သထုံ၊ သိမ်ဆိပ်တိုက်နယ်တိုက်ပွဲတွင် စစ်သား ၄ ဦးသေဆုံး၊ ဆားလင်းကြီး ဖိုဝင်တောင်ရှိ MRA တပ်စခန်းကို စစ်တပ်က ဝင်စီးစဉ် မိုင်းပေါက်ကွဲ၍ စစ်သား ၁ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်တွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Hawk Revolutionary Squad (HRS)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
ဖေဖော်ဝါရီလ ၆ ရက် ည ၈ နာရီ ၁၅ မိနစ်ခန့်က သထုံမြို့နယ်၊ မိုးကောင်းဘုရား နှင့် ဖော်ဖကျေးရွာ အနီး၊ ကင်းပုန်း ဝပ် ရန်လာသော စစ်ကောင်စီတပ်သားများကို KNLA ပူးပေါင်းတပ်ဖွဲ့ကစောင့်ဆိုင်းပြီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပြီး ည ၉ နာရီ ၅ မိနစ်အထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီ၏ ဝင်းပအခြေစိုက် ခမရ (၉)မှ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။
“မိုးကောင်းလမ်းဆုံမှာ ပစ်ခတ်မှုအပြီး သထုံဘက်ကနေ စစ်ခွေးကားတွေ ထွက်လာတာ၊ ပစ်ခတ်မှုက ည ၉ နာရီ ၅ မိနစ်လောက်မှာ ပြီးတယ်၊ ည ၁၀ နာရီ ၁၅ မိနစ်လောက်ကျတော့ သထုံဘက်ကနေ စစ်ကား တွေထွက်လာမှာပဲ ဆိုတာ ကြိုသိလို့ ကျနော်တို့က လက်နက်ကြီးနဲ့စောင့်ပစ်ခဲ့တာပါ” ဟု Hawk Revolutionary Squad (HRS)တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြောကြားသည်။
သထုံမြို့မှ မောင်းနှင်လာသော စစ်ကူစစ်ကားများကို KNLA ပူးပေါင်းတပ်ဖွဲ့က ကမာစိုင်ကျေးရွာကွက်သစ်အအနီး အရောက်တွင် ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာတွင် စစ်သား ၄ ဦးသေဆုံးပြီး စစ်ကားတစ်စီးထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို Hawk Revolutionary Squad (HRS) ၊ KNLA တပ်ရင်း၂ တပ်ခွဲ ၃ နှင့် PDF တပ် ရင်း၂ တပ်ခွဲ၃ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ကရင့်အမျိုးသားအစည်းအရုံး၊ KNU/KNLA သထုံခရိုင်၊ သထုံမြို့နယ် အနေဖြင့် ပြည်သူများအား ခရီး သွားလာခွင့်ကို နံနက် ၆ နာရီမှ ည ၆ နာရီ အထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားကြောင်း၊ သတ်မှတ် အချိန်ကို ကျော်လွန်၍ ခရီးသွားလာခြင်းမပြုကြပါရန် တရားဝင်အသိပေး ထုတ်ပြန်ထားပြီး ဖြစ်သဖြင့် စည်းမျဉ်းစည်းကမ်းများကို အထူးဂရုပြုလိုက်နာပေးကြပါရန် Hawk Revolutionary Squad (HRS)က မေတ္တာရပ်ခံထားသည်။
အလားတူ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖိုဝင်တောင် တောင်ကြောပေါ်ရှိ Myanmar Revolution Army- MRA ၏ တပ်စခန်းတစ်ခုကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စခန်းတွင် ထောင်ထားသော မိုင်းပေါက်ကွဲ၍ စစ်သား တစ်ဦးသေဆုံးခဲ့ကြောင်း Myanmar Revolution Army- MRA တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၇ ရက် နေ့လည် ၁၁ နာရီခန့်က ဖိုဝင်တောင်ကြောကို အင်အား ၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး Myanmar Revolution Army- MRA ၏ အထိုင်တပ်စခန်းကို ဝင် ရောက်စီးနင်းခဲ့ရာ နင်းမိုင်း ၆ လုံးမိပြီး အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးကာ ယင်းသေဆုံးစစ်သား အလောင်းကို စခန်းတဲများနှင့်အတူ မီးရှို့အလောင်းဖျောက်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းစီးနင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိခဲ့သော်လည်း လက် နက်ခဲယမ်း၊ အသုံး အဆောင်ပစ္စည်းနှင့် စခန်းတဲများ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ကျပ် သိန်း ၂၀၀ ဖိုးခန့်ဆုံးရှုံး ခဲ့ကြောင်း၊ ထို့ကြောင့် ပြန်လည်ထူထောင်ရေးအတွက် မိဘပြည်သူများ၏ အကူအညီများစွာလိုအပ် လျက်ရှိကြောင်း Myanmar Revolution Army- MRA တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဓာတ်ပုံ- Hawk Revolutionary Squad (HRS) တပ်ဖွဲ့ဝင်များ။
