26 C
Yangon

ဥပကစ်ရဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းခဲ့မှုရဲ့ နောက်ကွယ်မှာ ထိုင်းစစ်ဖက် ထိပ်တန်းအရာရှိကြီးများ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့အထောက်အထားများ ပေါက်ကြား

Must read

ဥပကစ်ရဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းခဲ့မှုရဲ့ နောက်ကွယ်မှာ ထိုင်းစစ်ဖက် ထိပ်တန်းအရာရှိကြီးများ ပါဝင်ပတ်သက်နေတယ် ဆိုတဲ့အထောက်အထားများ ပေါက်ကြား

By Prachatai

မင်းအောင်လှိုင်ရဲ့ လူယုံတဦးလည်းဖြစ်သူ စစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းလွှတ်တော်အမတ် ဥပကစ် ပါချရီယန်းကွန်း (Upakit Pachariyangkun) ကို မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုတို့နဲ့ ထိုင်းရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ခဲ့ပြီး မရှေးမနှောင်းမှာပဲ ဖမ်းဝရမ်း ပြန်လည်ရုပ်သိမ်းခဲ့ရတဲ့ ဖြစ်စဥ်မှ သက်သေထွက်ဆိုချက် စာရွက်စာတမ်းများ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ရဲအရာရှိတစ်ဦးထံက ပေါက်ကြားလာပါတယ်။

ဒုတိယရဲမှူးကြီး မာနာပွန် ဝန်ပီဝက် Manapong Wongpiwat က တရားရုံးအတွင်း စုံစမ်းစစ်ဆေးမှုတွေအတွက် တာဝန်ရှိတဲ့ တရားရေးကော်မရှင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ပန်နာ ချွန်းနီမီစဖွန်း (Punna Chongnimitsaphon) ထံ သက်သေခံချက်အဖြစ် ထွက်ဆိုထားတဲ့ စာမျက်နှာ ၇ မျက်နှာပါ အဆိုပါ လျှို့ဝှက်မှတ်တမ်းဟာ စနေနေ့ (မတ်လ ၁၁ ရက်နေ့) က စတင်ပေါက်ကြားခဲ့တာပဲ ဖြစ်ပါတယ်။

အခုအချိန်မှာ ဘန်ကောက်မြို့ ဖရာ့ထိုင်း ရဲစခန်းကို ပြန်လည်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှူးကြီး မာနာပွန်က ပေါက်ကြားထားတဲ့ စာရွက်စာတမ်းတွေဟာ အစစ်အမှန် ဖြစ်ကြောင်း Inside Thailand နဲ့ BBC Thai သတင်းဌာနတွေကို အတည်ပြုပြောကြားခဲ့ပြီး ဘယ်လိုပေါက်ကြားသွားလဲ ဆိုတာတော့ သူမသိခဲ့ဘူးလို့ ဆိုပါတယ်။

တရားရုံးတွင် ထိပ်တိုက်တွေ့ဆုံကြခြင်း

===============

အဆိုပါ သက်သေခံ မှတ်တမ်းထဲမှာ အချက်၂၇ ချက် ပါရှိတယ်လို့ ဆိုပါတယ်။ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃ ရက်နေ့က မြန်မာခရိုနီသူဌေး ထွန်းမင်းလတ် အပါအဝင် ထိုင်းလွှတ်တော်အမတ် ဥပကစ်ရဲ့ သားမက်ဖြစ်သူ ဒင်းယန်းဂူတလာ (Dean Young Gultula) နဲ့ နောက်ထပ်နှစ်ဦးကို မူးယစ်ဆေးဝါးနဲ့ ငွေကြေးခဝါချမှုတွေနဲ့ ဖမ်းဆီးခဲ့ပြီး၊ ဒုရဲမှူး မာနာပွန်က အဆိုပါဖမ်းဆီးမှုဖြစ်စဥ်မှာ စစ်ဆေးရေးအရာရှိအဖြစ် ဦးဆောင်ပါဝင်ခဲ့တာပါ။

