32 C
Yangon

စစ်ရာဇဝတ်မူများအတွက် ရှောင်ပြေး၍ လွတ်မည်မဟုတ်၊ အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ တချိန်တွင် ထိုက်တန်သည့် ပြစ်ဒဏ် ပြန်လည်ကျခံရမည်သာဖြစ်

Must read

စစ်ရာဇဝတ်မူများအတွက် ရှောင်ပြေး၍ လွတ်မည်မဟုတ်၊ အမိန့်ပေးသူရော နာခံကျူးလွန်သူများပါ တချိန်တွင် ထိုက်တန်သည့် ပြစ်ဒဏ် ပြန်လည်ကျခံရမည်သာဖြစ်

By လမ်းသစ်

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုတွင် “ရွာကိုသာ မီးရှို့လို့ရမယ်၊ စိတ်ဓါတ်နဲ့ မြေကြီးကို မီးရှို့ မရဘူး” ဟု ကြွေးကြော်ခဲ့ကြသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ရွာလုံးကျွတ်မီးရှို့မှုကို ခံခဲ့ရသော်လည်း စစ်အာဏာရှင်ကို ဒူးမထောက်၊ ဦးမညွတ်သည့် ပြည်သူများ၏ ရဲရဲတောက်စိတ်ဓါတ်ကို မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

သို့သော် မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်ကတော့ ရွာလုံးကျွတ် မီးရှို့မှုများသာမက အရပ်သားများကိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို ပို၍ပင် ဆက်တိုက်ကျူးလွန်လာသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်းက စစ်ကိုင်းတိုင်း လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်းကို ရဟတ်ယာဥ်နှင့် ပတ်ခတ်မှုကြောင့် စာသင်နေသည့် ကလေးငယ်များစွာ သေဆုံးခဲ့ရသည့် ဖြစ်ရပ်နောက်ပိုင်း အရက်စက်ဆုံး အယုတ်မာဆုံးဟု ဆိုနိုင်သည့် လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးကို ပြီးခဲ့သည့် ရက်ပိုင်းအတွင်း စစ်တပ်က ထပ်မံကျူးလွန်ခဲ့ပြန်ပါပြီ။

စစ်ကိုင်းတိုင်းအတွင်း ဧရာဝတီမြစ် နှင့် မူးမြစ်တို့ဆုံသည့် နေရာတွင် တည်ရှိသော အိမ်ခြေ တရာပင် မရှိသည့် တာတိုင်ကျေးရွာကို မတ်လ ၁ရက်နေ့ နံနက်အစောပိုင်းတွင် အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အမျိုးသမီး ၃ ဦး အပါအဝင် ပြည်သူ ၁၆ ဦးကို ရက်ရက်စက်စက် သတ်ဖြတ်သွားခြင်း ဖြစ်သည်။

မတ်လ ၁ ရက်နေ့တွင် စစ်ကောင်စီတပ်စစ်ကြောင်းက တာတိုင်ကျေး ရွာအတွင်းသို့ စီးနင်းဝင်ရောက်ပြီး ကျေးရွာဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ကို ခေါင်းဖြတ်သတ်ခဲ့သည်။ ထို့နောက် မတ်လ ၂ ရက်နေ့ နံနက်ပိုင်း စစ်ကြောင်း ပြန်လည်ထွက်ခွာချိန်တွင် ကျေးရွာသား ၁၅ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကာ အလောင်းများကို စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။

စစ်တပ်က အဆိုပါ ဓားစာခံများကို ၄င်းတို့ခေါ်ဆောင်သွားရာ လမ်းကြောင်းတလျေက်တွင် ခြေလက်များကို အပိုင်းပိုင်းခုတ်၊ အူများထုတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု အလောင်းများကို တွေ့ရှိသူများက ဆိုသည်။ အွန်လိုင်းပေါ်တွင် ပြန့်နှံ့နေသော အဆိုပါ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံထားရသည့် ဓတ်ပုံများတွင် ဖြတ်ပြီးသား ဦးခေါင်းများကို တန်းစီချထားခဲ့သည့် ဓတ်ပုံများလည်း ပါဝင်နေသည်။

ဖမ်းဆီးခံ အမျိုးသမီးများကိုလည်း အကြမ်းဖက် နှိပ်စက် မုဒိန်းကျင့်ပြီး အစိတ်စိတ် အပိုင်းပိုင်း ဖြတ်တောက်ကာ သတ်ဖြတ်ထားကြောင်း ရရှိထားသော ဓတ်ပုံအထောက်အထားများနှင့် ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။

.

