32 C
Yangon

လေတပ်၏ အချမ်းသာဆုံး Su-30 ရုရှားတိုက်ခိုက်ရေးလေယာဉ်အုပ်မှူး၊ စစ်ရာဇဝတ်မှုများ ကျူး လွန်သူ တရားခံ ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေး

Must read

လေတပ်၏ အချမ်းသာဆုံး Su-30 ရုရှားတိုက်ခိုက်ရေးလေယာဉ်အုပ်မှူး၊ စစ်ရာဇဝတ်မှုများ ကျူး လွန်သူ တရားခံ ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေး

ရန်ကုန်၊ မတ် ၁၆

အကြမ်းဖက် မင်းအောင်လှိုင်က ရုရှားနိုင်ငံထုတ် Su-30 တိုက်ခိုက်ရေးလေယာဉ် ၅ စီးထက်မနည်း လက်ဝယ် ပိုင်ဆိုင်ချိန်တွင် Su-30 တိုက်ခိုက်ရေးလေယာဉ် အုပ်မှူးအဖြစ် ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးကို ယမန်နှစ်၊ နှစ်ကုန်ပိုင်းတွင် ခန့်အပ်ခဲ့သည်။

မင်းအောင်လှိုင်၏ မျက်နှာသာပေးမှု ၊ မိန်းမရှုပ်မှုဖြင့် ရာထူး ပြုတ်သွားခဲ့သော လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၏ တပည့်အရင်းဖြစ်ခဲ့မှုတို့က ဒုဗိုလ်မှူး ကြီးခန့်နေသွေးအတွက် များစွာ အကျိုးဖြစ်ထွန်း စေခဲ့သည်ဟုဆိုရပေမည်။

ယခင်ကတည်းက အကပ်ကောင်း၊ အဖားကောင်းသည့် ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးမှာ လုပ်တတ် ကိုင်တတ်ရှိ၍ လေတပ်၏ လေယာဉ်ဆီ ခိုးထုတ်ရောင်းသည့်ကိစ္စများ၊ လေတပ်နှင့်ပတ်သက်နေသော စီးပွားရေးများတွင် ပါဝင် လုပ်ကိုင်ရင်း ငွေကြေးချမ်းသာနေခဲ့သူဖြစ်သည်။

ယမန်နှစ် နှစ်ကုန်ပိုင်း Su-30 လေယာဉ်အုပ်မှူးဖြစ်လာချိန်တွင်တော့ သူ၏ ချမ်းသာမှုတို့က မင်းအောင်လှိုင် တန်ခိုး ဖြင့် နှစ်ဆ တိုးတော့သည်။ Su-30 ရုရှားတိုက်လေယာဉ်များသည် လေယာဉ်ဆီ အလွန်သုံးစွဲရသည့် တိုက် လေယာဉ် အမျိုးအစားဖြစ်ရာ အုပ်မှူး ခန့်နေသွေးအတွက် ဆီပိုခိုးနိုင်သော အခွင့်အလမ်း များရရှိလာစေခဲ့သည်။

ရာထူးတည်မြဲရေး ခန့်နေသွေး ဘာလုပ်သလဲ

=========================

Su-30 တိုက်လေယာဉ်များ၏ အုပ်မှူးဆိုသော ရာထူးက လေတပ်ထဲတွင် တိုက်ခိုက်ရေးလေယာဉ်မှူး အရာရှိ ပိုင်းလော့များ၏ ပန်းတိုင် အိပ်မက်တစ်ခုအဖြစ် စံထားရသည်။ ခန့်နေသွေးသည် ရုရှားထုတ် နည်းပညာမြင့် Su-30 တိုက်ခိုက်ရေးအုပ်မှူးဖြစ်ရာ ၎င်းက ရာထူးတည်မြဲရေးအတွက် စစ်တပ်အကျိုးပြု လုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။

စစ်အာဏာရှင်ကို ပြည်သူများက မုန်းတီးမှုကြောင့် တပ်သားသစ်စုဆောင်းရ အလွန် အလွန့် ခက်ခဲနေချိန် ခန့်နေသွေးက တစ်လလျှင် တပ်သားသစ် တစ်ဦးကို ၎င်း၏ ငွေကြေးများကို အသုံးပြု၍ ရှာဖွေပေးနေသည်။

