ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ
ရန်ကုန်၊ မတ် ၂
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အနောက်ဘက်ခြင်းရှိ ကျေးရွာ ၁၀ ရွာကို စစ်တပ်က စစ်ကြောင်းထိုး စီးနင်းနေပြီး ၁၀၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စတင်ကာ ခင်ဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က အင်အားသုံး စီးနင်း မီးရှို့မှုများ ပြုလုပ်နေခြင်း ဖြစ်ပြီး မြင်းဒေါင်း၊ မြင်းကျ၊ မကျီးအုပ်၊ ကျွန်းတောကြီး၊သရက်ပင်စု၊ ယာတော်၊ အင်တိုင်းလေး(တောင်၊မြောက်)၊ ဥယျဥ်နှင့် သာဝတ္ထိရွာတို့မှ ပြည်သူများသည် ယနေ့ မတ်လ ၂ ရက်နေ့ နံနက်ပိုင်းထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။
” အခု စစ်ခွေးတွေကေ ခင်ဦး၊ အနောက်ဘက်ခြမ်းကို စစ်ကြောင်းထိုး ဝင်ရောက်လာတာ အခုရေဦးနားထိ ရောက်နေပြီ ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက် မီးရှို့နေတော့ မြင်းဒေါင်း၊ မြင်းကျ၊ မကျီးအုပ်၊ ကျွန်းတောကြီး၊ သရက်ပင်စု၊ ယာတော်၊ အင်တိုင်းလေး(တောင်၊မြောက်)၊ ဥယျဥ်နဲ့ သာဝတ္ထိရွာက ပြည်သူ တစ်သောင်းကျော် အိုးအိမ်စွန့်ခွာပြီး ဒီနေ့ မတ်လ ၂ ရက်နေ့ထိ ထွက်ပြေးတိမ်းရှောင်နေရတယ်” ဟု ပြည်သူ တစ်ဦးကပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တဲစုရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၈ လုံးပြာကျခဲ့ကြောင်း သိရသည်။