ဘုတ်ပြင်းတွင် ရွှေညီကိုယာဉ်လိုင်း ပစ်ခတ်ခံရမှု ပြည်သူ့ ကာကွယ်ရေးအဖွဲ့နှင့် မသက်ဆိုင်ဟု ကြေညာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈
ဘုတ်ပြင်းမှာ လူ၂ ဦးသေဆုံးခဲ့တဲ့ ရွှေညီကိုယာဉ်လိုင်း ပစ်ခတ်ခံရမှုဟာ ဘုတ်ပြင်းမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း တရား ဝင် ကြေညာပါတယ်။
မနေ့ မွန်းလွဲ ၃ နာရီခွဲ အချိန် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ခဲချောင်းကျေးရွာအနီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ခရီးသည်တင် ရွှေညီကိုယာဉ်လိုင်း ကားတစ်စီး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။
အဆိုပါ ပစ်ခတ်ခံရမှုကြောင့် အသက် ၇ နှစ်အရွယ် ယောကျားလေး တစ်ဦးနဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသမီး တစ်ဦး သေနတ်ကျည်ထိမှန် သေဆုံးခဲ့ပါတယ်။
ဒီပစ်ခတ်မှု ဖြစ်စဉ်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကားစစ်ဆေးဖို့ ရပ်နားခိုင်းချိန် မရပ်ပေးဘဲ မောင်းခဲ့တဲ့အတွက် ပစ်ခံရတာဖြစ်တယ်လို့ ပြောဆိုမှုတွေ လည်းရှိနေပါတယ်။
အခုအချိန်အထိတော့ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာကို ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။
ဘုတ်ပြင်းမြို့ နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့ ကတော့ ပြည်သူတွေအနေနဲ့ မဖြစ်မနေမှသာ ခရီးသွားလာဖို့၊ လိုအပ်မှသာ သွားလာဖို့နဲ့ စစ်ကောင်စီတွေရဲ့ ရန်ကို သတိပြု သွားလာကြဖို့ သတိပေး တိုက်တွန်းထားပါတယ်။
