28 C
Yangon

အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူများ မတရားရိုက်နှက်ခံရပြီး အကျဉ်းသူ ၇၀ ကျော် ဒဏ်ရာပြင်းထန်ကာ တိုက်ပိတ်ခံထားရ

Must read

အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူများ မတရားရိုက်နှက်ခံရပြီး အကျဉ်းသူ ၇၀ ကျော် ဒဏ်ရာပြင်းထန်ကာ တိုက်ပိတ်ခံထားရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်း အိုးဘိုထောင်တွင် စစ်ကောင်စီ၏ လက်ပါးစေ အကျဉ်းထောင် ဝန်ထမ်းများက ဖေဖော်ဝါရီလအတွင်း အကျဉ်းသူများကို လောက်လေးဂွများနှင့် ပစ်ခတ်ခြင်း၊ အဓမ္မ အနိုင့်အထက်ပြုကျင့်ခြင်း၊ ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

အကျဉ်းထောင်ဝန်ထမ်းများ၏ မတရား ဖိနှိပ်မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ၂၁ ဦးအထိရှိခဲ့ပြီး လောက်လေးခွစာမှန်သူ အကျဉ်းသူ ၇၀ ဦးအထိ ရှိခဲ့ကြောင်း အကျဉ်းထောင်အတွင်းမှ စုံစမ်းသိရှိရသည်။

ရိုက်နှက်ပြီးနောက် နိုင်ငံရေး အကျဉ်းသူ ၄၂ ဦးကို ၃ ထပ်ဆောင်သို့ ပို့ခဲ့ပြီး အကျဉ်းသူ ၂ ဦးကိုမူ တစ်ခန်းစီ သီးသန့်တိုက်ပိတ်ထားကာ ကျန် အကျဉ်းသူ ၄၀ ကိုမူ ၃ ခန်းစီခွဲ၍ ထားသည်ဟု ကြားသိရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောကြားသည်။

မတရားဖိနှပ်ရိုက်နှက်ခံရသည့် နိုင်ငံရေးအကျဉ်းသူများမှာ မချယ်ရီစု၊ မအေးငြိမ်းသူဇာ၊ ခိုင်သဇင်၊ မနှင်းပွင့်ဝေ၊ မယမင်းကျော်၊ မခင်စန္ဒာငြိမ်း၊ မစက်တင်ဘာ၊ မဇင်မေကျော်၊ မဆုမြတ်ကျော်၊ မမိုးမိုးမြင့်၊ မပိုးပြည်သူ၊ မအိမြတ်နိုးဦး၊ မချောစုစုဝေ၊ မမိုးမိုးထွေး၊ ဒေါ်မာလာမြင့်၊ မခင်စန္ဒာငြိမ်း၊ မချစ်ဖူးငုံ၊ မကေနွယ်ဝေခိုင်၊ ဒေါ်ကြည်ကြည်ဝင်း၊ မရှမ်းမ တို့ ဖြစ်ကြသည်။

ထို့ပြင် မစောနွယ်နီဟန်၊ မစောဥမ္မာချစ်၊ မရွှေရည်စိုး၊ မခင်အေးမော၊ မရွှေရည်ဝင်းကျော်၊ မဇင်မြတ်နိုးဦး၊ ဝိုင်းငယ်ငယ်၊ မခိုင်သဇင်၊ မနိုင်ဇာထွေး၊ မဝင်းသိမ့်သိမ့်ဇင်၊ မသက်ဖူးနိုင်၊ မအေးသန္တာစိုး၊ မနှင်းပွင့်ဝေ၊ မချယ်ရီစု၊ မအေးမြတ်ပိုင်၊ မအေးငြိမ်းသူဇာ၊ မပိုးသဥ္ဇာကျော်၊ မအိဖြူဝင်း၊ မအိမြတ်နိုးဦး၊ မချစ်ဖူးငုံ၊ မချောစုစုဝေ၊ မကေခိုင်မောင်မောင်၊ မမာလာမြင့်၊ မမြမြမော်၊ မခင်စန္ဒာငြိမ်း၊ မစန်းမြင့်နိုင်၊ မပိုပြည့်သူ၊ မနန်းရွှေစင်ဦး၊ မအေးသက်နိုင်၊ မဝင်းစုလှိုင်ဦး၊ မမေဇွန်ကို၊ မဇင်မာချိုတို့မှာလည်း အကျဉ်းထောင်ဝန်ထမ်းများ၏ မတရားဖိနှပ်မှု ခံခဲ့ရသည့် အကျဉ်းသူများ ဖြစ်ကြောင်း သိရှိရသည်။

