32 C
Yangon

တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

Must read

တရားမဝင် စစ်အာဏာသိမ်းမှုနှင့် တရားမဝင် စစ်ကောင်စီ

By လမ်းသစ်

“စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး” ….

——————-

ဒါကတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ တွမ်အန်ဒရူး (Tom Andrews) က ပြီးခဲ့တဲ့လအတွင်းမှာ ကျင်းပခဲ့တဲ့ လူ့အခွင့်ရေးကောင်စီ Conference Room Paper ကိုမိတ်ဆက်တဲ့ ကုလသမဂ္ဂ အခမ်းအနားတခုအတွင်းမှာ ပြောကြားခဲ့တာပါ။

အကြမ်းဖက် စစ်ကောင်စီဟာ ကိုယ့်ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်နေပြီး၊ မြန်မာပြည်သူတွေကလည်း စစ်ကောင်စီကို အစိုးရအဖြစ် ဘယ်တုန်းအခါကမှ သတ်မှတ်ခဲ့တာ မရှိကြောင်းကိုလည်း ၄င်းကထည့်သွင်း ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာအစိုးရများအနေနဲ့ စစ်ကောင်စီရဲ့ တရားဝင်မှု ရရှိအောင် လီဆယ်ကြိုးပမ်းမှု မှန်သမျှကို သတိရှိကြဖို့နဲ့ စစ်ကောင်စီကို အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်ပြုရာ ရောက်တဲ့ ဘယ်ပူးပေါင်းဆောင်ရွက်တာမျိုးကိုမဆို မလုပ်ဆောင်ဖို့ တို့ကို တိုက်တွန်းကြောင်းကိုလည်း လူ့အခွင့်အရေး ကိုယ်စားလှယ်က ဆွေးနွေးခဲ့ပါတယ်။

အထူးသဖြင့် စစ်ကောင်စီဟာ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုတခုကို လုပ်ဆောင်နေတဲ့ တရားမဝင် စစ်အုပ်စုတခုသာဖြစ်ကြောင်း နိုင်ငံတကာကို တင်ပြဆွေးနွေးသွားခဲ့ပြီး၊ စစ်‌ကောင်စီအား မည်သည့်နည်းလမ်းနှင့် ချိန်ထိုးကြည့်သည်ဖြစ်စေ တရားဝင်မှု မရှိသည့် အဖွဲ့အစည်းသာ ဖြစ်ကြောင်းကို အထောက်အထားများနဲ့တကွ ထောက်ပြဆွေးနွေးသွားခဲ့အတွက် အဆိုပါဆွေးနွေးခဲ့မှုများကို ဆီလျှော်အောင် ဘာသာပြန်ဆို တင်ဆက်ပေးလိုက်ပါတယ်။

——————–

ဒီကနေ့မှာတော့ (မြန်မာစစ်အုပ်စု) တရားဝင်မှုနဲ့ ပတ်သက်ပြီး လေ့လာထားတဲ့ အစီရင်ခံစာ တစ်စောင်ကို ဖတ်ကြားသွားပါ့မယ်။

“ဥပဒေချိုးဖောက်မှုနဲ့ တရားမဝင်မှု : မြန်မာစစ်အုပ်စု က ၎င်းတို့သာ တရားဝင် အစိုးရဖြစ်ကြောင်း ကြွေးကြော်မှုနဲ့ နိုင်ငံတကာတုန့်ပြန်မှုတွေကို ဆန်းစစ်လေ့လာခြင်း” လို့ အမည်ပေးထားပါတယ်။

ဒါကြောင့်မို့ ဒီမှာရှိနေတဲ့ လေ့လာသူအားလုံးကို တိုက်တွန်းချင်တာကတော့ ခင်ဗျားတို့အနေနဲ့ “တရားဝင်မှု” နဲ့ပတ်သက်တဲ့ မေးခွန်းတွေကို အသားပေး လေ့လာချင်တာပဲ ဖြစ်ဖြစ် သာမန်ကာလျှံကာ နားလည်ချင်တာပဲ ဖြစ်ဖြစ် ရှုထောင့်အစုံကနေ ကြည့်သင့်ပါတယ် ဆိုတာပါပဲ။