ဒုရဲမှူး မာနာပွန်အနေနဲ့ သူစုံစမ်းစစ်ဆေးရသမျှ အထောက်အထားတွေအရ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ထွန်းမင်းလတ်တို့အုပ်စုရဲ့ လှုပ်ရှားမှုတွေမှာ ဥပကစ်လည်း သေချာပေါက် ပါဝင်ပတ်သက်နေတယ်လို့ ယုံကြည်တာကြောင့် ဥပကစ်အတွက်ပါ ဖမ်းဝရမ်းထုတ်ပေးဖို့ တရားရုံးကို လျှောက်ထားခဲ့တယ်လို့ ဆိုပါတယ်။ အောက်တိုဘာလ ၃ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာတော့ (တရားရုံးက) သူ့တောင်းဆိုချက်ကို အတည်ပြုပေးခဲ့ပါတယ်။

ဥပကစ်အတွက် ဖမ်းဝရမ်း ထွက်ပြီးပြီးချင်း ဒုရဲမှူး မာနာပွန်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အာဏာပိုင်တွေနဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ကို အကြောင်းကြားကာ ရာဇဝတ်မှုဆိုင်ရာ သံသယရှိသူစာရင်းထဲမှာ ဥပကစ်ကို ထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ပြီး နောက်တစ်ရက် နံနက် ၆ နာရီအချိန်မှာ သွားရောက်ဖမ်းဆီးဖို့ စီစဥ်ခဲ့ပါတယ်။

ဒါပေမဲ့ အောက်တိုဘာ ၃ ရက် နေ့လယ် ၁ နာရီခွဲခန့်အချိန်မှာ တရားရုံးက သူ့ထံဖုန်းဆက်ကာ ထုတ်ပြန်ထားတဲ့ ဖမ်းဝရမ်းနဲ့အတူ သူ့မှာရှိတဲ့ အခြား သက်သေအထောက်အထားတွေကို တရားရုံးကို ကိုယ်တိုင် လာရောက်ပို့ဆောင်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။

လက်အောက်ငယ်သားနှစ်ဦးနဲ့ တရားရုံးကို သွားရောက်ကာ သတ်မှတ်ထားတဲ့ အခန်းတစ်ခုမှာ တွေ့ဆုံဖို့ စောင့်ဆိုင်းနေစဥ်အတွင်း သူ့အထက်အရာရှိဟောင်းတစ်ဦးက ဖုန်းခေါ်ဆိုကာ မာနာပွန်အနေနဲ့ ဘာကြောင့် ဖမ်းဝရမ်းတောင်းခံခဲ့သလဲ ဆိုတဲ့ အကြောင်းရင်းကို မေးမြန်းခဲ့ပါတယ်။ ဒါ့ကြောင့် သူ့မှာ ဒီလိုဝရမ်းတောင်းခံဖို့ သက်သေအထောက်အထား အလုံအလောက် ရှိကြောင်း ပြန်ဖြေခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ထွက်ဆိုချက်စာတမ်းမှာ ရေးသားထားပါတယ်။

ဒါ့အပြင် မာနာပွန်နဲ့ တွေ့ဆုံဖို့ ခန်းမထဲမှာ စောင့်ဆိုင်းနေကြသူတွေဟာ ရာဇဝတ်တရားရုံးရဲ့ အရာရှိကြီးတွေ ဖြစ်ကြတဲ့ ရာဇဝတ်တရားရုံး ညွှန်ကြားရေးမှူး၊ အထွေထွေအတွင်းရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး အက်တခန် ဖူကျရန်း (Attakarn Foocharoen) တို့ဖြစ်တယ်လို့လည်း အဆိုပါ သက်သေခံမှတ်တမ်းထဲမှာ ဖော်ပြထားပါတယ်။

မာနာပွန်ရဲ့ မှတ်တမ်းအရ အက်တခန်က သူ့ကို ဖမ်းဝရမ်းတောင်းခံရခြင်း အကြောင်းအရင်းကို စစ်ဆေးမေးမြန်းခဲ့ပြီး “နိုင်ငံရဲ့ ဥပဒေပြုလွှတ်တော် အာဏာပိုင်တစ်ဦးကို အဲဒီ့နည်းနဲ့ ဖြုတ်ချပစ်မှာလား” လို့ မေးခဲ့ပါတယ်။

