27 C
Yangon

ဘန်ကောက်မြို့၏ နာမည်ကျော် ညဈေးတန်း ခေါက်စန်လမ်း တွင် ဈေးရောင်းနေသော တရားမဝင် မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရပြီး မလေးရှားသွားမည့် မြန်မာ ၃၆ ဦး လည်း ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

Must read

ဘန်ကောက်မြို့၏ နာမည်ကျော် ညဈေးတန်း ခေါက်စန်လမ်း တွင် ဈေးရောင်းနေသော တရားမဝင် မြန်မာလုပ်သား ၁၁ ဦး ဖမ်းဆီးခံရပြီး မလေးရှားသွားမည့် မြန်မာ ၃၆ ဦး လည်း ထိုင်းနယ်စပ်တွင် ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ နာမည်ကြီးညဈေးတန်းဖြစ်သော ခေါက်စန်လမ်းတွင် တရားမဝင်ဈေးရောင်းချနေသော မြန်မာအလုပ်သမား ၁၁ ဦး ဖေဖော် ဝါရီလ ၇ ရက် ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မြန်မာများသည် roti နှင့် kebab စသော မုန့်များကို ရောင်းချနေကြခြင်းဖြစ်သည်။

တရားမဝင် ဈေးရောင်းနေသည်ဆိုသည့် တိုင်ကြားချက်များ ရရှိခဲ့ပြီးနောက် ထိုင်းလဝကရဲအရာရှိများသည် ခရီးသွားများပုံစံဖြင့် ဈေးဝယ်သကဲ့သို့ ဟန်ဆောင်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

နေထိုင်လုပ်ကိုင်ခွင့် အထောက်အထားများကို စစ်ဆေးရာ မြန်မာဈေးသည်အချို့မှာ ဈေးလှည်းကိုထားကာ ထွက်ပြေးကြသဖြင့် ၁၁ ဦးကိုသာ ဖမ်းမိခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမား ၁၁ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် အ လုပ် လုပ်ကိုင်ခွင့် အထောက်အထားများ မပြသနိုင်ကြကြောင်း ဆက်လက်ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် ဈေးရောင်းချခွင့်မှာ ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့်ရှိပြီး မြန်မာအပါအဝင် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားများတို့မှာ ရောင်းချခြင်းကို လုပ်ကိုင်ခွင့်မရှိကြောင်း တားမြစ်ထားသည်။

ထို့ကြောင့် ကန့်သတ်တားမြစ်ထားသည့် အလုပ်ကို လုပ်ကိုင်နေမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူမည်ဖြစ်သဖြင့် အဆိုပါမြန်မာများကို ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဖမ်ဆီးခံရသော မြန်မာအလုပ်သမားများတွင် အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးလည်း ပါဝင်ကြောင်း ဖော်ပြသည်။

အလားတူ တရားမဝင် မြန်မာ‌ရွှေ့ပြောင်းအလုပ်သမား ၃၃ ဦးနှင့် ပွဲစား ၃ ဦးတို့ကို ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလမ်ခရိုင်တွင် ရှိသည့် စွန့်ပစ်ဂိုဒေါင်တစ်ခုတွင် ထိုင်းလူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

မလေးရှားနိုင်ငံကို တရားမဝင်‌ ဝင်ရောက်ရန်အတွက် ယင်း စွန့်ပစ်ဂိုဒေါင်ကို ယာယီစခန်းအဖြစ် အသုံးပြုကာခိုလှုံနေကြကြောင်း သတင်းရရှိသည့်အတွက် ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေစဉ် ယင်းကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဖမ်းဆီးခံခဲ့ရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် အသက် ၂၀ နှစ်ကနေ ၂၅ နှစ် ကြား လူငယ်များ ဖြစ်ကြကြောင်းဆိုသည်။

ဖမ်းဆီးခံရသူများက မြန်မာနိုင်ငံသား ပွဲစားများဖြစ်သည့် အသက် ၃၄ နှစ်အရွယ် ကိုတင်ချင်းထွန်းနှင့် အသက် ၃၄ နှစ်အရွယ် ကိုအောင်ကံသာ၊ ထိုင်းနိုင်ငံသား အသက် ၄၈ နှစ်အရွယ် ပရာဆတ်တို့လည်း ပါဝင်ကြောင်း ဘန်ကောက်ပို့စ်သတင်းတွင် ရေးသားဖော်ပြထားသည်။

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ၁ဦးကို ထိုင်းဘတ်ငွေ ၄၅,၀၀၀ နှုန်းနှင့် မြန်မာပွဲစားများကို ပေးချေခဲ့ရကြောင်း သတင်းတွင်ဖော်ပြထားသည်။ မြန်မာငွေနှင့် ဆိုပါက ရွှေပြောင်းလုပ်သားတစ်ဦးလျှင် ကျပ်သိန်း ၃၈ သိန်းနီးပါးခန့် ပေးချေခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို မည်ကဲ့သို့ ဖြေရှင်းသွားမည်ဆိုသည့်သတင်းကို ရေးသားဖော်ပြထားခြင်းမရှိသေးပေ။

ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်းနယ်စပ် ဘန်ကလန်ခရိုင်တွင် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သား ၂၉ ဦးနှင့် ပွဲစား ၄ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်က တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက် လာသည့် မလေးရှားသွားမည့် မြန်မာလုပ်သား ၅၀နီးပါး တနင်္သာရီတိုင်းနယ်စပ်ဖြစ်သော ပရာကျွတ်ခီရီခန်ခရိုင် ကောလတ်ဒေသတွင် ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article