40.9 C
Yangon

စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်

Must read

စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်

■ စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ် စတင်လျှော့ချသဖြင့် ဒီဇယ်ဆီ ပြတ်လပ်မှုများ စတင်ဖြစ်ပေါ်လာ

ရန်ကုန်၊ မတ် ၂၇

စက်ရုံ၊ အလုပ်ရုံနှင့် စီးပွားရေးလုပ်ငန်းများအတွက် မီးစက်၊ လုပ်ငန်းများ လည်ပတ်ရေး စက်သုံးဆီဝယ်ယူရာတွင် သက်ဆိုင်ရာ၏ ထောက်ခံချက် ပါရှိမှသာ ဝယ်ယူနိုင်ပြီး သတ်မှတ်ပေးထားသည့် စက်သုံးဆီ အရောင်းဆိုင်များတွင်သာ ဝယ်ယူနိုင်ကြောင်း စက်သုံးဆီလုပ်ငန်းရှင် အသိုင်းအ၀ိုင်းမှ သိရှိရသည်။

စစ်ကောင်စီက လျှပ်စစ်မီး ပုံမှန် မပေးသည့်အတွက် ရန်ကုန်အပါအဝင် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံများအနေဖြင့် လုပ်ငန်းများလည်ပတ်ရန်၊ မီးစက်အသုံးပြုရသည့် ဆိုင်များ လုပ်ငန်းများတွင်လည်း စက်သုံးဆီများ ဝယ်ယူအသုံးပြုနေရကြောင်း၊ ယခုအခါ စက်သုံးဆီ ဝယ်ယူရေးအတွက်သက်ဆိုင်ရာ၏ ထောက်ခံချက်များ တင်ပြမှသာလျှင် စက်သုံးဆီ ဝယ်ယူနိုင်မည်ဟု စည်းကမ်းသတ်မှတ်ထားသဖြင့် သက်ဆိုင်ရာ စက်မှုဇုန်များ၏ ထောက်ခံများ တင်ပြရကြောင်း၊ စက်သုံးဆီများ ဝယ်ယူရာတွင်လည်း စစ်ကောင်စီက သတ်မှတ်ပေးထားသည့် ဆိုင်များတွင်သာ ဝယ်ယူနိုင်ကြောင်း သိရှိရသည်။

“အလုပ်ရုံ၊ စက်ရုံတွေလည်း ဇုန်ကော်မတီတွေရဲ့ ထောက်ခံချက်တွေနဲ့ စက်သုံးဆီ ဝယ်လို့ရတယ်။ အခြေအနေက စိတ်ပျက်စရာ မြန်မာပြည်ဖြစ်နေပြီ။ ခွေးပုအုပ်ချုပ်မှ အခုလိုတွေဖြစ်လာတာ။ စက်ရုံတွေ ဝယ်ရမယ့် ဆိုင်တွေက တကယ့် ခရိုနီ ဘောမ ဆိုင်တွေကြီးပါ” ဟု စက်သုံးဆီလုပ်ငန်းအသိုင်းအ၀ိုင်း သတင်းရင်းမြစ်က ပြောသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ပြီး လက်ရှိတွင် ဒီဇယ်နှင့် ပရီမီယံ ဒီဇယ်များ စတင်ပြတ်လပ်နေကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မတ်လ ၉ ရက်နေ့ ဘဏ္ဍာရေးဆိုင်ရာ အစည်းအဝေးတွင် နိုင်ငံ တကာတွင် စက်သုံးဆီစျေးတက်နေကြောင်း၊ နိုင်ငံခြားငွေ သုံးစွဲမှု လျှော့နည်းစေရေး နှင့် အသုံးစရိတ် မြင့်မားမှု ရှောင်ရှားစေရေး အတွက် စက်သုံးဆီ သုံးစွဲမှုများကို လျှော့ချသုံးစွဲရမည်ဖြစ်ကြောင်း၊ အုပ်ချုပ်မှုသုံးအတွက်ဖြစ်စေ၊ လုပ်ငန်းသုံးအတွက် ဖြစ်စေ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်၍ စိစိစစ်စစ်သုံးစွဲသွားကြရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စစ်ကောင်စီက စက်သုံးဆီ တင်သွင်းမှုများကို အကြီးအကျယ်လျှော့ချလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဓာတ်ဆီ ဒီဇယ်တွေ လာမယ့်ကာလအတွင်း အခြေနေဆိုးမယ်။ ပြတ်လပ်မယ်ဆိုတာ လုပ်ငန်းကြီး သမားတွေကိုယ်တိုင်ပြောနေကြပြီ။ ပဲခူးဘက်တွေမှာ ဒီဇယ်က ရတစ်ချက် မရတစ်ချက်ဖြစ်နေတယ်။ အခြားပြည်နယ်၊ တိုင်းတွေမှာလည်း ဒီဇယ်ဆီက မရတာကများတယ်။ ရရင်လည်း ပေါက်စျေးမဟုတ်ဘဲ စျေးကြီး ပေးဝယ်နေရတယ်။ ဒီဇယ်ကတော့ အဓိက လုပ်ငန်းသုံးတာပါ” ဟု ဆီသမားတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ စက်သုံးဆီသုံးစွဲမှု ပမာဏသည် ၂၀၂၁ ခုနှစ်တွင် တန်ချိန် ၄ ဒသမ ၁၂ သန်းကျော် ပြည်ပမှ တင်သွင်း ခဲ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၄၉၆ ဒသမ ၆၅၂ သန်း(အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံနီးပါး) ရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲကျော်ဖိုး စက်သုံးဆီများ တင်သွင်းသွင်းခဲ့ရပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် မော်တော် ကားစီရေ ၁ သန်းကျော်(ကုန်တင်ယာဉ်နှင့် လူစီးမော်တော်ယာဉ်စုစုပေါင်း ၁,၁၄၀,၀၀၀ ကျော်) နှင့် ဆိုင်ကယ်စီးရေ ၆ သန်း (မော်တော်ဆိုင်ကယ် စုစုပေါင်း ၆, ၄၅၀,၀၀၀ ကျော်) ရှိကြောင်း ၊ ပုဂ္ဂလိကစက်ရုံ၊ မီးစက်၊ အခြားသော ကုန်ထုတ်လုပ်ရေး လုပ်ငန်း သိန်းချီရှိကြောင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများလည်ပတ်ရန် အမေရိကန်ဒေါ်လာ ၂ ဘီလီယံခွဲခန့် တန်ဖိုးရှိ စက်သုံးဆီများ မဖြစ်မနေ တင်သွင်းရန် လိုအပ်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article