တစ်ဆက်တည်းမှာပဲ အက်တခန်က ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ အကြီးတန်း ရဲအရာရှိတစ်ဦးကို ဖုန်းဆက်ကာ မာနာပွန်ရဲ့ လုပ်ဆောင်ချက်ကို ထပ်ဆင့် မေးမြန်းစေခဲ့ပါသေးတယ်။ ဖုန်းလွှဲပေးခဲ့ချိန်မှာတော့ မာနာပွန်က သူ့အနေနဲ့ တရားရုံး အစည်းဝေးခန်းမထဲကို မလာခင်က သူ့ရဲ့အထက်အရာရှိဟောင်းကို ဖြေကြားခဲ့တဲ့အတိုင်းသာ ပြန်လည်ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီး အက်တခန်က အခုဖမ်းဝရမ်းထုတ်ပေးတဲ့ လုပ်ငန်းစဥ်တွေဟာ အပြောင်းအလဲ ရှိနေကြောင်း ပြောကြားခဲ့သလို၊ ပြစ်မှုအတွက်ထောင်ဒဏ် ၃ နှစ်ထက်ပိုမို ကျခံနိုင်တဲ့ သံသယရှိသူဟာ ထွက်ပြေးနိုင်ခြေ ရှိနေတဲ့အခါမှသာ ဖမ်းဝရမ်းထုတ်နိုင်တယ်ဆိုတဲ့ ဖမ်းဝရမ်းထုတ်ခွင့်ဆိုင်ရာ စံသတ်မှတ်ချက်အဟောင်းအပေါ် ပြင်ဆင်ထားတဲ့ ရာဇ၀တ်ကျင့်ထုံးဥပဒေကို ကိုးကားပြောဆိုခဲ့တယ်လို့ မာနာပွန်က ထွက်ဆိုထားပါတယ်။

အဲဒီနောက်မှာတော့ ဖမ်းဝရမ်း ရုပ်သိမ်းတဲ့ လျှောက်လွှာတစ်စောင်ကို ဖြည့်ပေးဖို့ အက်တခန်က မာနာပွန်ကို တောင်းဆိုခဲ့ပါတယ်။ တရားစွဲမယ့် ဆုံးဖြတ်ချက်ကို နေ့တွင်းချင်း ပြန်ပြောင်းဖို့အတွက် တောင်းဆိုခံခဲ့ရမှုအပေါ် မာနာပွန်က သူ့အနေနဲ့ ထင်မထားခဲ့တဲ့ အခြေအနေတခုပါပဲ ပြောဆိုခဲ့ပါတယ်။

တရားရုံးညွှန်ကြားရေးမှူးက သူ့တင်ပြချက်ကို လက်ခံခဲ့ပြီး ဖမ်းဝရမ်းတောင်းဆိုချက်ကို အတည်ပြုခဲ့တဲ့ တရားသူကြီးကို အစည်းဝေးခန်းမထဲကို ဆင့်ခေါ်ခဲ့ပါတယ်။

တရားသူကြီး ရောက်လာတဲ့အခါ အက်တခန်ကပဲ အရေးကြီးပုဂ္ဂိုလ်တစ်ဦးကို ဖမ်းဝရမ်းမထုတ်ခင် တရားရုံးရဲ့ အမှုဆောင်အရာရှိတွေကို အရင်ဆွေးနွေးတိုင်ပင်ရမယ်ဆိုတဲ့ ရာဇဝတ်တရားရုံး စည်းမျဥ်းတွေရှိတယ်လို့ စတင်ပြောကြားခဲ့ပြီး ထိုကဲ့သို့ ပြဌာန်းချက်မျိုးရှိတာကို သူ့အနေနဲ့ မသိရှိခဲ့ကြောင်း အဲဒီတရားသူကြီးက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ ရဲတွေကို ခန်းမထဲကနေ ၁၀ မိနစ်လောက် ထွက်ပေးဖို့ အက်တခန်က ပြောကြားခဲ့ပါတယ်။ သူတို့ပြန်ဝင်လာပြီးနောက် တရားရုံး ညွှန်ကြားရေးမှူးက ဖမ်းဝရမ်း ရုပ်သိမ်းဖို့ စဥ်းစားပြီးပြီလားလို့ မေးမြန်းခဲ့တာကြောင့် သူက အထောက်အထား ခိုင်ခိုင်မာမာရှိပါရဲ့နဲ့ ဝရမ်းသိမ်းလိုက်မယ်ဆိုရင် ဥပကစ်ရဲ့ လုပ်ရပ်တွေကို ဘယ်လိုစုံစမ်းဖော်ထုတ်နိုင်တော့မှာလဲလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