သတ်ဖြတ်ခံရတဲ့ အလောင်းများကို တနေရာတည်းမှာ တွေ့ရှိခြင်း မဟုတ်ဘဲ ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားရာ လမ်းတလျောက် စစ်ကိုင်းမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြား နေရာများတွင် တကွဲတပြားစီ ပြန်လည်တွေ့ရခြင်းလည်း ဖြစ်သည်။

.

“စစ်တပ်က ဖမ်းသွားတဲ့ လူသားဒိုင်း ၁၅ ဦးလုံးကို စစ်တပ်က သတ်လိုက်ပါပြီ။ အလောင်း ၁၅ လောင်းလုံး ပြန်တွေ့တယ်၊ ၆ လောင်းပဲ ကောက်ယူလို့ရပြီး သဂြိုဟ်ရသေးတယ်” … “ အလောင်းတွေက ရစရာ မရှိဘူး၊ အပိုင်းပိုင်း ခုတ်ပြီး ရက်ရက်စက်စက် သတ်သွားတာ” … “ကျန်အလောင်းတွေအောက်မှာ စစ်တပ်က မိုင်းထောင်ထားခဲ့လို့ အလောင်းကောက်ဖို့ အခက်အခဲရှိနေတယ်” … “ အမျိုးသမီးတွေက အဓမ္မကျင့်ပြီး …….. ထားတယ်။ မျက်နှာတောင် မမှတ်မိတော့ဘူး” ……….စသည့် ဒေသခံ ပြည်သူများ၏ ပြောဆိုချက်များကို မီဒီယာများတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တုန်လှုပ်ခြောက်ခြားဖွယ် လူမဆန် ကြမ်းတမ်းစက်ဆုပ်ဖွယ်ရာကောင်းလှသည့် အဆိုပါ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများထံ ပေးပို့ထားပြီး၊ ကျူးလွန်သူများအား အပြစ်ပေးနိုင်ရေး ကြိုးပမ်းသွားမည်ဟု အမျိုးသားညီညွတ်‌ရေး အစိုးရ (NUG) က ထုတ်ပြန်ပြောဆိုထားသည်။

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ လူသားမျိုးနွယ်အပေါ် ဆန့်ကျင့်သည့် ပြစ်မူများ၊ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်သည်ဟု ထုတ်ဖော်ထားကြပြီး ဖြစ်သည်။

သို့သော် မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက လက်ခံကျင့်သုံးနေသော Code of Conduct ဟုခေါ်သည့် စစ်သည်တော်ကျင့်ဝတ်၊ ဂျနီဗာကွန်းဗင်းရှင်း (Geneva Convention)နှင့် လူသားချင်း စာနာမူဆိုင်ရာ အပြည်ပြည်ဆိုင် ဥပဒေများ (International Humanitarian Law) တို့ကို ပြောင်ပြောင်တင်းတင်းပင် ချိုးဖောက်ပြီး၊ လူမဆန်သည့် သတ်ဖြတ်မှုများကို ဆက်လက်ကျူးလွန်နေဆဲပင် ဖြစ်သည်။ (ယခုဆောင်းပါးရေးနေစဥ် အတွင်းမှာပင် အိမ်ခြေ ရာဂဏန်း ရှိသော စစ်ကိုင်းတိုင်းအတွင်းမှ ရွာကြီး ၂ ရွာကို စစ်တပ်က မီးရှို့ခဲ့၍ အိမ်ခြေ ၇ ရာနီးပါး မီးလောင်ပျက်ဆီးသွားကြောင်း သတင်း/ရုပ်သံဖိုင်များ ဆိုရှယ်မီဒီယာများတွင် တက်လာသည်)။

စင်စစ် ယခုဖြစ်ရပ်အပါအဝင် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိဖြင့် တိုးမြင့်ကျူးလွန်လာသည့် အကြမ်းဖက် စစ်ဆင်ရေးများသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ လာမည့် ၆ လအတွင်း တနိုင်ငံလုံးရှိ တော်လှန်ပုန်ကန်မှုများကို အပြီးသတ်ခြေမှုန်းပြီး၊ အတုအယောင် ရွေးကောက်ပွဲတခုကျင်းပကာ အာဏာကို လက်မလွှတ်စတမ်း ဆုတ်ကိုင်သွားမည် ဆိုသည့် အမိန့်မှာတမ်းကို စစ်တပ်တခုလုံးက အားသွန်ခွန်စိုက် တသွေမသိမ်း အကောင်အထည်ဖော်နေခြင်းသာ ဖြစ်သည်။