တရားဝင်မှုလို့ ပြောတဲ့အခါ စစ်အုပ်စုရဲ့ သူတို့ဘာသာ ချမှတ်ထားတဲ့ တရားဝင်မှုဆိုင်ရာ စံချိန်စံညွှန်းတွေကို လေ့လာဖို့ လိုအပ်သလို ကျွန်တော်တို့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တရားဝင်မှုနဲ့ ပတ်သက်တဲ့ စံသတ်မှတ်ချက်တွေကိုပါ လေ့လာသုံးသပ်ရမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ တရားဝင် ဖြစ်မှု၊ မဖြစ်မှုကို ဘယ်လိုစံချိန်စံညွှန်းတွေနဲ့ ချိန်ညှိ ထောက်ခံလေ့ရှိသလဲ ဆိုတာကိုပါ ထည့်သွင်း စဥ်းစားရမှာပါ။ ဒါ့အပြင် ကျွန်တော့်အနေနဲ့ ကုလအဖွဲ့ဝင်နိုင်ငံအားလုံးကို တရားဝင်မှု ရှုထောင့်ကနေ စစ်ဆေးအကဲဖြတ်ချင်ပါတယ်။

ဒါကတော့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ဟာ မြန်မာစစ်အုပ်စုရဲ့ တရားဝင်မှု ရှိသယောင် ဟန်ဆောင် သရုပ်ပြနေမှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖြစ်စေ မတော်တဆ ဖြစ်စေ ပံ့ပိုးကူညီနေကြသလား ဆိုတဲ့‌ မေးခွန်းကို အဖြေရှာချင်တာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်က အခုလို သူတို့ကိုယ် သူတို့ တရားဝင်အစိုးရ ဖြစ်တယ်လို့ လိမ်ညာကြွေးကြော်နေတာဟာ ပြည်သူလူထုကို မတရားဖိနှိပ်ဖို့ အသုံးချနေတဲ့ ဝါဒဖြန့်ချိရေး လက်နက်တစ်ခုသာ ဖြစ်ပါတယ်။

သူတို့ဟာ ပြည်သူတွေအတွက် ဘယ်လောက်အရေးပါကြောင်းနဲ့ သူတို့ကို ဆန့်ကျင်နေသူတွေဟာ ဘယ်လို ပြစ်ဒဏ်ခံရမယ် ဆိုတာမျိုး ဝါဒမှိုင်းတိုက်ဖို့ အတွက် အခုလို တရားဝင်ကြောင်း ကြွေးကြော်နေကြတာ ဖြစ်တယ်။

ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့ နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ နားလည်ထားရမှာက မြန်မာစစ်အုပ်စုကို တရားဝင်မှု ရှိတယ်၊ မရှိဘူး ဆုံးဖြတ်ပေးဖို့က သိပ်ကို အရေးကြီးတဲ့ သတိကြီးကြီးထား ကိုင်တွယ်ရမယ့် အရေးကိစ္စပဲ ဖြစ်တယ်။

ဒီအစီရင်ခံစာက အဲဒီ့အကြောင်းအရာတွေကို လေ့လာဖော်ပြထားတာ ဖြစ်ပါတယ်။ ဆက်လက်ပြီး တရားဝင်မှုဆိုင်ရာ စံသတ်မှတ်ချက်တွေကို တင်ပြပါ့မယ်။

စစ်အုပ်စုအပေါ် တရားဝင်မှု ရှိ/ မရှိ ဆုံးဖြတ်တဲ့နေရာမှာ ဘယ်စံချိန်စံညွှန်းနဲ့ပဲ ချိန်ညှိကြည့်ပါ‌စေ အာဏာသိမ်းတဲ့ လုပ်ရပ်ဟာ သူတို့ကိုယ်တိုင် စိတ်ကြိုက်ပြဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပ‌ဒေကိုတောင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခဲ့ရာ ရောက်တယ်ဆိုတာ အထင်အရှား မြင်တွေ့ရမှာပါ။