အဲဒီ့လို အပြန်အလှန်ပြောဆိုနေစဥ် အက်တခန်က ကြားဖြတ်ကာ ထိုင်းတော်ဝင်ရဲတွေချည်း ဒီကိစ္စကို ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူးဆိုတဲ့သဘောမျိုး ဝင်ရောက်ပြောဆိုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရားရုံး ညွှန်ကြားရေးမှူးက ဖမ်းဝရမ်းကို ရုပ်သိမ်းမယ်လို့ ပြောကြားခဲ့ပြီး ထိုစကား ကြားပြီးပြီးချင်း အက်တခန်က ခန်းမထဲက ထွက်ခွာသွားခဲ့ပါတယ်။

မှတ်တမ်းမှာ ရေးသားထားချက်အရ အက်တခန် ထွက်သွားတာကို ကြည့်ရင်း တရားရုံးညွှန်ကြားရေးမှူးက လက်ထောက်ညွှန်ကြားရေးမှူး အက်တခန်ရဲ့ မဆီလျော်တဲ့ စကားလုံး အသုံးအနှုန်းတွေနဲ့ပတ်သက်ပြီး မာနာပွန်ကို တောင်းပန်ကြောင်းနဲ့ သူ(အက်တခန်) ဟာ ညွှန်ကြားရေးမှူး ရာထူးကို လက်ခံထားတာ သိပ်မကြာသေးတဲ့အပြင် တကယ်လို့သာ ဖမ်းဝရမ်းကို ပြန်မရုပ်သိမ်းနိုင်ခဲ့ပါက အရာရှိကြီးတဦးရဲ့ ပြစ်တင်ပြောဆိုခြင်းကို ခံရမှာ ဖြစ်တယ်လို့ မာနာပွန်ကို ပြောပြခဲ့ပါတယ်။ ဒါပေမဲ့ မာနာပွန်အနေနဲ့ အဲဒီလူ (အရာရှိကြီး) က ဘယ်သူလဲဆိုတာ မသိခဲ့ပါဘူး။

နောက်ပိုင်းမှာ ဖမ်းဝရမ်းကို အတည်ပြုပေးတဲ့ တရားသူကြီးကပဲ ရှာဖွေရေးနဲ့ ဖမ်းဆီးရေး ဝရမ်းတွေကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ပြန်လည်ရုပ်သိမ်းတဲ့ လုပ်ငန်းစဥ်အတွင်း တရားရုံး ညွှန်ကြားရေးမှူးက မာနာပွန်အနေနဲ့ မှတ်တမ်းထဲမှာ မှတ်ချက်အချို့ ချန်ထားလိုခြင်း ရှိ၊ မရှိ အကြိမ်ကြိမ် မေးမြန်းခဲ့တာကြောင့် သူက တရားသူကြီးရဲ့ ဆုံးဖြတ်ချက်အတိုင်း နာခံမှာ ဖြစ်ကြောင်းနဲ့ တကယ်လို့သာ သူ့ကိုယ်ပိုင် ဆန္ဒကို မှတ်တမ်းတင်ခွင့် ရမယ်ဆိုရင် ဥပကစ်ကို စုံစမ်းစစ်ဆေးမှုကို ဘယ်နည်းနဲ့မှ လက်မလျှော့သင့်ဘူးလို့ ဖြေကြားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ဖြစ်စဥ်ဟာ ဖမ်းဝရမ်းကနေ ၁၅ ရက်အတွင်း စွဲချက်တွေကို ကြားနာဖို့ ဥပကစ်ကို ဆင့်ခေါ်နိုင်တဲ့ အမိန့်ထုတ်ဖို့ ရဲတပ်ဖွဲ့ကို အကြောင်းကြားတဲ့ အမှာစာအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီလို အကြောင်းကြားပြီးနောက်ပိုင်း ဥပကစ်က လာရောက်ဖြေရှင်းခြင်း မရှိမှသာ ဖမ်းဝရမ်းထုတ်ပေးဖို့အတွက် ရဲတပ်ဖွဲ့က တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။

