31 C
Yangon

အမေရိကန် Chevron က ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာများကို MTI Energy သို့ရောင်းချ၊ စစ်အုပ်စုရဲ့ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက် နိုင်ရန် MOGE ကိုဒဏ်ခတ်ပိတ်ဆို့ရေး အရေးတကြီး လိုအပ်

Must read

အမေရိကန် Chevron က ရတနာ သဘာဝဓာတ်ငွေ့ စီမံကိန်း ရှယ်ယာများကို MTI Energy သို့ရောင်းချ၊ စစ်အုပ်စုရဲ့ ဝင်ငွေ ရပေါက်ရလမ်းများကို ဖြတ်တောက် နိုင်ရန် MOGE ကိုဒဏ်ခတ်ပိတ်ဆို့ရေး အရေးတကြီး လိုအပ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၇

ကနေဒါ ရေနံကုမ္ပဏီ MTI Energy က စစ်အုပ်စုအတွက် အကျိူးအမြတ်ကြီးစွာ ရရှိနေတဲ့ ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံသူအဖြစ် ပါဝင်လာလို့၊ လုပ်ငန်းများ အမြန်ဆုံး ရပ်တန့်ပြီး ပြန်လည်ထွက်ခွာဖို့ Justice For Myanmar ကတောင်းဆိုလိုက်ပါတယ်။

အမေရိကန် ရေနံကုမ္ပဏီကြီး Chevron က ရတနာဓာတ်ငွေ့ စီမံကိန်းမှာပါတဲ့ သူ့ရဲ့ ရှယ်ယာ ၄၁.၁ ရာခိုင်နှုန်းကို ကနေဒါရေနံကုမ္ပဏီ MTI Energy ရဲ့ လုပ်ငန်း ခွဲတစ်ခုဆီကို ရောင်းချခဲ့တာပါ။ အဲဒီအရောင်းအဝယ် သဘောတူညီချက်ကို Chevron ကုမ္ပဏီက ဂါးဒီးယန်းသတင်းစာကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ဖော်ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ရတနာစီမံကိန်းက မြန်မာနိုင်ငံမှာ အကြီးဆုံးသဘာဝဓာတ်ငွေ့ စီမံကိန်း ဖြစ်ပြီး၊ တရားမဝင် စစ်အုပ်စု အတွက် နိုင်ငံခြား၀င်ငွေ အများဆုံးရရှိတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ သဘာဝဓာတ်ငွေ့က ရရှိတဲ့ငွေတွေနဲ့ စစ်ရာဇ၀တ်မှုတွေ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာ ဖြစ်တဲ့အတွက် နိုင်ငံတကာကုမ္ပဏီတွေအနေနဲ့ မြန်မာပြည်က အမြန်ဆုံး ပြန်လည်ထွက်ခွာဖို့ JFM လို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေက တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။

ရတနာ စီမံကိန်းကို ယခင်က Total Energies မှ အော်ပရေတာအဖြစ် လုပ်ကိုင် ခဲ့ပြီး၊ အာဏာသိမ်းမှု ဂယက်ကြောင့် ၂၀၂၂ ခုနှစ်မှာ Total Energies က အဆိုပါစီမံကိန်းကနေ နှုတ်ထွက်သွားခဲ့ပါတယ်။

Total Energies ရဲ့ နှုတ်ထွက်မှုကြောင့် Chevron ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ဆိုင်မှုက ၄၁.၁ ရာခိုင်နှုန်းအထိ တိုးလာခဲ့ပြီး အများဆုံး ရှယ်ယာရှင် ဖြစ်လာခဲ့ပါတယ်။ အကယ်၍ MTI Energy အနေနဲ့ Chevron ရဲ့ အစုရှယ်ယာတွေ ဝယ်ယူမှု ပြီးမြောက်ပါက ရတနာ စီမံကိန်းရဲ့ အများဆုံး ရှယ်ယာရှင် ဖြစ်လာမှာလည်း ဖြစ်ပါတယ်။

ရတနာ စီမံကိန်းမှာ ပါဝင်တဲ့ အခြားကုမ္ပဏီတွေကတော့ လက်ရှိအော်ပရေတာအဖြစ် လုပ်ဆောင်တဲ့ ထိုင်း PTTEP ကုမ္ပဏီနဲ့ စစ်အုပ်စုက လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) တို့ ဖြစ်ပါတယ်။

MTI Energy နဲ့ Chevron တို့အနေနဲ့ အဲ့ဒီအရောင်းအဝယ်ကတဆင့် စစ်အုပ်စုကို ဘဏ္ဍာငွေတွေ ဆက်ပေးနေတာ ဖြစ်ပြီး၊ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇ၀တ်မှုတွေမှာ သူတို့ကိုယ်တိုင် ကြံရာပါ ပတ်သက်နေခြင်း ဖြစ်တယ်လို့ Justice For Myanmar ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