ဒီနေရာမှာ ပြည်တွင်းဖွဲ့စည်းပုံ အခြေခံဥပ‌ဒေဆိုင်ရာ ကိစ္စရပ်တွေကို ဆန်းစစ်ခြင်းအပြင် နိုင်ငံတကာ တရားဝင်မှုနဲ့ပတ်သက်ပြီး အဓိက အချက် ၃ ချက်နဲ့ တိုက်ဆိုင် စစ်ဆေးပါတယ်။

ကျွန်တော်အနေနဲ့ နိုင်ငံတကာ အသိုက်အဝန်းကို မေးခွန်း (၃) ခု မေးပါတယ်။

နံပါတ် ၁။ သူတို့မှာ (မြန်မာစစ်အုပ်စုမှာ) လက်ရှိနိုင်ငံကို ထိထိရောက်ရောက်ရောက် ထိန်းချုပ်နိုင်စွမ်း ရှိသလား။

နံပါတ် ၂။ သူတို့မှာ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံဥ‌ပဒေ ဆိုင်ရာ တရားဝင်မှုရှိသလား။

နံပါတ် ၃။ သူတို့ဟာ ပြည်သူလူထုကို တရားဝင် ကိုယ်စားပြုနိုင်သူတွေလား။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှုကို စကြည့်လိုက်ရအောင်…

ဒီအချက်ဟာ သူတို့အနေနဲ့ တရားဝင်မှု ရှိ၊ မရှိ အဆိုပြုရာမှာ မင်းအောင်လှိုင် စွဲကိုင်ပြလေ့ရှိတဲ့ အခြေခံအချက် တစ်ခုဖြစ်ပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ချမှတ်ထားတဲ့ စည်းမျဥ်းစည်းကမ်းတွေနဲ့ ကိုက်ညီနေမှသာ အစိုးရတစ်ရပ်ကို အာဏာအပ်နှင်းသင့်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားဝင်မှု ကဏ္ဍမှာ အတိအလင်း ဖော်ပြထားပါတယ်။

တကယ်တမ်းတော့ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ ခေါ် စစ်ကောင်စီဟာ အခုဆက်လက်ဖော်ပြမယ့် အမူအကျင့်တွေကို ထပ်တလဲလဲ ပြုလုပ်နေတာပါ။ စစ်အုပ်စုရဲ့ လက်သုံးစကားတစ်ခုရှိပါတယ်။ သူတို့လေသံအတိုင်း ပြန်ပြောရရင်

“စစ်ကောင်စီဟာ (၂၀၀၈) နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေထဲက စည်းမျဥ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ တရားဝင်မှုကို သံသယဖြစ်စရာ မလိုပါဘူး” လို့ အမြဲပြောပါတယ်။

တကယ့်လက်တွေ့မှာတော့ မြန်မာစစ်တပ်ဟာ (သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို လုံးဝ လေးစား လိုက်နာခြင်း မရှိခဲ့ပါဘူး။

ဘာကြောင့်လဲဆိုတော့ စစ်အုပ်စုဟာ အခြေခံဥပ‌ဒေကို ဖောက်ဖျက်ပြီး သမ္မတ ဦးဝင်းမြင့်ကို ရာထူးက ဖယ်ရှားခဲ့သလို ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်က ခန့်အပ်ထားတဲ့ ဒု-သမ္မတကို သမ္မတတာဝန် ပေးအပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ကိုယ်တိုင်ကိုယ်ကျ ရေးဆွဲထား တဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေရဲ့ ပုဒ်မ ၄၁၇ အရ

၁။ သမ္မတ တစ်ဦးတည်းကသာ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာပိုင်ခွင့်ရှိရမယ်

၂။ ဒီလိုကြေညာချက်မျိုးကို နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီးမှသာ ထုတ်ပြန်ရမယ်