ဖမ်းဝရမ်းရုပ်သိမ်းခြင်းနဲ့ အမှာစာမိတ္တူတွေကို မာနာပွန်ကို ပေးအပ်ခဲ့ပြီး အဲဒီ့အထောက်အထားတွေကို အသုံးပြုကာ နောက်ပိုင်းမှာ ဥပကစ်ကို မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံ တိုင်ချက်ဖွင့်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ကနေ၂၀၂၃ ခုနှစ် မတ်လ ၅ ရက်နေ့အထိ (အခုအချိန်အထိ) အဆိုပါစွဲချက်တွေကို ကြားနာဖို့ ဥပကစ်ကို ဆင့်ခေါ်ခဲ့ခြင်းမျိုး လုံးဝ မရှိခဲ့ပါဘူး။

ဒါ့အပြင်၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာတော့ ဥပကစ်ရဲ့ အမှုမှာ ပါဝင်ခဲ့တဲ့ မာနာပွန်အပါအဝင် အခြားအရာရှိတွေကို ဌာနအပြောင်းအရွှေ့ လုပ်ခဲ့ပြီး၊ ဒါဟာ ဥပကစ်ကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်နိုင်အောင် တားဆီးလိုက်တဲ့လုပ်ရပ်လို့ အများက ယူဆနေကြပါတယ်။

မှတ်တမ်းတွေထဲမှာ မာနာပွန်က သဘောထားထင်မြင်ချက်တစ်ခုလည်း ထည့်သွင်း ရေးသားထားပါတယ်။ ထိုင်းတော်ဝင်ရဲတပ်ဖွဲ့က ဥပကစ်ရဲ့ အမှုကို ပိတ်ပစ်လိုက်ခြင်းကြောင့် “တရားစီရင်ရေး လုပ်ငန်းစဥ်အပေါ် ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားချက်” ကို ထိခိုက်စေတဲ့အပြင် အရေးကြီး ပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပကစ်ရဲ့ ဖမ်းဝရမ်း ရုပ်သိမ်းလိုက်ခြင်းဟာ “ဥပဒေအထက်မှာ မည်သူမျှ မရှိစေရ/ ဥပေဒရှေ့မှောက်မှာ လူအားလုံးတန်းတူညီမျှမှု ရှိစေရမည်” ဆိုတဲ့ အခြေခံနိယာမကို ဖျက်စီးလိုက်ခြင်း ဖြစ်တယ်လို့ သူက ပြောကြားခဲ့တာပါ။

နောက်ဆုံးအချက်အနေနဲ့ ဖမ်းဝရမ်းကို အတည်ပြုပြီးမှ ပြန်လည်ရုပ်သိမ်းလိုက်တဲ့ အပြုအမူဟာ တရားသူကြီးအပေါ် တစ်စုံတစ်ရာ ထိခိုက်မှာ စိုးရိမ်တဲ့အတွက် အဆိုပါအမှုနဲ့ ပတ်သက်ပြီး တရားရေး ကော်မရှင်ကို ထိုစဥ်က တိုင်တန်းခြင်း မပြုခဲ့တာ ဖြစ်တယ်လို့ ဆိုတဲ့ မာနာပွန်ရဲ့ မှတ်ချက်နဲ့ အဆိုပါ ထွက်ဆိုချက်မှတ်တမ်းကို နိဂုံးချုပ် ထားပါတယ်။

“ဥပဒေပြုအမတ်နဲ့ လျှို့ဝှက်မှတ်တမ်း ပေါက်ကြားမှုတို့ကို စုံစမ်းစစ်ဆေးခြင်း”

=============

အဆိုပါ လျှို့ဝှက်မှတ်တမ်းကို Move Forward ပါတီအမတ် ရန်စီမန်း ရွန်း (Rangsiman Rome) က ဥပကစ်ရဲ့ ဖမ်းဝရမ်းကို ပြန်လည်ရုပ်သိမ်းပြီး တစ်လအကြာမှာ လွှတ်တော်ကို သက်သေခံချက်အဖြစ် တင်သွင်းခဲ့တာပါ။

အဲ့ဒါကြောင့် ရန်စီမန်းကို ဥပကစ်က အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပြီး ဘတ်ငွေ သန်း ၁၀၀ လျော်ကြေးတောင်းထားပါတယ်။ ဒါ့အပြင် သတင်းကြေညာသူ နှစ်ဦးနဲ့ ရှေ့နေတစ်ဦးကိုလည်း တရားစွဲဆိုထားပြီး သူတို့ဆီကလည်း လျော်ကြေးအနေနဲ့ ဘတ် သန်း ၁၀၀ တောင်းဆို ထားပါသေးတယ်။