မင်းအောင်လှိုင်၏ အဆိုပါ ခြေလှမ်းကို ပြီးခဲ့သည့်လအတွင်း လက်နက်ကိုင် တော်လှန်‌ရေး အရှိန်မြင့်နေသည့် နေရာဒေသများတွင် စစ်အုပ်ချုပ်ရေး မာရှယ်လောအမိန့် ထုတ်ပြန်ခဲ့သည့် လုပ်ရပ်ကိုကြည့်လျှင် တွေ့နိုင်မည် ဖြစ်သည်။

အထူးသဖြင့် မြန်မာပြည် အလယ်ပိုင်းအပါအဝင် ယခင် လက်နက်ကိုင်တိုက်ပွဲများ မရှိခဲ့သော နေရာဒေသများတွင် နွေဦးတော်လှန်ရေးနှင့်အတူ အရှိန်အဟုန်နှင့် ပေါ်ပေါက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များအား ၆ လအတွင်း အပြီးတိုင် ခြေမှုန်းနိုင်ဖို့အတွက်ဆိုလျှင် စစ်တပ်အနေနှင့် မည်သည့် ရက်စက်ယုတ်မာမှုမျိုးကိုမဆို ကျူးလွန်နိုင်ကြောင်း မင်းအောင်လှိုင်က အတိအလင်း မီးစိမ်းပြ ခွင့်ပြုလိုက်ခြင်းပင် ဖြစ်သည်။

စစ်တပ်၏ တာတိုင်ကျေးရွာသား ၁၆ ဦး ကိုသတ်ဖြတ်ပြီးပြီး အိမ်ခြေအကုန်နီးပါး မီးရှို့ဖျက်ဆီးသွားခဲ့သည့် လုပ်ရပ်သည် စစ်တပ်အနေနှင့် ၄င်းတို့ အာဏာတည်မြဲရေးအတွက် မည်သည့်လုပ်ရပ်မျိုးကိုမဆို အဆုံးစွန်ထိ ကျူးလွန်မည်ဆိုသည်ကို ပြသခြင်း တနည်း ပြည်သူကို တိုက်ရိုက် ထပ်မံခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။

သို့သော် အဆိုပါ ကျူပင်ခုတ် ကျူငုတ်မကျန် အပြောင်ရှင်းသည့် လုပ်ရပ်သည် တနေ့ ကျဆုံးခြင်းနှင့်သာ အဆုံးသတ်သည် ဆိုသည်ကို သမိုင်းအဆက်ဆက်က သက်သေပြနေသည်။ ၄င်းတို့၏ ဆိုးညစ် ယုတ်မာ ရက်စက်မှုများအတွက် ထိုက်တန်သည့် အပြစ်ဒဏ်ကို တချိန်တွင် ပြန်ခံရမည်ဖြစ်သည်။ သို့သော် အဆိုပါ “တချိန်” ဆိုသည်ကတော့ မကြာရှည်ရန် လိုအပ်သည်။

မင်းအောင်လှိုင်၏ အချက်ပြ ခွင့်ပြမှုနှင့်အတူ တိုးမြင့်လာသည့် စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူများသေကြေပျက်ဆီးမှုများ ဆက်လက်မြင့်တက်နိုင်သည့်အရေးကို လက်ရှိတော်လှန်ရေး၏ တပ်ဦး ဟုဆိုနိုင်သည့် NUG အစိုးရအနေနှင့် ထည့်သွင်းစဥ်းစား ကြိုတင်ပြင်ဆင်ရမည်ဖြစ်သည်။ အထူးသဖြင့် ထိခိုက်ဆုံးရှုံးမှုများ လျော့ချနိုင်ရန်အတွက် တော်လှန်ရေး အဓွန့်မရှည်ရန်မှာလည်း အရေးကြီးလှသည်။ ဉာဏ်ပညာ၊ သတိနှင့်၊ မာန်မာန အတ္တကင်းစွာဖြင့် စစ်အုပ်စုကို ဘက်ပေါင်းစုံမှ ပြင်ဆင်တိုက်ခိုက်ရမည် ဖြစ်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့် စစ်တပ်အရာရှိများကိုလည်း ၎င်းတို့ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မူများအတွက် နိုင်ငံတကာရာဇဝတ်မူခုံရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ)တို့တွင် တရားစွဲဆို ပြစ်ဒဏ်ချမှတ်နိုင်ရေး လုပ်ဆောင်ရမည်ဖြစ်သလို၊ ကိုယ်ကျိုးရှာ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင်၏ အမိန့်ကို တသွေမသိမ်းလိုက်နာကာ နေအိမ်များကို မီးရှို့ ၊ ပြည်သူများကို ရက်ရက်စက်စက် ဖမ်းဆီး ငြင်းဆဲ သတ်ဖြတ်သည့် လုပ်ရပ်များကို ပျော်ပျော်ပါးပါးကြီး ဆင်နွဲနေသော အလယ်အလတ်နှင့် အောက်ခြေ တပ်သားများကိုပါ အရေးယူ ပြစ်ဒဏ် ချမှတ်နိုင်ရေး မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။

