ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland တိုက်ခိုက်မှု စစ်သားများ ထွက်ပြေး၊ ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်း ဆည်းရမိ
■ ကန်ပက်လက်တွင် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
ရန်ကုန်၊ မတ် ၁၃
ချင်းပြည်နယ်၊ တီးတိန်ဆေးရုံတွင် တပ်စွဲထားသော စစ်တပ်ကို PDF Zoland က ယမန်နေ့ညပိုင်း တိုက်ခိုက်ခဲ့ရာ စစ် သားများ ထွက်ပြေးပြီး ခဲယမ်းနှင့်စစ်အသုံးအဆောင်များ သိမ်းဆည်းရမိကြောင်း PDF Zoland က ပြောသည်။
မတ်လ ၁၂ ရက်နေ့ ညပိုင်း တီးတိန်ဆေးရုံကြီးတွင် တပ်စွဲထားသော စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland က ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၁ နာရီမျှကြာမြင့်ခဲ့ကြောင်း၊ စစ်သားများမှာ စွန့်ခွာထွက်ပြေးသွားပြီး စစ်သားများ၏ လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။
စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကို အတည် ပြု နိုင်ခြင်းမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ရဲဘော်များ အထိအခိုက်မရှိကြောင်း သိရှိရသည်။
အလားတူ မတ်လ ၁၁ ရက်နေ့နံနက်ပိုင်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို CDF-Kanpetlet က သွားရောက်တိုက် ခိုက်ရာ စစ်ကောင်စီ ၅ ဦးသေဆုံးကြောင်း၊ စစ်ကောင်စီတပ်စခန်းကို ယင်းနေ့ နံနက် ၆ နာရီမှ နံနက် ၇ နာရီအထိ တစ်ကြိမ်၊ နံနက် ၇ နာရီ ၃၀ မိနစ်မှ နံနက် ၁၀ နာရီ ၃၀ မိနစ်အထိ တစ်ကြိမ် စုစုပေါင်း ၂ ကြိမ် တိုက်ခိုက်ခဲ့ကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- PDF Zoland က သိမ်းဆည်းရရှိသည့် စစ်သားများ၏ လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ။