လေယာဉ်ဆီ ဘောက်ဆာမောင်းသည့် စစ်သားများကိုလည်း တပ်သားသစ်စုဆောင်းရေး တာဝန်များပေးထားသည်။ တပ်သားသစ်မစုဆောင်းနိုင်လျှင် ဆီဘောက်ဆာမောင်း စစ်သားများ ဒဏ်ကြေး တစ်လ ၁၅ သိန်း ခန့်နေသွေးက ကောက်ခံသည်။ ဆီဘောက်ဆာမောင်းသည့်စစ်သားများ၏ ဝင်ငွေက ဝင်ငွေက ၁၀ သိန်းအောက်တွင်သာ ရှိရာ ဒဏ်ကြေးဆောင်ရလျှင် မတတ်နိုင်၍ တပ်သားသစ်ကို ပုံစံမျိုးဖြင့် ဥပဒေမဲ့ စုဆောင်းကြသည်။

ခန့်နေသွေး၏ တစ်လ ဝင်ငွေနှင့် အထက်အရာရှိများကို ဂါခြင်း

===================================

Su-30 တိုက်ခိုက်ရေးအုပ်မှူး ခန့်နေသွေး၏ ဝင်ငွေမှာ တစ်လ သိန်း ၁၀၀၀ အထက်ရှိပြီး အဓိကအားဖြင့် လေယာဉ်ဆီ ခိုးထုတ်ခြင်းမှ ရရှိခြင်းဖြစ်သည်။ သူ၏ သိန်း ၁၀၀၀ အထက် ဝင်ငွေကား သူတစ်ဦးတည်း ရရှိသည်မဟုတ်ဘဲ အဆင့်ဆင့်သော အရာရှိများ၊ လေတပ်ထိပ်ပိုင်း ဗိုလ်ချုပ်များအထိ ဂါရသည်။ ဂါရသည် ဆိုသည်မှာ သူက ထိပ်ပိုင်း လေတပ်ဗိုလ်ချုပ်နှင့်အရာရှိတချို့အတွက် ငွေကြေးပုံမှန် ထောက်ပံ့မှုဖြင့် ကန်တော့ရခြင်းဖြစ်သည်။

ခန့်နေသွေးသည် ရာထူးအာဏာတည်မြဲရေးအတွက် လစဉ် လတိုင်း ဂါသင့်သည့် အရာရှိမှန်သမျှ ပုံမှန် ဂါလေ့ရှိပြီး ယင်းအလေ့အကျင့်ကြောင့် ၎င်းကို လေတပ်ထိပ်ပိုင်းအရာရှိများက အရေးတယူ မျက်နှာသာပေးကြသည်။

ကြမ်းကြမ်းရမ်းရမ်း Su-30 အုပ်မှူးကို မည်သူမှ မထိရဲ

===============================

ခန့်နေသွေးသည် Su-30 တိုက်လေယာဉ်များကို စိတ်တိုင်းကျ မောင်းနှင်ခြင်း၊ လေ့ကျင့်ခြင်းနှင့် ပြန်လည် လက်ဆင့်ကမ်းသင်ကြားပေးမှုများ လုပ်ဆောင်နေသည်။ သူကိုယ်တိုင် Su-30 လေယာဉ် မောင်းနှင်ချိန်တွင် ကြမ်းကြမ်းရမ်းရမ်း ထိုးတက်ထိုးဆင်းများဖြင့် ပညာပြလေ့ရှိသည်။

လွန်ခဲ့သောလက နေပြည်တော်လေယာဉ်မပျံသန်းရ နယ်မြေဖြစ်သော စစ်ရုံးတချို့ပေါ်သို့ Su-30 လေယာဉ်များ ပျံသန်းခဲ့သော်လည်း ခန့်နေသွေး ပေးကမ်း ဂါထားသော ဗိုလ်ချုပ်များကြောင့် ခန့်နေသွေးကို အရေးယူရန် မဆိုထား၊ သတိပေးခေါ်ယူမှုပင် မလုပ်နိုင်ကြပေ။