ခြိမ်းခြောက်မှုတွေကြားမှာပဲ ရန်စီမန်းက ဒီအမှုကို တွန်းတွန်းတိုက်တိုက် ဆက်လက် လုပ်ဆောင်နေပါတယ်။ သူ ဦးစီးဦးဆောင်ပြုပြီး ထိပ်တန်း အာဏာပိုင် အဖွဲ့အစည်းတွေ၊ တရားလိုပြ ဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ တရားရုံးတွေကို ဥပကစ်ရဲ့အမှုကို ဆက်လက်ဆောင်ရွက်ပေးဖို့ အသနားခံစာတွေ ပေးဖို့ထားပါသေးတယ်။

ဒါ့အပြင် ဥပကစ်ရဲ့အမှုကို ပယ်ဖျက်ဖို့ ကြိုးစားမှု အမှန်တကယ် ရှိနေကြောင်း ရန်စီမန်းက အခိုင်အမာ ပြောကြားခဲ့ပြီး နာမည်မှာ အင်္ဂလိပ် အက္ခရာ “S” နဲ့ စတဲ့ အငြိမ်းစား ရဲချုပ်ကြီးတစ်ဦးလည်း အဆိုပါ ဖြစ်စဥ်မှာ ပါဝင်ပတ်သက်နေတာ သူသိထားကြောင်း အရိပ်အမြွက် ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

တရားရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆော်ရာဝစ် လင်ပရန်စီ (Sorawit Limparangsi) က ထိုင်းတရားရုံးချုပ် ဥက္ကဌ အနေနဲ့ အဆိုပါ အမှုနဲ့ ပတ်သက်ပြီး အချက်အလက်တွေ စုဆောင်းဖို့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး ရက် ၃၀ အတွင်း ပြန်လည် အစီရင်ခံဖို့ တာဝန်ပေးအပ်ထားတယ်လို့ မတ်လ ၁၄ ရက်နေ့က Inside Thailand သတင်းဌာနရဲ့ ရုပ်သံအစီအစဥ်တစ်ခုမှာ ပြောကြားသွားပါတယ်။

အဲဒီတွေ့ရှိချက်တွေအပေါ် မူတည်ကာ နောက်ထပ်အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ကိုတော့ တရားရုံးချုပ်ဥက္ကဌကပဲ ‌ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။ အဲဒီ့သတင်းမှာပဲ မူးယစ်နှိမ်နင်းရေးဗျူရို အမှတ် ၃ ကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ခွန်စစ်ရန်ဆိုင်း (Komsit Rangsai) က ဥပကစ်နဲ့ ပတ်သက်ပြီး ရဲမှူးမာနာပွန်ရဲ့ တိုင်ကြားချက်ဟာ နိုင်ငံဖြတ်ကျော်မှုခင်း တစ်ခုဖြစ်တယ်လို့ ရှေ့နေချုပ်ရုံးက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့က ညွှန်ကြားခဲ့တာကြောင့် ဒီအမှုကို ရဲတပ်ဖွဲ့နဲ့ အစိုးရရှေ့နေတွေ ပူပေါင်းကာ ပူးတွဲစုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခု ဖွဲ့စည်းပြီး စစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ခွန်စစ်က အဆိုပါ အဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေကို တတ်နိုင်သမျှ မြန်မြန် အပြီးသတ်မယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ သူတို့မှာ စစ်ဆေးရမယ့် ဘဏ် အသွင်းအထုတ် ငွေလွှဲပြောင်းမှု ၅၀၀ ဝန်းကျင်နဲ့ ထိုင်းဘာသာစကား အသုံးမပြုထားတဲ့ စာရွက်စာတမ်း ၁၀၀၀ ကျော်ကို ဘာသာပြန်ပြီး ဆန်းစစ်ရမှာတွေ ရှိနေသေးတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ထွန်းမင်းလတ်အမှုကို စုံစမ်းစစ်ဆေးချက်တွေကလည်း ဥပကစ်အမှုကို စစ်ရာမှာ အထောက်အကူပြုနိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းတော်ဝင် ရဲမင်းကြီးချုပ် ဒမ်းမရွန်းဆ ကစ်တီပရာပက်စ် (Damrongsak Kittiprapas) က ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ ရဲစစ်ဆေးရေးမှူးချုပ်ကို ညွှန်ကြားထားတယ်လို့ Channel 7 သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ မာနာပွန်ကို ပြောင်းရွှေ့ခန့်အပ်ခြင်းအပေါ်မှာတော့ ဒါဟာအမှုကို သက်ရောက်စေမှာ မဟုတ်ဘူးလို့ ဖြေကြားခဲ့ပါတယ်။

