25 C
Yangon

ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တို့တွင် ဗုံးများပေါက် ကွဲ၊ မန္တလေးမြို့ပေါ်တွင်လည်း မဟာအောင်မြေလျှပ်စစ်ရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်တိုင်း၊ သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တို့တွင် ဗုံးများပေါက် ကွဲ၊ မန္တလေးမြို့ပေါ်တွင်လည်း မဟာအောင်မြေလျှပ်စစ်ရုံးကို ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ ဖေဖော်ဝါရီ ၆

အကြမ်းဖက် မင်းအောင်လှိုင် ရန်ကုန်ရောက်ရှိနေချိန် သာကေတ၊ လှိုင်သာယာနှင့် လှိုင်မြို့နယ်တွင် ယနေ့ ညနေနှင့်ညပိုင်း ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့များနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့ ညနေ ၅ နာရီကျော်အချိန် သာကေတမြို့နယ်၊ ၉ ရပ် ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် မပေါက်ကွဲသေးသော လက်ပစ်ဗုံး တွေ့ရှိသည်ဟုဆိုကာ စစ်တပ်က ဖောက်ခွဲတစ်ရပ်လုပ်ဆောင်ခဲ့ကြောင်း စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားသည်။

“ညနေ ၅ နာရီ ၂၀ လောက်မှာ ဗုံးပေါက်သံကြားရတယ်။ ရပ်ကွက်ရုံးရှေ့မှာ ပေါက် တာ။ လမ်းတွေ ပိတ်ပြီးမှ ပေါက်ကွဲသွားတာ။ အသေးစိတ်တော့ သေချာမသိရဘူး။ ဗုံးပေါက်တာတော့ မှန်တယ်” ဟု သာကေတ မြို့နယ်မှ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့အတူ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်အကြားတွင်လည်း ယနေ့ ဖေဖော် ဝါရီလ ၆ ရက်နေ့ ည ၇ နာရီခွဲ နှင့် ည ၈ နာရီခွဲအကြား ဗုံးပေါက်သံကြားရကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့တချို့က ဆိုသည်။

လှိုင်မြို့နယ်၊ စိန်ဂေဟာအနီး နေထိုင်သူ ပြည်သူတစ်ဦးက ပေါက်ကွဲသံကြားရမှုကို အတည်ပြုပြီး နေရာ၊ ဖြစ်ပွားသည့် အခြေအနေများကို မသိရှိဟု ပြောဆိုသည်။

“ပေါက်ကွဲသံလိုလို ကြားရပေမယ့် ဗုံးပေါက်သံ ဟုတ်၊ မဟုတ် မသိပါဘူး။ ည ၇ နာရီကျော်ကြားရတဲ့ အသံကတော့ ကျယ်တယ်” ဟု လှိုင်မြို့ခံက ဆိုသည်။

ထို့အတူ လှိုင်သာယာမြို့နယ် တရားရုံးအနီတွင်လည်း ယနေ့ ည ၈ နာရီ ၄၀ မိနစ် အချိန်တွင်လည်း ဗုံးပေါက်ကွဲခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့တစ်ခုက ရန်ကုန်ခေတ်သစ်ထံသို့ သတင်းပေးပို့သည်။

လှိုင်သာယာမြို့နယ် တရားရုံးအနီးတွင် ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က လာရောက်စစ်ဆေးမှုများ ၊ ဧည့်စာရင်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၆ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၅ လမ်းနှင့် ၈၆ လမ်းအနီး မဟာအောင်မြေ မြို့ နယ်လျှပ်စစ်ရုံးရှေ့ရှိ လုံခြုံရေးရဲကင်းကို အောင်စည်တော်စစ်ဆင်ရေး (မန္တလေး)က ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း အောင်စည်တော်စစ်ဆင်ရေးက သတင်းထုတ်ပြန်သည်။

“ဒီနေ့ မန္တလေးမှာ အစစ်အဆေး အရမ်းများတယ်။ ဘဲဥတွေကလည်း ဖမ်း။ စစ်ခွေး ရဲခွေးတွေကလည်း နေရာတိုင်းစစ်နေတာတယ်။ ဗုံးကွဲတာ မကွဲတာထက် ဆိုင်ကယ် ကားတွေ ဖမ်း‌ပြီး ငွေတောင်းနေကြတာ။ ဗုံးကွဲတာလည်း ကြားမိတယ်” ဟု မန္တလေးဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ- ရန်ကုန်တွင် ကင်းလှည့်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်း ဖြစ်ပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article