စစ်ကိုင်း၊ ရွာသစ်ကြီးရဲစခန်းမှူး လိုက်ပါသည့် အိမ်စီးကား ကို ပစ်ခတ်တိုက် ခိုက်မှု ရဲ ၂ ဦးသေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ရွာသစ်ကြီးစံပြရဲစခန်းမှ ထွက်လာသော စစ် တပ် လက် အောက်ခံ ရွာသစ်ကြီး ရဲစခန်းမှူးနှင့် ရဲလေးဦးပါ Max 2 ကားကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ လာ သော ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း People’s Army to Fight Dictatorship မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၈ နာရီခန့်က ရွာသစ်ကြီးရဲစခန်းမှထွက်ခွာလာသော စခန်းမှူးနှင့် အတူ ရဲလေးဦးသည် Max 2 ကားဖြင့် ထွက်လာစဉ် ရွာသစ်ကြီးစံပြကျေးရွာနှင့် နတ်ခရိုင်ရွာကြား၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကားပေါ်ပါ ရဲနှစ်ဦး သေဆုံးပြီး ကျန်ရဲများ အပြင်းအထန်ဒဏ်ရာရရှိကာ သေနတ်ဂျန့်ဖြစ်သွားချိန် နောက်ပြန်ဆုတ်ထွက် ပြေးသွားကြောင်း သိရသည်။
“ပစ်လိုက်တဲ့အချိန်မှာ ကားကထိုးရပ်သွားတာ၊ သေနတ်လုဖို့ ပွဲသိမ်းခါနီးကျမှ သေနတ်အော်တိုနှစ်လက် လုံးကဂျန့်ဖြစ်သွားတာ၊ နောက်ပြန်ဆုတ်ပြီးတော့ထွက်ပြေးသွားတာ၊ မဟုတ်ရင် ပစ္စည်းတွေပါကို ရ တယ်၊ ကားကတော့အတော်ကို စုတ်ပြတ်သတ်သွားတာပဲ၊ ကျည်ဂျန့်ဖြစ်နေတဲ့အချိန် ဖြေးဖြေးလေး ပြန်လှည့်မောင်းသွားတာ၊ အဝေးရောက်မှပဲ အမြန်မောင်းပြေးနိုင်တယ်၊ နီးစပ်တဲ့ အသိုင်းအဝန်းကတော့ နှစ်ယောက်သေတယ်ပြောတယ်၊ ကျန်တာကတော့ သေနိုင်ပေမယ့် အတိအကျမသိရတာ”ဟု People’s Army to Fight Dictatorship မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
အဆိုပါတိုက်ခိုက်မှုကို People’s Army to Fight Dictatorship(PAFD)နှင့် PAFD တပ်ခွဲ DK PDF-MMU တို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက် စစ်တပ်မှလည်း ဖောကားနှစ်စီးဖြင့် အင်အားအများ အပြားရောက်ရှိလာကာ စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေကြောင်း သိရသည်။
