မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦး သေဆုံးဟု MOD သတင်းထုတ်ပြန်၊ ရတနာပုံတံတား စစ်ဆေးရေးဂိတ်ကို ၄၀ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မကွေးတိုင်း၊ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးသေဆုံးကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန(MOD)က သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၈ ရက်နေ့ ည ၉ နာရီခန့်တွင် မင်းဘူးခရိုင် ကန်ပြား ရဲစခန်းကို PDF တပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်း အတွင်းရှိ ဘားတိုက်နှင့် နေရာ တချို့ကို မီးရှို့ ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၃၀ ဦးခန့် ထိခိုက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကူ အင်အားများ ထပ်မံ ရောက်ရှိ လာသောကြောင့် ပြည်သူ့ ကာကွယ်ရေး တပ်မတော် ပူးပေါင်းစစ်ကြောင်း အထိအခိုက် မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် မင်းဘူးခရိုင် တပ်ရင်းအမှတ် ၁ ၊ မကွေးခရိုင် တပ်ရင်းအမှတ် ၁ ၊ မင်းဘူး ပကဖနှင့် ပွင့်ဖြူ ပကဖ ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီကျော်အချိန် စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်း ဆက်သွယ်ထားသည့် ရတနာပုံတံတား စစ်ကိုင်းဘက်ခြမ်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ၄၀ မမ ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။
အဆိုပါတိုက်ခိုက်မှုကို အညာတပ်ပေါင်းစု (ABCF) နှင့် Freedom Revolution Force( FREအထူးတပ်ဖွဲ့ Eagle-2) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး တိုက်ခိုက်မှု ဖြစ်စဉ်တွင် ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အညာတပ်ပေါင်းစု(ABCF) တာဝန်ရှိသူ၏ အဆိုကို ကိုးကား၍ သတင်းဖော်ပြထားသည်။
ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
![](https://yktnews.com/wp-content/uploads/2023/02/403-6-1024x768.jpg)