စိန်ခေါ်မှု ကြီးစွာရှိနေပြီဖြစ်တဲ့ တရားစီရင်ရေးဆိုင်ရာ လွတ်လပ်ခွင့်

=============

ဥပကစ်ဟာ (လွှတ်တော်အမတ်မဖြစ်မီက) Myanmar Allure Group ကုမ္ပဏီရဲ့ ဒါရိုက်တာအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။ ကော်ပိုရိတ်မှတ်တမ်းတွေအရ ထိုင်းစစ်တပ်က အရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းပြီး ၅ နှစ်အကြာ ၂၀၁၉ ခုနှစ်အတွင်း ဥပကစ်ကို ထိုင်းဥပေဒပြုလွှတ်တော်မှာ ခန့်အပ်ခံအမတ်အဖြစ် တာဝန်ထမ်းဆောင်ဖို့ ထိုင်းစစ်တပ်က ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်ထိ ဥပကစ်ကို စုံစမ်းစစ်ဆေးမှု မပြုသေးသလို၊ ဖမ်းဝရမ်းကို အခုလိုပဲ ရုပ်သိမ်းခြင်းအပေါ် ဖြစ်နိုင်တဲ့ သံသယတွေကို မီဒီယာတွေက အဖြေရှာဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

တရားရုံးပြောရေးဆိုခွင့်ရှိသူ ဆော်ရာဝစ် လင်ပရန်စီ Sorawit ကတော့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Inside Thailand မှာ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး မှတ်ချက်မပေးနိုင်ကြောင်းနဲ့ မူအရဆိုရင်တော့ တရားရုံးချုပ် ဥက္ကဌရဲ့ သတ်မှတ်ချက်တွေအတိုင်း အမှုကြားနာစစ်ဆေးပြီးမှ ဖမ်းဝရမ်းကို ပယ်ဖျက်နိုင်တယ်လို့ ဖြေကြားခဲ့ပါတယ်။

Thammasat တက္ကသိုလ် ဥပဒေဌာနရဲ့ တွဲဖက်ပါမောက္ခ မွန်နင်း ပွန်းစက်ပန် (Munin Pongsapan) က မှတ်တမ်းထဲမှာ မာနာပွန်ရဲ့ ရေးသားချက်တွေသာ မှန်ကန်နေပါက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းထားချက် တစ်ခုဖြစ်တဲ့ “တရားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုရဲ့ အရေးအကြီးဆုံးတန်ဖိုးဟာ တရားသူကြီးတွေရဲ့ လွတ်လပ်မှုနဲ့ အမှီအခိုကင်းမှုတွေပဲ ဖြစ်တယ်” ဆိုတဲ့အချက်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ်လို့ Kom Chad Luek သတင်းမှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဆက်လက်ပြီး တရားသူကြီးတစ်ဦးက အမှီအခိုကင်းနေမှသာ ပြည်သူလူထုရဲ့ ရပိုင်ခွင့်တွေနဲ့ လွတ်လပ်ခွင့်တွေကို ထိန်းကျောင်းပေးထားနိုင်မှာ ဖြစ်သလို နိုင်ငံတနိုင်ငံအတွက်လည်း တရားဥပဒေစိုးမိုးမှု ရရှိနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ တရားရုံးဆုံးဖြတ်ချက်ကို(တရားမျှတခြင်းမရှိဘူးဟု ခံစားရ၍) ပြန်လှန်နိုင်ဖို့ စည်းမျဥ်းစည်းကမ်းတချို့ ပြဌာန်းထားတာဟာ အတားအဆီး ခလုတ်ဆူးညှောင့်တွေ ဖြစ်စေဖို့အတွက် မဟုတ်ဘဲ လွတ်လပ်ခွင့်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့သာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