MTI Energy ကို ဘယ်သူတွေ ပိုင်တာလဲ

================

MTI Energy ကုမ္ပဏီဟာ ကနေဒါနိုင်ငံ၊ အယ်ဘာတာပြည်နယ်၊ အက်မန်တန်မြို့ မှာအခြေစိုက်ပြီး၊ ရေနံလုပ်ငန်း စက်ပစ္စည်းတွေ ထုတ်လုပ် တဲ့ Mitey Titan Industries ရဲ့ ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါတယ်။

MTI ဟာ ကင်မရွန်း၊ ကွန်ဂို၊ ဂါဘွန်၊ အီကွေတိုရီရယ်ဂီနီနဲ့ အထူးသဖြင့် နိုင်ဂျီးရီးယားမှာ ရေနံဆက်စပ်တဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။

ထူးခြားမှုအနေနဲ့ MTI Energy ကို မှတ်ပုံတင်ရာမှာ ရှယ်ယာရှင်တွေ မပါတာကို တွေ့ရပြီး၊ ကုမ္ပဏီရဲ့ အမြတ်အစွန်းတွေကို ဘယ်သူတွေဆီ ခွဲဝေရောက်ရှိတယ်ဆိုတာ ရှင်းလင်းမှု မရှိပါဘူး။

ဒါ့အပြင် MTI Energy က Chevron ရဲ့ ရှယ်ယာတွေကို သူ့ရဲ့ ဘာမြူဒါလုပ်ငန်းခွဲ Et Martem Holdings ကတစ်ဆင့် ဝယ်ယူခဲ့တာလည်း ဖြစ်ပါတယ်။ ဘာမြူဒါဆိုတာက အခွန်ရှောင်လိုတဲ့ နိုင်ငံတကာကုမ္ပဏီတွေအတွက် အခွန်ကင်းလွတ်ခွင့်တွေ ရရှိနေတဲ့နေရာဖြစ်ပြီး၊ လျှို့ဝှက်တဲ့ စီရင်ပိုင်ခွင့်နယ်မြေတစ်ခု လည်း ဖြစ်ပါတယ်။

ယူကေရဲ့ နိုင်ငံပြည်ပ ပိုင်နက်နယ်မြေ တစ်ခုဖြစ်တဲ့ ဘာမြူဒါအနေနဲ့ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ယူကေနိုင်ငံရဲ့ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ရမှဖြစ်ပေမဲ့ ယူကေနဲ့ ကနေဒါ နှစ်နိုင်ငံလုံးရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲမှာ MOGE ပါဝင်ခြင်း ရှိမနေတာကြောင့် အခုလို Chevron ကနေ MTI ကိုရှယ်ယာတွေ လွှဲပြောင်းရောင်းချမှုမှာ တားဆီးခွင့် မရှိနေတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် စစ်အုပ်စုကို နိုင်ငံခြားဝင်ငွေတွေ ရှာဖွေပေးနေတဲ့ နိုင်ငံတကာရေနံကုမ္ပဏီတွေ မြန်မာပြည်မှာ ဆက်လက်လုပ်ကိုင်ခွင့် မရှိတော့အောင် ပိတ်ဆို့နိုင်ဖို့အတွက် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) ကို အမြန်ဆုံးအရေးယူသင့်ပြီ ဖြစ်ကြောင်း JFM ဆက်လက်တောင်းဆိုထားပါတယ်။

Justice For Myanmar ရဲ့ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က“ဒီရောင်းချမှုဟာ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ကနေဒါနဲ့ ယူကေအစိုးရတို့က ဒဏ်ခတ်ပိတ်ဆို့ဖို့ ပျက်ကွက်ခဲ့မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ကနေဒါကုမ္ပဏီတစ်ခုက တရားမဝင် လူသတ်စစ်အုပ်စုကို ကြွယ်ဝချမ်းသာစေတဲ့ ဒီလိုအရေးပါတဲ့ ဓာတ်ငွေ့စီမံကိန်းတစ်ခုရဲ့ အများဆုံးရှယ်ယာပိုင်ဆိုင်မှုကို လွှဲပြောင်းရယူလိုက်တာကို ကနေဒါအစိုးရ အနေနဲ့ ကုမ္ပဏီဘက်က ရပ်တည်ကူညီမှာလား ဆိုတာ မေးခွန်းထုတ်လိုပါတယ်” လို့ သုံးသပ်ပြောဆိုပါတယ်။

“ကနေဒါနဲ့ ယူကေအစိုးရတွေအနေနဲ့ MOGE ကို အမြန်ဆုံး ချက်ချင်း ဒဏ်ခတ်ပိတ်ဆို့ပြီး၊ သူတို့ အာဏာပိုင် နယ်မြေမှာရှိတဲ့ ကုမ္ပဏီတွေကို စစ်အုပ်စုရဲ့ နိုင်ငံတ ကာရာဇ၀တ်မှုတွေအတွက် ငွေကြေး ထောက်ပံ့တာ မလုပ်အောင် တားဆီးဖို့ ကျမတို့ တောင်းဆို ပါတယ်။” လို့ မရတနာမောင်က တောင်းဆိုပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article