နိုင်ငံတစ်ဝန်းရှိ စစ်ဘေးရှောင် ပြည်သူများကို ကူညီရန် PDF ရဲဘော်များက စာအုပ် ထုတ်ဝေရောင်းချမည်
ရန်ကုန်၊ မတ် ၂၀
နိုင်ငံတစ်ဝန်းရှိ စစ်ဘေးရှောင် ပြည်သူများကို ကူညီရန် KNU တပ်မဟာ ၁ နှင့် ၆ လက်အောက်ရှိ PDF ရဲဘော်များက စာအုပ် ထုတ်ဝေ ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
“နွေဦးပန်းစာစောင်” အမည်ရ စာအုပ်သည် KNU တပ်မဟာ ၁ မှ PDF ရဲဘော်များက သင်တန်းကာလအတွင်း အမှတ်တရ ရေးသားခဲ့ကြသော အမှတ်တရ စာပေတွေကို စာအုပ်အဖြစ် ထုတ်ဝေပြီး လက်ရှိချိန်တွင် ပြည်ပနိုင်ငံများ၌ ရောင်းချလျက်ရှိကြောင်း၊ စာအုပ်ဖြစ်မြောက်ရေးအတွက် KNU တပ်မဟာ ၆ PDF ဒေါနစစ်ကြောင်းမှ ဆေးတပ်သားရဲဘော် မဟာ၏ မဟာချိုစာပေမှ တာဝန်ယူကူညီပေးကြောင်း၊ မဟာချိုစာပေမှ သီးခြား စာအုပ်အနေဖြင့် ကဗျာဆရာခန့်ဝါငြိမ်း၏ “မိုးခအိမ် တော်လှန်သောအညာမြေကဗျာများ” စာအုပ်ကိုလည်း စင်္ကာပူ၊ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် ဖြန့်ချီလျက်ရှိကြောင်း သိရသည်။
“နွေဦးပန်းစာစောင်” စာအုပ်နှင့် “မိုးခအိမ် တော်လှန်သောအညာမြေကဗျာများ” စာအုပ်တို့ ရောင်းချရသည့် အမြတ်ငွေများကို စစ်ဘေးရှောင်ပြည်သူများကို အဓိကထားကူညီသွားမည်ဖြစ်ကြောင်း၊ နိုင်ငံအလိုက်စာအုပ်ရောင်းစျေးနှင့် ဝယ်ယူရရှိနိုင်သည့် လိပ်စာများကို မဟာချိုစာပေ Facebook page တွင် အသေးစိတ် ဖော်ပြထားကြောင်းသိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် အညာဒေသနှင့် ကရင်နီ ဒေသတို့တွင် စစ်ကြောင်းများ ဆက်တိုက် ထိုးပြီး မတရားသတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်စီးခြင်းနှင့်
လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်ခြင်းကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရသည့် စစ်ဘေးရှောင်ပြည်သူများ၏ စားရေး၊ နေရေးကို လူသားချင်း စာနာမှုဖြင့် အကူအညီပေးနိုင် စာအုပ်ထုတ်ဝေရောင်းချခြင်း ဖြစ်ကြောင်း သိရသည်။
“တော်လှန်ရေးရဲဘော်တွေက ပြည်သူသူထုရဲ့အသည်းနှလုံးဖြစ်သလို ၊ပြည်သူလူထုက တော်လှန်ရေးရဲဘော်တိုင်းရဲ့ အသက်သွေးအသည်းနှလုံးဖြစ်ပါတယ်” ဟု KNU တပ်မဟာ ၆ PDF ဒေါနစစ်ကြောင်းမှ ရဲဘော် မဟာက ပြောဆိုသည်။