၃။ ပြည်ထောင်စု လွှတ်တော်ကို အကြောင်းကြားပြီးမှသာ ကြေညာခွင့်ရှိရမယ်

လက်တွေ့မှာလည်း အထက်ပါအချက် ၃ ချက်စလုံးနဲ့ လုံးဝ ကိုက်ညီမှုမရှိခဲ့ဘူး။ (၄င်းတို့ကိုယ်တိုင် စိတ်တိုင်းကျ ရေးဆွဲခဲ့သော ဥပဒေကို ၄င်းတို့ကိုယ်တိုင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်ပြီး၊ အရေးပေါ်အခြေအနေ ကြေငြာကာ အာဏာသိမ်းခဲ့ခြင်းဖြစ်ပါတယ်)။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုဖြစ်ပွားတဲ့နေ့မှာ စစ်တပ်အရာရှိနှစ်ဦးက သမ္မတ ဦးဝင်းမြင့်ကို နှုတ်ထွက်ဖို့ လာပြောခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ သူ့ထွက်ဆိုချက်အတိုင်း ပြန်ပြောရရင် စစ်အရာရှိတွေက သူ့(သမ္မတ)ကျန်းမာရေး အခြေအနေ ဆိုးရွားနေတယ်လို့ အကြောင်းပြကာ နှုတ်ထွက်ပေးဖို့ သူ့ကို ခြိမ်းခြောက် အကျပ်ကိုင်ခဲ့တယ်။

ဒါပေမဲ့ တကယ်တမ်းမှာ သမ္မတရဲ့ ကျန်းမာရေးက အကောင်းကြီး ရှိသေးတယ်။ ဒါ့ကြောင့် သေချင်သေပါစေ သူတို့တောင်းဆိုတာကို မလုပ်နိုင်ဘူးလို့ သူငြင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲသလို ငြင်းဆန်တာကြောင့်ပဲ မြန်မာစစ်တပ်ဟာ သူ့ကို ဖမ်းဆီးခဲ့တယ်။ ပြီးတာနဲ့ သူတို့အလိုကျ လုပ်ကိုင်ပေးနိုင်မယ့်သူဖြစ်တဲ့ စစ်တပ်ခန့် ဒုသမ္မတတစ်ဦးကို သမ္မတနေရာမှာ ခန့်လိုက်တာပဲ ဖြစ်တယ်။

ဒီတော့ သူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေကို ပြန်ကြည့်လိုက်ရင် ပြည်ထောင်စု လွှတ်တော်တစ်ခုတည်းကသာ လက်ရှိသမ္မတကို ဖယ်ရှားရေးအတွက် စွဲချက်တင်နိုင်ပြီး နောက်ဆုံးမှာ (သမ္မတနဲ့ ပတ်သက်တဲ့) ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ အဆုံးအဖြတ်ကိုလည်း လွှတ်တော်ကပဲ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ တကယ်တမ်းမှာတော့ (သမ္မတဦးဝင်းမြင့်ကို တရားမဝင် ဖယ်ရှားခဲ့စဥ်က) ဒီအချက်တွေအတိုင်း ကျင့်သုံးဖို့ နေနေသာသာ လွှတ်တော်ကျင်းပခွင့်တောင် မပြုခဲ့ပါဘူး။

ဒါနဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ကျွန်တော့် အစီရင်ခံစာမှာ ပြည့်ပြည့်စုံစုံ ထည့်သွင်းရေးသားထားပါတယ်။

ဒါပေမဲ့ သေချာတာကတော့ စစ်အုပ်စုဟာ မတရား အာဏာသိမ်းဖို့အတွက် သူတို့ကိုယ်တိုင် ချမှတ်ထားတဲ့ မြန်မာနိုင်ငံရဲ့ သမ္မတကို ဖယ်ရှားခြင်း ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုတောင် လိုက်နာ ဆောင်ရွက်ခြင်း အလျဥ်းမရှိဘူးလို့ ကျွန်တော့်အနေနဲ့ ကောက်ချက်ချပါတယ်။

ဒါတွေအပြင် စစ်ကောင်စီ (SAC) ဟာ ဥပေဒအရ တရားဝင် မှန်မှန်ကန်ကန် ရွေးကောက်ထားတဲ့ အမတ်လောင်းတွေနဲ့ ဥပဒေပြုလွှတ်တော်ကိုလည်း ထပ်မံအပြစ်ဖို့ခဲ့ပါတယ်။

