32 C
Yangon

KNLA၊ KNDO နှင့် PDF တပ်များကို ထိန်းပေးရန် KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ထံ စစ်ကောင်စီက စာပေးပို့မှုအပေါ် စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်ရန် KNU ဗဟိုကော်မတီက ဆုံးဖြတ်ထားဟု ပဒိုစောတောနီး တုံ့ပြန်

Must read

KNLA၊ KNDO နှင့် PDF တပ်များကို ထိန်းပေးရန် KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ထံ စစ်ကောင်စီက စာပေးပို့မှုအပေါ် စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်ရန် KNU ဗဟိုကော်မတီက ဆုံးဖြတ်ထားဟု ပဒိုစောတောနီး တုံ့ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀

KNLA၊ KNDO နှင့် PDF တပ်များကို ထိန်းပေးရန် စစ်ကောင်စီက KNU ဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်ထံ စာပေးပို့လိုက်ပြီး အဆိုပါ စာပေးပို့မှုသည် KNU အတွင်း စည်းလုံး ညီညွတ်မှု ဖြိုခွဲရန် ဖြစ်ကာ KNU အနေဖြင့် စစ်အာဏာရှင် ပြုတ်ကျရေး တိုက်ပွဲဝင်ရန် ဗဟိုကော်မတီက ဆုံးဖြတ်ပြီးဖြစ်ကြောင်း KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စစ်ကောင်စီက KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူစေးဖိုးနှင့် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီတို့ထံသို့ စာတစ်စောင်ပေးပို့ခဲ့ပြီး အဆိုပါစာတွင် KNU သည် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့တစ်ခုအဖြစ် ရှုမြင်ထားကြောင်း၊ သို့ရာတွင် KNU လက် အောက်ခံ တပ်မဟာတွေ KNDO ၊ PDF များ ပူးပေါင်းပြီး စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကို တိုက်ခိုက်နေကြောင်း၊ တိုက်ခိုက်လာမှုများအပေါ် ငြိမ်းချမ်းရေး မထိခိုက်စေရေးအတွက် တိုက်ခိုက်သည့်အဖွဲ့ကို တုံ့ပြန် တိုက်ခိုက်ခဲ့ကြောင်း၊ စိတ်သဘောထားကြီးစွာ ဆောင်ရွက်နေသော်လည်း ကျေးရွာများကို ဝင်ရောက် ပစ်ခတ်ခြင်း၊ အစိုးရဌာန ရုံးများကို မီးရှို့ဖျက်ဆီးခြင်း၊ လမ်းတံတားများကို မိုင်းခွဲတိုက်ခိုက်ခြင်းများကို လက်ခံနိုင်ဖွယ် မရှိကြောင်း၊ အဓိက ထိခိုက် ခံစားရသူ များသည် ပြည်သူလူထုများဖြစ်ကြောင်း ၊ ထို့ကြောင့် KNU လက်အောက်ခံ KNLA ၊ KNDO ၊ PDF တပ်များကို ကြပ်မတ် ထိန်းသိမ်း ပေး ရန် စစ်ကောင်စီက ပေးပို့သည့် စာတွင် ရေးသားထားသည်။

KNU ဗဟိုကော်မတီဝင် ပဒိုစောတောနီးက KNU အနေဖြင့် စစ်အာဏာရှင်ကို အမြစ်ပြတ် ပြုတ်ကျရေး သည် ဗဟိုကော်မတီ၏ မူဝါဒ ဖြစ်ကြောင်း၊ စစ်ကောင် စီ ၏စာသည် သက်ရောက်မှု မရှိနိုင်ကြောင်း ပြောဆိုသည်။

” အဖွဲ့အစည်းတစ်ခုမှာကတော့ ဒီလို ထိပ်တန်း ခေါင်းဆောင်တွေ တာဝန်ရှိတယ်ဆိုတာ မှန်ပေမယ့် ကျနော်တို့ရဲ့ ဖွဲ့စည်းပုံအရ KNU ရဲ့ ပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျနော်တို့ အဖွဲ့အစည်းမှာ အမြင့်ဆုံးအာဏာပိုင်ဆိုတာက ကွန်ဂရက်ဖြစ်တယ်။ အဲဒီ ကွန်ဂရက်မရှိတဲ့အချိန်မှာ ဗဟိုအမြဲတမ်းကော်မတီဆိုတာ အမြင်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တယ်။ ကျနော်တို့ ထိပ် တန်းခေါင်းဆောင်နှစ်ယောက်ကို သူတို့ က ဗဟိုကော်မတီဝင်တွေဖြစ်တယ်။ စစ်ရေး ခေါင်းဆောင်တွေ နိုင်ငံရေးခေါင်းဆောင်တွေ ဖြစ်ပေမယ့် သူတို့သဘောထားအတိုင်း အကုန်လုံး လျှောက်ပြီးတော့ လုပ်လို့မရဘူး။ ဗဟိုကော်မ တီ ရဲ့ ဆုံးဖြတ်ချက်ကို နာခံရတယ်။ ဗဟိုကော်မတီကို ပြန်ပြီးတော့ တာဝန်ခံရတယ်။ အဲဒီတော့ ဒီနေ့ ဒီကာလမှာ ဖြစ်ရှိနေတဲ့ စစ်အာဏာရှင် စနစ် ပြုတ်ကျရေး တိုက်ပွဲဝင်နေတဲ့ ကျနော်တို့ လုပ်ဆောင်နေသမျှ အရာအားလုံးဟာ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ဖြစ်တယ်ဆိုတာ ကျနော်ပြောရဲတယ်။ ကျနော်တို့လုပ်ရပ်တွေဟာ လုံး၀မမှားဘူးကျနော်တို့ သေချာပြောရဲပါတယ်” ဟု ပုဒိုစောတောနီးက ပြောဆိုသည်။

