31 C
Yangon

ရန်ကုန်တွင် လျှပ်စစ်မီတာခ မပေးဆောင်သူများကို တရားစွဲမည်ဟု စာပို့ ၊ မန္တလေးတွင် မီတာဆောင်ထားသူများကို မီတာကြွေးကျန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက် မတရား ငွေတောင်း

Must read

ရန်ကုန်တွင် လျှပ်စစ်မီတာခ မပေးဆောင်သူများကို တရားစွဲမည်ဟု စာပို့ ၊ မန္တလေးတွင် မီတာဆောင်ထားသူများကို မီတာကြွေးကျန်ရှိသည်ဟုဆိုကာ ခြိမ်းခြောက် မတရား ငွေတောင်း

ရန်ကုန်၊ မတ် ၁၅

စစ်အာဏာသိမ်းမှုကြောင့် လျှပ်စစ် မီတာခ ပေးဆောင်ထားခြင်း မရှိသူများကို မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများက တရားစွဲဆိုမည်ဟု ခြိမ်းခြောက် စာများ ပေးပို့လျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ရန်ကုန်တိုင်းအတွင်းရှိ ပြည်သူများ၏ ငွေကြေးဖြင့် တပ်ဆင်ထားသော မီတာများကို မြို့နယ် လျှပ်စစ်ရုံးများက ဖြုတ်သိမ်းပြီးနောက် မီတာခ လာရောက် ပေးဆောင်ခြင်း မရှိသေးသော အကြောင်းပြချက်ဖြင့် မြို့နယ် လျှပ်စစ်မန်နေ ဂျာရုံးက ရန်ကုန် လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်း၏ လုပ်ထုံး လုပ် နည်းများနှင့် အညီ တရားစွဲမည်ဆိုမည့် အကြောင်းကြားစာများ ပေးပို့လာကြောင်း သိရသည်။

” မီတာပုံးတွေ ဖြုတ်သိမ်းပြီးတာတော့ ကြာပြီ။ အခုက လက်ကျန်အကြွေး မပေးလို့ဆိုပြီး တရားစွဲမယ်ဆိုတဲ့ စာတွေ ထပ်ပို့တယ်။ မီတာစာရွက်တွေ လာပေးရင်းနဲ့ လက်မှတ်ထိုးခိုင်းပြီး တရားစွဲမယ်ဆိုတဲ့ စာရွက် လာပို့တာပါ။ EPC က ဝန်ထမ်းလာပို့တာ အရပ်ဝတ်တွေနဲ့” ဟု လှိုင်မြို့နယ်မှ ပြည်သူတစ်ဦးကပြောဆိုသည်။

မြို့နယ် လျှပ်စစ် မန်နေဂျာရုံးများက တရားစွဲဆိုမည့်ခြိမ်းခြောက် စာများ ပေးပို့သော်လည်း မည်သည့် ဥပဒေဖြင့် အရေးယူမည်ကို ဖော်ပြထားခြင်းမရှိကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်း၊မြို့နယ်လျှပ်စစ်ရုံးများက လျှပ်စစ်မီတာခများကို မှန်း ဆ၍ ပိုမိုကောက်ခံနေကြောင်း သိရှိရသည်။

“ဒီလောက်မီးတွေပျက်နေတာလည်း မီတာခတွေ တက်ပြီးရင်းတက်၊ အရင်က ၂ သောင်းလောက်ဆောင်ရတာ အခု မီးတွေပြတ်နေတာကို ၇ သောင်းဆောင်ခိုင်းတယ်။ သွားပြောတော့လည်း ဘာမှ မလုပ်ပေးဘူး။ မီတာမဆောင်ရင် မီ တာ ပုံးဖြုတ်မယ်ပြောတယ်။ ဖတ်ထားတဲ့ ယူနစ်တွေကလည်း တလွဲတွေချည်းပဲ” ဟု အမရပူရမြို့နယ်မှ ပြည်သူတစ်ဦးက ဆိုသည်။

ထို့ပြင် ယခင်နှစ်များစွာက မီတာဆောင်ထားပြီးသားလျှပ်စစ်မီတာများကိုလည်း ကြွေးကျန်ရှိသည်ဟုဆိုကာ ရုံးသို့ ခေါ်ယူ၍ ညှိနှိုင်းခိုင်းကြောင်း၊ ကြွေးကျန်ဆောင်စရာမလိုဘဲ ညှိနှိုင်းကြေးဖြင့် အကြွေးစာရင်း ပယ်ဖျက်ပေးမည်ဟု မတရားငွေကောက်ခံမှုများလည်းရှိကြောင်း သိရှိရသည်။

“အရင် ၃ နှစ်က မီတာဆောင်ထားပြီးသားတွေ အကြွေးကျန်တယ်ဆိုပြီး လာတောင်းတယ်။ ရုံးမှာ လာညှိပါဆိုပြီး လုပ်တယ်။ ညှိနှိုင်းကြေး သဘောတူရင် မီတာခ အကြွေးကျန်တွေ စာရင်းဖျောက်ပေးမယ်ဆိုပြီး ပြောတယ်။ ကိုယ့်မှာ ကြွေးကျန်မရှိဘဲ အဲဒီလို လုပ်စားခံနေရတာ။ ဘယ်မှလည်း တိုင်လို့မရဘူး” ဟု မန္တလေးမှ SME လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article