ်နိုင်ရေး အထောက်အပံ့ပေးရန်- တင်းကြပ်သော ဗြူရိုကရေစီယန္တရားကို ဖြတ်စရာမလိုသည့်အပြင် ဒေသခံအရပ်ဘက်လူ့အဖွဲ့အစည်းအပေါ်ကျစေသည့် ဝန်ထုတ်ဝန်ပိုးများကို ဖယ်ရှားပေးခြင်းအားဖြင့် လူသားချင်းစာနာမှု အကူအညီများကို ထောက်ပံ့ပေးအပ်ပါရန်။

-UNOPSနှင့် INGO များက စီမံခန့်ခွဲနေသော ယခု လက်ရှိ အလှူရှင်စုပေါင်း ရံပုံငွေ စနစ်ကြီးကို အလွန်အကျွံ မှီခိုနေရခြင်းက ထင်သလောက် ခရီးမတွင်ခြင်းများရှိပါသည်။ ထိုသို့ ဖြစ်ရခြင်းကြောင့် အကူအညီကို အလျင်စလို လိုအပ်နေကြသည့် အားနည်းထိခိုက်လွယ်သော လူ့အဖွဲ့အစည်းနှင့် ရပ်ရွာအစုအဝေးများထံသို့ အကူအညီများ မရောက်နိုင်ခြင်းများရှိခဲ့ပါသည်။ အကူအညီအတိုင်းအတာကို ကြီးကြီးမားမား တိုးမြှင့်ပေးရန်လိုအပ်နေသကဲ့သို့ မှတ်ပုံတင်မရှိသော အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် နယ်စပ်ဖြတ်ကျော်အကူအညီပေးရေး အစီအစဉ်များကတဆင့် EU သည် တိုင်းပြည်အတွင်း အကူအညီလိုအပ်နေသော သန်း‌ပေါင်းများစွာထံသို့ ထောက်ပံ့မှုများ အရောက်ပို့နိုင်ပါသည်။

– စစ်အုပ်ချုပ်ရေး၏ တရားဝင်မှုကို ငြင်းပယ်ရန်- ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးထောက်ပံ့မှုဖြင့် ကျင်းပသော အခမ်းအနားများသို့ တရားဝင်မဟုတ်သောနည်းလမ်းများဖြင့် အာဏာကိုယူထားသော အာဏာပိုင်တို့၏ မည်သည့်ကိုယ်စားလှယ်ကိုမဆို ဖိတ်ကြားခြင်းမပြုဘဲ ငြင်းပယ်ကြပါရန် (ဥပ‌မာ- ဂျာမန်ဖယ်ဒရယ်နိုင်ငံခြားရေးရုံး၏‌ ငွေဖြင့် ကျင်းပသော နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးစီမံကိန်းသို့ ပါဝင်ခွင့်မပေးဘဲ ငြင်းပယ်ခြင်း)

– စစ်တပ်၏ ရွေးကောက်ပွဲအလိမ်အညာကို ဥရောပက ငြင်းဆန်ကြောင်း ရှင်းလင်းပြတ်သားစွာ ကြားသိစေရန်- အခြားမိတ်ဖက်များကိုလည်း ထိုသို့ မုသားရွေးကောက်ပွဲကို လက်လည်းမခံ၊ ဖြစ်သင့်ကြောင်းလည်း မထောက်ခံကြောင်း သတင်းစကားပါးသင့်ပါသည်။ အထူးသဖြင့် အာဆီယံ။ ရွေးကောက်ပွဲကျင်းပခြင်းသည်လည်း ရွေးကောက်ပွဲအင်္ဂါများနှင့်အညီလွတ်လပ်ပြီးတရားမျှတသော ထုံးစံများနှင့်အညီကျင်းပနိုင်မည်မဟုတ်ပေ။

-စစ်အာဏာပိုင်များကို ဆန့်ကျင်သော နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ဖမ်းဆီး ထောင်ချပြီး နှိပ်စက်ခံနေရသလို ပြည်ပသို့ တိမ်းရှောင်နေကြရသူများ အသတ်ခံခဲ့ကြရသူများလည်းရှိသည်။ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲကိုတစ်နည်းနည်းနှင့် ထောက်ခံခြင်းသည် ‘ဘေးရန်ကင်းကွာစေရေး ‘do no harm’ မူများကိုလည်း ချိုးဖောက်ရာကျပါသည်။ ရွေးကောက်ပွဲတွင် မဲပေးသူစာရင်းကိုကောက်ယူခြင်းအား ဆန့်ကျင်နေကြသည့်အလျောက် လက်နက်ကိုင်လှုပ်ရှားမှုတိုက်ပွဲများပို၍ အရှိန်ပို မြင့်တက်လာသည်ကိုတွေ့မြင်နေကြရသည်။

-ကုလလုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းပေးရန် သို့မဟုတ် မြန်မာနိုင်ငံအတွက် ခုံရုံးတစ်ခုသီးသန့် ဖွင့်လှစ်နိုင်ရန် ကြိုးစားလျှက်ရှိရာ ထိုကိစ္စအတွက် အထောက်အကူများပေးရန်။

– The Rome Statute ရောမသဘောတူစာချုပ်၏ ပုဒ်မ ၁၂(၃) အရ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း ကျူးလွန်ခဲ့သည့် စစ်တပ်၏ နိုင်ငံတကာ မှုခင်းများနှင့် စပ်လျဉ်း၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ထံ NUG က စွဲဆိုချက်များတင်သွင်းလာလျှင် လက်ခံပေးပါမည့်အကြောင်း ICC ကို EU ကတိုက်တွန်းပေးရန်။

– အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် မြန်မာကို ဂမ်ဘီယာက တရားစွဲထားသော အမှုကို ဆက်လက် ထောက်ခံပေးပြီး ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော လူမျိုးတုံးသတ်ဖြတ်မှုများအတွက် အပြည့်အဝတာဝန်ယူမှုရှိစေရေးအတွက် ဆက်လက်အကောင်အထည်ဖော်ခြင်းကို အားပေးရန်။

– EU နှင့်အဖွဲ့ဝင်နိုင်ငံများသည် မြန်မာနိုင်ငံစစ်တပ်က လေယာဉ်ဆီမရရှိနိုင်ရေးအတွက် ပိတ်ဆို့မှုများရနိုင်သလောက် ဆောင်ရွက်ပေးရန်။ အရပ်သားပြည်သူများအပေါ် ဂျက်လေယာဉ်များ၊ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ ထင်သလို ဖြစ်ခတ်နေခြင်းကြောင့် သေဆုံးမှုများထောင်ချီဖြစ်ပေါ်ခဲ့ရသလို လူပေါင်းများစွာမှာ အိုးအိမ်ဆုံးရှုံးခဲ့ရပါသည့်အပြင် လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာလူမှုဒုက္ခကြီးမားစွာဖြစ်ပေါ်စေပါသည်။

– တည်ဆဲချမှတ်ထားသော ပိတ်ဆို့အရေးယူမှုများကို အကောင်အထည်ဖော်ရန်နှင့် စောင့်ကြည့်မှုများကိုတိုးမြှင့်ဆောင်ရွက်ရန်- မြန်မာစစ်တပ်က လက်နက်နှင့် ဝင်ငွေအရင်းအမြစ်များကို ပုံမှန်ထပ်မံပိတ်ဆို့ပေးသည့် လက်ရှိမူဝါဒကို ဆက်လက်ဆောင်ရွက်ရန်နှင့် အရှိန် တိုးမြှင့်အကောင် အထည်ဖော်ပေးပါရန်တိုက်တွန်းအပ်ပါသည်။ ပိတ်ဆို့ဒဏ်ခတ်မှု အသစ်များကို ချမှတ်ရာတွင် အမေရိကန်နှင့် ယူကေက မိတ်ဖက်များနှင့် အတူပူးပေါင်းကာ သတ်မှတ်ဆောင်ရွက်သင့်ပါသည်။ ထို့အတူ သြစတြေးလျား၊ တောင်ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်တို့ကိုပါ ဥရောပသမဂ္ဂ၏ ပိတ်ဆို့ဒဏ်ခတ်မှုအသစ်များတွင်ပါဝင်ပေးကြပါရန် နားချသင့်ပါသည်။