စစ်ကောင်စီက KNU ခေါင်းဆောင် နှစ်ဦးထံ လိပ်မူ၍ စာပေးပို့မှုသည် စည်းလုံးမှုကို ဖြိုခွဲရန် ဖြစ်ကြောင်း ပဒိုစောတောနီးက သုံးသပ်သည်။

“ဒီစာနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့ စစ်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင် ၂ ဦးကို ဦးတည်တိုက်ခိုက်လာတဲ့အပေါ်မှာတော့ ကျနော်တို့ဗဟိုကော်မတီ အနေနဲ့ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ လောလောဆယ်တော့ ကျနော်တို့ ပြောလို့မရသေးပါဘူး။ KNU ရဲ့ ပြောခွင့်ရတစ်ဦးအနေနဲ့ ပြောမယ်ဆိုရင် ဒါတွေက သူတို့ လုပ်နေကျ အဖွဲ့အစည်းတစ်ခုကို စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ဘယ်လို ထိုးခွဲပြီးတော့ သပ်လျှိုလုပ်မယ်ဆိုတာ သူတို့လုပ်ရိုးလုပ်စဉ် တစ်ခုပဲ။ သွေးခွဲအုပ်ချုပ်ရေးစနစ်နဲ့ တောက်လျှောက် ကျင့်သုံးလာတဲ့အခါ ဒီလိုပုံစံမျိုးနဲ့ပဲ လုပ်နေတာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အာဏာသိမ်းတယ်ဆိုတဲ့ အကြောင်းပြချက်က မဲမသမာမှုနဲ့ သူတို့အာဏာသိမ်းတယ်ဆိုပေမယ့် တကယ်တမ်းကျတော့ အဲဒီကိစ္စကို နည်းမှန် လမ်းမှန်နဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ အဲဒါကို မလုပ်ဘဲနဲ့ မတရားနည်းနဲ့ အကြမ်းဖက်နည်းနဲ့ အာဏာထပ်သိမ်း လာတယ်ဆိုတာက ဘယ်လိုမှ လက်ခံလို့မရဘူး။ ဒါက လုံး၀ တရားမဝင်ဘူး” ဟု ၎င်းက ဆက်ပြောသည်။

လက်ရှိ တိုင်းပြည်တွင် စစ်တပ်၏ မီးရှို့ သတ်ဖြတ်မှုများကြောင့် တစ်တိုင်းတစ်ပြည်လုံး ပြည်သူ ၂ သန်းကျော် အတိဒုက္ခရောက်နေရ ကြောင်း၊ လက်သည်တရားခံမှာ စစ်ကောင်စီသာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ဒီနေ့ ဒီကာလမှာ ဘယ်သူ အကြမ်းဖက် လုပ်နေတာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်နေရတယ်။ ကျနော်တို့ တိုင်းပြည်မှာ အိမ်ခြေပေါင်း ၄၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးသွားပြီးတော့ ဘယ်သူ မီးလောင်တိုက်သွင်းတာလဲ။ တစ်တိုင်းပြည်လုံး မီးလောင်တိုက်သွင်းပြီးတော့ လူထုကို သတ်ဖြတ်တာလည်း ထောင်သောင်းချီပြီးတော့ ဖြစ်လာတဲ့အခါ အထူးသဖြင့် ဒီနေ့ ဒီကာလမှာ မြင်တွေ့နေရတဲ့ မရေ မတွက်နိုင်တဲ့ IDP ဦးရေ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကပ်ဆိုးကြီးကို ခံစားနေရတဲ့ ကျနော်တို့နယ်မြေမှာ ၃ သိန်းကျော်သွားပြီးတော့ တစ်ပြည်လုံးအတိုင်းအတာနဲ့ ပြောမယ်ဆိုရင် တော့ ၂ သန်းလောက်ဖြစ်သွားပြီး ဒါ ဘယ်သူ့လက်ချက်ကြောင့်လဲ ။ ဘုန်းကြီးကျောင်းကို ဗုံးကျဲတာ ဘယ်သူလဲ၊ စာသင်ကျောင်းကို ဗုံးကျဲတာ ဘယ်သူလဲ ခရစ်ယန်ဘုရားရှိခိုးကျောင်းကို ဖျက်ဆီးတာ ဗုံးကျဲတာ ဘယ်သူလဲ အဲဒါတွေကို ရှင်းရှင်းလင်းလင်း မြင်နေရတာဖြစ်တယ်” ဟု ပဒိုစောတောနီးက ရှင်းလင်းပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article