စစ်တပ်ခေါင်းဆောင်မှသည် အောက်ခြေစစ်သားအထိ အရပ်သားများအပေါ် ရက်စက်သည့် လုပ်ရပ်များကို ကျူးလွန်ခဲ့သည့် မည်သူမဆို Impunity ဟုခေါ်ဆိုသည့် ပြစ်ဒဏ်မှ လွတ်မြေက်ကင်းလွတ်ခွင့် ရရှိရစေမည် မဟုတ်။ ၄င်းတို့၏ လုပ်ရပ်နှင့် ထိုက်တန်သည့် အပြစ်ပေးမှုကို မဖြစ်မနေ ခံယူစေရေး ကြိုးပမ်းရမည်ဖြစ်သည်။

ကိုယ့်ပြည်သူများအပေါ် ပြန်လည်ကျူးလွန်သော အကြမ်းဖက် စစ်ဆင်ရေးများအတွက် အမိန့်ပေးသူသာမက ကျူးလွန်သူ အရာရှိ အကြပ် တပ်သားများသည်လည်း အချိန်တန်လျင် “တာဝန်အရ၊ အထက်အမိန့်အရ” ဟုဆိုကာ ကျူးလွန်နေသည့် လုပ်ရပ်များအတွက် ခေါင်းရှောင်၍ ရမည်မဟုတ်။ ကျူးလွန်ခဲ့သည်များအတွက် စစ်ဆေးအရေးယူခြင်းများ စတင်ဖြစ်ပေါ်လာပါက တစ်နွယ်တစ်စင်ပါ တာဝန်ယူကြရမည်သာ ဖြစ်သည်။ ဗုဒ္ဒ၏ အယူအရလည်း ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်သာ ဖြစ်သည်။

လက်ရှိမြန်မာပြည်တွင် ဖြစ်ပျက်နေသည်များသည် တဖက်နှင့်တဖက် သမရိုးကျ တိုက်ခိုက်နေသည့် ပြည်တွင်းစစ် မဟုတ်။ နိုင်ငံ၏ ပိုင်ဆိုင်မှုမှန်သမျှကို စိတ်တိုင်းကျ သုံးဖြုန်းပြီး တိုင်းပြည်ကို ဆွေစဥ်မျိုးဆက် ချုပ်ကိုင်အုပ်ချုပ်လိုသည့် စစ်အုပ်စု တနည်းအားဖြင့် မပြီးဆုံးနိုင်သော လောကီလိုအင်ဆန္ဒများအတွက် ပြည်သူများ၏ အသက် အိုးအိမ်များကိုပင် ရက်ရက်စက်စက် ဖျက်ဆီး သတ်ဖြတ်နေသည့် အကြမ်းဖက် စစ်တပ်ကို ပြည်သူများက ပြန်လည်တွန်းလှန် ပုန်ကန်သည့် လူထုတော်လှန်ရေးသာ ဖြစ်သည်။

အထူးသဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြောင့် နာကျည်းနေပြီ ဖြစ်သည့် ပြည်သူများ၏ စိတ်အစဥ်တွင် စစ်တပ်အား အပြီးတိုင် ဖြိုချရမည် ဆိုသောစိတ်ဆန္ဒများ ပြင်းပြစွာကိန်းအောင်းနေခြင်းက တော်လှန်ရေး အောင်မြင်ရန် အကောင်းဆုံးသော၊ အကြွယ်ဝဆုံးသော အရင်းအမြစ် ဖြစ်သည်။

အချုပ်အားဖြင့် လက်ရှိ တော်လှန်ရေးသည် လုပ်ပိုင်ခွင့် အာဏာကြောင့် ပုန်ကန်သည့် သမရိုးကျ စစ်မဟုတ်တော့ဘဲ၊ အာဏာရှင်ကို ဖြုတ်ချပြီး စနစ်ကိုပြောင်းလဲလိုသည့် လမ်းကြောင်းဆီသို့ ဦးတည်နေသော လူထုတော်လှန်ရေး စစ်စစ်သာ ဖြစ်ပေသည်။ လူထုပါဝင်သော မည်သည့်စစ်ပွဲမဆို ရှုံးနိမ့်ရိုး ထုံးစံမရှိ ဆိုသည့်စကားအတိုင်း မကြာသော တနေ့တွင် ဖက်စစ် စစ်တပ်ကို အမြစ်ဖြတ်သည့် အချိန်သို့ ရောက်ရှိလို့ လာမည် ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article