-မြန်မနိုင်ငံသို့လက်နက်များရောင်းချနေကြသော ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် ကုမ္ပဏီများကို ပိတ်ဆို့ဒဏ်ခတ်ပေးပါရန် နှင့် အိန္ဒိယနှင့် ပါကစ္စတန်တို့နှင့်အတူ အဆင့်မြင့်အစည်းအဝေးများကျင်းပပြီး မြန်မာစစ်တပ်ကို လက်နက်ရောင်းချခြင်း ရပ်တန့်ပေးသင့်ကြောင်း တိုက်တွန်းပေးရန်အတွက် တောင်းဆိုသည်။

– စစ်တပ်၏ ဖိနှိပ်ခြင်းကိုခံရသော ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ဂျာနယ်လစ်များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများမှာလူပုဂ္ဂိုလ်များအား ထောက်ကူပေးသည့်အစီအစဉ်များကို စတင်သင့်ကြောင်း တိုက်တွန်းလိုပါသည်။ ၎င်းတို့ထဲတွင် အိမ်နီးချင်းနိုင်ငံများတွင် မလုံမခြုံနေထိုင်နေကြရသူများလည်း ပါဝင်ပါသည်။ ထိုသူတို့အား ကူညီပေးသည့်အစီအစဉ်များတွင် ၎င်းတို့ ဗီဇာလျှောက်ထားရာတွင် လိုအပ်ချက်များကို ရှင်းလင်းလွယ်ကူအောင်ဖြေလျှော့ပေးခြင်း၊ ပြန်လည်နေရာချထားပေးခြင်းနှင့် လူသားချင်းစာနာမှုအကူအညီများပေးရာတွင်လည်း လိုရာရည်မှန်းချက်ကို အသေအချာရောက်ရှိပြီး လိုအပ်နေသူများထံ ကွက်တိရောက်နိုင်စေရန် ချိတ်ဆက်ဆောင်ရွက်မှုများရှိသည့်အပြင် လုပ်ငန်းရပ်များကိုလည်း လှေနံဓားထစ်မဟုတ်ဘဲ ပြုလွယ်ပြင်လွယ် သဘောဆောင်စေသင့်ပါသည်။

– ဥရောပသမဂ္ဂနှင့်အဖွဲ့ဝင်နိုင်ငံများသည် ဥရောပနိုင်ငံများတွင် နေထိုင်နေကြသော မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ အထူးသဖြင့် ပညာသင်ယူနေကြသူများအတွက် လိုအပ်လာလျှင် အကူအညီပေးနိုင်ပါရန် ညှိနှိုင်းသဘောတူထားသော မူဝါဒတစ်ခုကို မဆိုင်းမတွ အကောင်အထည်ဖော်စေလိုပါသည်။ စစ်အုပ်ချုပ်ရေးလက်အောက် မြန်မာသံရုံးများသည် နိုင်ငံကူးလက်မှတ်သက်တမ်းနှစ်နှစ်မျှသာရှိသာ ကိုင်ဆောင်ခွင့်ပြုထားသော ပြည်ပရောက် မြန်မာနိုင်ငံသားများကို စာအုပ်အသစ်လဲလှယ်ခွင့်မပေးတော့ဘဲ ငြင်းပယ်နိုင်သည့် အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်းပြသနေပါသည်။ ထိုသို့ပြုလုပ်လာလျှင် မြန်မာနိုင်ငံသားများသည်တိုင်းပြည်သို့ ပြန်ရာတွင် အန္တရာယ်နှင့်ကြုံတွေ့နိုင်သလို အလိုမတူဘဲ အတင်းအကျပ်ပြန်ခိုင်းသကဲ့သို့ ဖြစ်လာနိုင်ပါသည်။

– ဥရောပတလွှားတွင်ရှိနေသော မြန်မာနိုင်ငံသားအဖွဲ့အစည်းများ၊ မြန်မာ့အရေး သွေးစည်းလှုပ်ရှား နေကြသော ဥရောပအဖွဲ့အစည်းများနှင့် ဆက်သွယ်တိုင်ပင်နိုင်သော ဆက်သွယ်ရေး လမ်းကြောင်းတစ်ခုကို ဖွင့်လှစ်သင့်ရန် တို့ဖြစ်သည်။

ဓာတ်ပုံ- ဥရောပသမဂ္ဂ၏ ခေါင်းဆောင် ၄ ဦးဖြစ်သည့် Mr. Charles Michel၊ Dr. Ursula Von der Leyen၊ Mr. Josep Borrell Fontelles၊ Ms. Roberta Metsola ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article