ပြည်ကြီးတံခွန် မြို့နယ်တွင် မီးရထားရဲတပ်ဖွဲ့ ဒုရဲမှူး ဝင်းမင်းသန့် ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅
မန္တလေး၊ ပြည်ကြီးတံခွန် မြို့နယ်တွင် မြစ်ငယ် မီးရထားရဲတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းမင်းသန့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရသည်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့ ညနေ ၆ နာရီ ၃၅ မိနစ်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ ညောင်ပင်ကုန်းကျေးရွာရှိ မြေပွဲစား ဒေါ်ခင်လှ နေအိမ်ကို အလည်ရောက်ရှိနေသည့် မြစ်ငယ် မီးရထားတပ်ဖွဲ့မှူး ဒုရဲမှူး ဝင်းမင်းသန့်ကို သေနတ်သမားများက ပစ်ခတ် တိုက် ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။