အကျဉ်းထောင်ဝန်ထမ်းများ၏ ရိုက်နှက်မှုကြောင့် ဒဏ်ရာ ပြင်းထန်သည့် အကျဉ်းသူများမှာ မစန်းလင်းမေ (နားရွက် ၅ ချက်ချုပ်) ၊ မအေးယုစံ (ခ) မအေးသန္တာထွန်းအောင် (ခေါင်းကွဲ ၅ ချက်ချုပ်) ၊ မအိဖြူဝင်း (မျက်လုံးမှန်) စသည့် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

နိုင်ငံရေးအကျဉ်းသားများကို မတရား ရိုက်နှက်ဖိနှိပ်ခဲ့သူ အကျဉ်းထောင်ဝန်ထမ်းများမှာ စုပိုပိုလင်း (အဆောင် ၁ ဝန်ထမ်း) ၊ ဝေဖြူနှင်းအောင် (အဆောင် ၁ – ၂ ပွင့်)၊ သွယ်သွယ်ဦး (ဦးစီး – ၃ ပွင့်) ၊ အိမာလွင် (အဆောင် ၂ – ၂ ပွင့်) တို့ဖြစ်ကြပြီး ဝန်ထမ်းအဖွဲ့ကို ဦးစီးသူမှာ ဦးသိန်းလွင် ( ဒုထောင်ပိုင်) တို့ ဖြစ်ကြသည်။

အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄ ဦးကို စစ်ကြောရေးတွင် စစ် ကြောရေး လုပ်သူများက မုဒိမ်းကျင့်ခဲ့သည်ဆိုသော သတင်းကြောင့် အကျဉ်းသူများက အကျဉ်းထောင်ဝန်ထမ်းများနှင့် ပြဿနာတက်ကာ နောက်ဆက်တွဲ ပဋိပက္ခများဖြစ်ပေါ်၍ မတရားရိုက်နှက် ဖိနှိပ်ခံရခြင်းဖြစ်သည်ဟု အခြား အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုက ပြောသည်။

“မန္တလေး စစ်ကြောရေးမှာ နိုင်ကျဥ်း အမျိုးသမီး ၄ ဦးကို ရဲတွေက မုဒိမ်းပြုကျင့်တဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ်လို့သိရတယ်။ အဲဖြစ်စဥ်ကို အကျဥ်းသူ အချင်းချင်း ပြောပြလို့ မ​ကျေနပ်လို့ အကျဥ်းချခံထားရတဲ့ သူတွေက ထောင်ဝင်စာ လာပို့တဲ့ ငရုတ်သီးမှုန့်တွေကို ဖျော်ပြီး တာဝန်ကျတဲ့ ရဲတွေရဲ့ မျက်နှာကို ငရုတ်ရည်နဲ့ ပက်လို့ အကျဥ်းချခံထားရတာ မိန်းကလေး ၃၅ ဦးကို သေလုမြောပါးဖြစ်တဲ့ထိ ရိုက်နှက်ပြီး အခုချိန်ထိ တိုက်ပိတ်ထားတယ်လို့ သိရတယ်။ တစ်ချို့မိန်းကလေးတွေဆို နားရွတ်ပြတ်လို့ နီးပါးထိ ဒဏ်ရာတွေ ရရှိထားတယ်လို့ ကြားရတယ်” ဟု အကျဥ်းဦးစီး သတင်းရင်းမြစ်များက ပြောဆိုသည်။

ထို့ပြင် ရိုက်နှက်ခံထားရသော အကျဥ်းကျ အမျိုးသမီး ၃၅ ဦးကို ထောင်ဝင်စာ အစားအစာများကိုလည်း ရက် အကန့်အသတ်မရှိ ပိတ်ထားကြောင်း၊ အသက်အန္တရာယ်စိုးရိမ်ရကြောင်း သိရသည်။

ဓာတ်ပုံ- အကျဉ်းဦးစီးဌာနမှ အကြမ်းဖက်ဝန်ထမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article