တကယ်လို့သာ တရားရုံးအလုပ်အမှုဆောင်တွေဟာ တရားသူကြီးနဲ့ သဘောထားချင်း မတိုက်ဆိုင်တာမျိုး ကြုံခဲ့ရင်လည်း သူတို့အနေနဲ့ လက်ရှိကျင့်သုံးနေတဲ့စနစ်နဲ့ လုပ်ထုံးလုပ်နည်းအရ ကြေညာချက်တစ်စောင် ရေးသား ထုတ်ပြန်နိုင်ပါတယ်။

“အခုအဖြစ်အပျက်တွေမှာ တရားရုံးအမှုဆောင်တွေ သို့မဟုတ် တရားရုံး စီမံခန့်ခွဲရေးဆိုင်ရာ ကြီးကြပ်သူ အကြီးအကဲတွေတွေအနေနဲ့ စီရင်ချက် အမိန့် ချမှတ်ပိုင်ခွင့် အာဏာရှိတဲ့ တရားသူကြီးတစ်ဦးဦးကို ဖိအားပေးဖို့ ကြိုးစားခဲ့မယ်၊ တစ်စုံတရာ ဝင်ရောက်စွက်ဖက်ဖို့ လုပ်ဆောင်ခဲ့မယ်ဆိုရင် ဒါဟာ အင်မတန် စိုးရိမ်စရာကောင်းတဲ့ အခြေအနေပဲ ဖြစ်တယ်” လို့ မွန်နင်းက ဆိုပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်ရဲ့ ဥပဒေရေးရာကျွမ်းကျင်သူ တွဲဖက်ပါမောက္ခ ပွန်းဆန် လီယန်ဘွန်လာချိုင်း (Pornson Liengboonlertchai) ကလည်း အတည်ပြုပြီးသား ဖမ်းဝရမ်းကို နေ့တွင်းချင်း ပြန်ရုပ်သိမ်းတာဟာ ပုံမှန်မဟုတ်ဘူးလို့ မတ်လ ၁၃ ရက်က Nithi Phisawong (Legal Mystery) က ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး သူက အထက်လွှတ်တော်အမတ်တစ်ဦးဟာ ဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်း စတာတွေကနေ တချို့အချိန်တွေမှာပဲ ကင်းလွတ်ခွင့်ရှိပါတယ်။ အဲဒီ့လို အကာအကွယ်တွေကို ဥပဒေပြုသမားတွေ အလုပ်လုပ်ဖို့ ခွင့်ပြုထားတဲ့ လွှတ်တော်အစည်းအဝေး ကျင်းပနေစဥ် အတွင်းမှာပဲ ရရှိခံစားနိုင်တာ ဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

ဒါပေမဲ့ ၄င်းတို့ကို အခြားပုဂ္ဂိုလ် တစ်ဦးဦးကဖြစ်စေ အရာရှိတစ်ဦးဦးကဖြစ်စေ တရားစွဲဆိုခြင်း၊ တိုင်ကြားခြင်း မပြုလုပ်ရဆိုတဲ့ တားမြစ်ချက်မျိုး ဥပဒေမှာ ပြဌာန်းထားခြင်း မရှိဘူးလို့ သူကဆက်ပြောပါတယ်။

“ယခင်တရားရုံးဖြစ်စဥ်တချို့မှာ အမှုရင်ဆိုင်ခဲ့ကြတဲ့ ဝန်ကြီးတွေ ဒါမှမဟုတ် အခြားပုဂ္ဂိုလ်တွေကို ချမှတ်ခဲ့တဲ့ စီရင်ချက်တွေမှာ အခုလို အကြောင်းပြချက်မျိုးသာ အသုံးပြုစီရင်ခဲ့တာမျိုးဆိုရင်၊ ဒါဟာ အစိုးရအရာရှိကြီးတွေ(အရေးကြီး ပုဂ္ဂိုလ်တွေ) ရဲ့ အာဏာကို ဖြုတ်ချလိုက်တာပဲ မဟုတ်လား။ ပြီးတော့ အခုကျွန်တော်တို့ပြောနေရတာက အပြန်အလှန် ထိန်းကျောင်းမှု ဆိုတဲ့အရာကို ဟန့်တားတဲ့လုပ်ရပ်အတွက် ပြောနေကြရတာလေ” လို့ Pornson ရှင်းပြခဲ့ပါတယ်။

Prachatai သတင်းစာတွင် ဖော်ပြထားသော “Leaked letter alleges Court top brass had Thai senator’s arrest warrant revoked” သတင်းဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article