လင်ကခိုး၊ မယားက သိမ်း

===============

ဒုဗိုလ်မှူးကြီးခန့်နေသွေးသည် ဇနီးသည် စိမ့်စိမ့်လွင်နှင့်အတူ ပေါင်းသင်းနေထိုင်ပြီး နေရပ်အဖြစ် သူ၏မူလ ဇာတိအဖြစ် မွန်ပြည်နယ်၊ သံဖြူဇရပ်၊ စက်သစ်ရပ်ကွက်နှင့် ရန်ကုန် တိုင်း မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်တော်ကလေး အနောက်ပိုင်းရပ် ကွက်တို့ကို တပ်မှတ်တမ်းများတွင် စာရင်းသွင်းထားသည်။

ခန့်နေသွေးက လေယာဉ်ဆီ အကြီးအကျယ် ခိုးထုတ်နေချိန် မိန်းမ စိမ့်စိမ့်လွင်က ငွေသိမ်းသည်။ လစဉ် လေယာဉ်ဆီး ခိုးရောင်းရသည့်ငွေများကို ရန်ကုန်မှ မိန်းမက နေပြည်တော်အထိ လာသိမ်းသည်။ ယင်းနောက် ရန်ကုန်သို့ ပြန်သွားပြီး လင်ဖြစ်သူ ရာထူးတည်မြဲရေး၊ ရာထူးတိုးရေးအတွက် ငွေလမ်းခင်းသည်။ ငွေလမ်းခင်း၍ပင် ရာထူးတိုးရေးအတွက် အစွမ်းကုန် ကြိုးစားနေသည်။

ခန့်နေသွေး ချမ်းသာသမျှ သိရသမျှ

=====================

ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန့်တွင် တန်ဖိုးမြင့် တိုက်ခန်း ၁ ခန်း၊ အလုံတွင် သိန်းရာထောင်ချီတန် ကွန်ဒို ၁ ခန်း၊ သိန်း ၈၀၀ တန် Toyota Rush ကားတစ်စီး၊ သိန်း ၁၈၀၀ တန် ကားသစ်တစ်စီး၊အခြားသော မြေကွက် အပါအဝင် အဖိုးတန် ဥစ္စာပစ္စည်းများကို စုဆောင်းလျက်ရှိသည်။

လေကြောင်းမှ တိုက်ခိုက်သော စစ်ရာဇဝတ်မှုများ၏ တရားခံ

===================================

လက်ရှိတွင် တိုင်းရင်းသားနယ်မြေများ၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ မကွေးတိုင်းတို့ကို ဗုံးကျဲမှုများ လုပ်ဆောင်ပြီး ပြည်သူများကို သတ်ဖြတ်ရာတွင် ခန့်နေသွေး ဦးဆောင်နေသော Su-30 တိုက်ခိုက်ရေး လေယာဉ် အုပ်စုက ပါဝင်နေသည်။

ရုရှား နည်းပညာထုတ် Su-30 လေယာဉ်များဖြင့် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများကို စစ်တပ်က ရက်ရက်စက်စက် ကျူးလွန်နေသည်။ ညှာတာမှု ကင်းမဲ့စွာဖြင့် ကျေးရွာများကို ဗုံးကျဲချခဲ့သည်။

နည်းပညာမြင့် Su-30 လေယာဉ်များဖြင့် ပစ်မှတ်များကို တိကျစွာ ပစ်ခတ်နိုင်သော်လည်း ခန့်နေသွေး ဦးဆောင်သော တိုက်ခိုက်ရေး လေယာဉ်အုပ်စုက ကျေးရွာများကို ဗုံးကျဲချခဲ့သည်။ လေယာဉ်ဖြင့် ဗုံးကျဲ၍လည်း ကျေးရွာများကို ဖျက်ဆီးသည်။ လေယာဉ်ဖြင့် မီးလောင်ဗုံးများ ဗုံးကျဲ၍ ရွာများကို မီးလောင်တိုက် သွင်းသည်။

ဒုတိယဗိုလ်မှူးကြီး ခန့်နေသွေးသည် တော်လှန်ရေးကာလတွင် ပြည်သူများကို သတ်ဖြတ် အနိုင် ကျင့် နေသည့် စစ်ရာဇဝတ်တရားခံအဖြစ် သမိုင်းမှတ်တမ်း တွင်နေခဲ့ပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article