စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီး ရာအိမ်မှူး ၁ ဦး သေဆုံးကာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရ၊ အောင်လံတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၆
မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်းဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။
ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊ မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စစ်သားများကို သေနတ်၊ လက်ပစ်ဗုံးတိုဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ရာအိမ်မှူး အုန်းကြိုင် သေဆုံးပြီး ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များက ပြောသည်။
သို့ရာတွင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော Myitnge PDF ၏ ထုတ်ပြန်ချက်အရ မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် အရပ်ဝတ်ဖြင့် စုဝေးနေသာ စစ်သား၊ ရဲ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေ ဆုံးသွားကြောင်း သိရှိရသည်။
ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် စုနေစဉ် ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များမှ လက်ပစ်မိုင်း ၂ လုံးအပြင် သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိကာ ဆေးရုံသို့တင်ပို့ကုသထားရကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အောင်လံမြို့နယ်၊ ချင်းစခန်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် သတင်းပေး ကျော်ရဲအောင်ကို မြေလတ်ဗမာကာ ကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ကျော်ရဲအောင်၏ ဆွေမျိုးတော်စပ်သူများက ရန်ပြုရန် ပြုလုပ်ခဲ့သော်လည်း အရပ်သားများဖြစ်သည့်အတွက် ပစ်ခတ်မှုမပြုလုပ်ဘဲ ဆုတ်ခွာခဲ့ကြောင်း မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။