KNU နယ်မြေတွင် ဖေဖော်ဝါရီလ တိုက်ပွဲ ၄၁၈ ကြိမ်အတွင်း စစ်တပ်ဘက်မှ ၃၈၆ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၁
KNU အုပ်ချုပ်မှု နယ်မြေများတွင် ဖေဖော်ဝါရီလအတွင်း စစ်တပ်နှင့် KNU တပ်များအကြား တိုက်ပွဲ ၄၁၈ ကြိမ် ဖြစ်ပွားကာ စစ်တပ်ဘက်မှ ၃၈၆ ဦးသေဆုံးကြောင်း KNU ဗဟိုက တရားဝင်သတင်းထုတ်ပြန်သည်။
KNU အုပ်ချုပ်မှု နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူတြော်ခရိုင်နှင့် ဒူးပလာယာခရိုင်များအတွင်းတွင် ဖေဖော်ဝါရီလ ၁ လအတွင်း စစ်တပ်နှင့် လက်အောက်ခံ နယ် ခြားစောင့်တပ် (B.G.F) နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များအကြား တိုက်ပွဲကြီး ငယ် ၄၁၈ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၃၈၆ ဦးသေကာ ၂၆၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တပ်ဖွဲ့များဘက်မှ တော်လှန်ရေးရဲဘော် ၂ ဦးအသက်ပေးလှူခဲ့ရပြီး ၂၇ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
စစ်တပ်နှင့် BGF တပ်များက ကျေးရွာများနှင့် လုပ်ငန်းခွင်များသို့ လေကြောင်း ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ပြည်သူလူထုများ သွား လာသော လမ်းတွင် မိုင်းထောင်ခြင်း ၊ ပြည်သူလူထုများကို အကြောင်းမဲ့ သေ နတ်ဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ရကြောင်း၊ သံဃာ တော် ၃ ပါး ၊ ကိုရင် ၂ ပါး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၄၁ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်က KNU အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူများ နေထိုင်သော ကျေးရွာများ၊ လုပ်ငန်းခွင်များကို တိုက်လေယာဉ်ဖြင့် ၂၁ ကြိမ်ခန့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ လက်နက်ကြီးများဖြင့် ၇၆ ကြိမ်ခန့်၊ လက်နက်ကြီး အလုံးရေ ၃၅၁ လုံးထက် မနည်း ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
စစ်တပ်၏ ပစ်ခတ်မှုများကြောင့် ပြည်သူ့နေအိမ် ၄၄ လုံး၊ Junior college ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ပြည်သူပိုင်အဆောက်အအုံ ၂၅ လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ စစ်တပ်က ပြည်သူ့နေအိမ် ၂၁ လုံးကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၇ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ကာ ၆ ဦးကို တရားစွဲဆို၍ ထောင် ၆ လချခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်သား ၁ ဦး၏ အသုဘ နာရေး မြင်ကွင်း။