ဆိုလိုတာက တကယ့်ကို မှန်မှန်ကန်ကန် ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုတောင် သူတို့စကားအတိုင်းပြန်ပြောရရင် “မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ဆုံးရှုံးစေတယ်” လို့ သုံးနှုန်းကာ စစ်ကောင်စီက အပြစ်တင်ခဲ့တာပါ။

ပြည်သူတွေက ရွေးချယ်တင်မြောက်ခဲ့တဲံ့ NLD အစိုးရကို မြန်မာ့အချုပ်အခြာ အာဏာကွယ်ပျောက်စေခဲ့သူလို့ လို့ စွပ်စွဲခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်တဲ့ စစ်တပ်ရဲ့ စုံစမ်းစစ်ဆေးမှုတွေကို လက်မခံလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။ ဒီစွပ်စွဲချက်တွေက မှားယွင်းပြီး လုံးဝအခြေအမြစ်မရှိတဲ့ ထင်ကြေးတွေပဲ ဖြစ်တယ်။

အခုအခါမှာတော့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ အခြားပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်များနဲ့ ပူးပေါင်းကာ ရွေးကောက်ပွဲအတွင်း မမှန်ကန်တဲ့ လုပ်ရပ်တွေကို စီစစ်အကဲဖြတ်ဖို့ ဗလိုအလုပ် အမှုဆောင်အဖွဲ့တစ်ခု ဖွဲ့စည်းလုပ်ဆောင်ခဲ့ပါတယ်။

ဒီအဖွဲ့က ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြဿနာတွေအပေါ် မကျေမလည် ဖြစ်မှုတွေကို ဆန်းစစ်အဖြေရှာကြတာပါ။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲအပေါ် တုံ့ပြန်ပုံတွေကို လေ့လာကြည့်မယ်ဆိုရင် အဲဒီ့ရွေးကောက်ပွဲဟာ မြန်မာပြည်သူတွေရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်းကျခဲ့တယ်လို့ သူတို့ ကောက်ချက်ချခဲ့ပါတယ်။

ဒါ့ကြောင့်မို့ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်ဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတရပ်ကို ဖွဲ့စည်းပုံအခြေခံဥပ‌ဒေမှာ မဖော်ပြထားတဲ့ အာဏာသိမ်းမှု ပုံစံမျိုးနဲ့ နှောင့်ယှက်ဖျက်ဆီးကာ နိုင်ငံတော်အာဏာကို လက်နက်အားကိုးနဲ့ တရားမဝင် ရယူလိုက်တာပဲဖြစ်တယ်။ ဒီ (စစ်ကောင်စီ)လုပ်ရပ်မျိုးဟာ ဒီမိုကရေစီနည်းအရသာမက ဖွဲ့စည်းပုံအခြေခံဥပဒေ တရပ်အနေနဲ့ပါ တရားဝင်မှု လုံးဝ လုံးဝ မရှိပါဘူး။

ဒီနေရာမှာ သေချာပေါက် ပြောနိုင်တာတစ်ခုကတော့ အာဏာသိမ်းပြီး နှစ်နှစ်ကြာတဲ့အထိ စစ်ကောင်စီ (SAC) ဟာ အကြမ်းဖက် သတ်ဖြတ်မှုတွေကို မဆင်မခြင် လုပ်ဆောင်နေခဲ့တာတောင် နိုင်ငံကို ထိထိရောက်ရောက် မထိန်းချုပ်နိုင်ဘဲ အစိုးရတစ်ရပ် ဖြည့်ဆည်းပေးရမယ့် အခြေခံအကျဆုံး လုပ်ငန်းဆောင်တာတွေကိုတောင် ပိုင်ပိုင်နိုင်နိုင် မဖြည့်ဆည်း နိုင်ပါဘူး။

ဒါကြောင့် စစ်ကောင်စီကို မြန်မာနိုင်ငံရဲ့ မှန်ကန်သင့်တော်တဲ့ အစိုးရတစ်ရပ်အဖြစ် သတ်မှတ်ဖို့ ဆိုတာဟာ ဘယ်လိုမှ ကျိုးကြောင်းဆီလျော်တဲ့ ကိစ္စမဟုတ်ပါဘူး ဆိုတာကို တင်ပြလိုပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article