30 C
Yangon

ထီးလင်းတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ စစ်ဘေးရှောင် ၁၀ တန်းကျောင်းသား ၁ ဦးလည်း သတ်ဖြတ်ခံရ

Must read

ထီးလင်းတွင် စစ်တပ်က ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ပြီး နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီး၊ စစ်ဘေးရှောင် ၁၀ တန်းကျောင်းသား ၁ ဦးလည်း သတ်ဖြတ်ခံရ

ရန်ကုန်၊ မတ် ၂၁

မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ထီးလင်း-ဂန့်ဂေါလမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်ယာဉ်တန်းက စီးနင်းပြီး ပြည်သူ ၅ ဦးကို ဖမ်းဆီး သတ်ဖြတ်ကာ နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း Yaw Revolution Army- ထီးလင်းမှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

မတ်လ ၁၅ ရက်နှင့် ၁၆ ရက်နေ့တွင် ထီးလင်းမြို့နယ်၊ ရွှေခုံတိုင်ကျေးရွာသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများသည် မျက်စိ မမြင်ရသော​ကြောင့် စစ်ဘေးရှောင်နိုင်ခြင်းမရှိသော အသက် ၈၀ ကျော်အရွယ် ဒေါ်ခင်ပု ကို နေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်သွားကြောင်း၊ ထိန်တိုင်းကျေးရွာနေ စိတ်ရောဂါ ခံစားနေရသည့် အသက် ၅၅ နှစ်အရွယ် ဦးသန်းထွေးနှင့် လယ်တောမှ ပြန်လာသူ အသက် ၇၀ ကျော်အရွယ် ဦးကားကျော်တို့ကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

မတ်လ ၁၈ ရက်နေ့၌ ထီးလင်းမြို့နယ်၊ ဆေးမင်းတောကျေးရွာသား စိတ်ရောဂါခံစားနေရသည့် အသက် ၄၀ အရွယ် ဦးသန်းမင်းအောင်နှင့် ဦးဘိုတင်တို့ကို အကြမ်းဖက်စစ်သား များက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်သွားကြောင်း သိရှိရသည်။

ဆေးမင်းတောရွာမှ စစ်ဘေးရှောင်လာသည့် ၁၀ တန်း ကျောင်းသား မောင်ပြည့်ဖြိုးကျော်၏ ရုပ်အလောင်းကို မတ်လ ၁၈ ရက်နေ့တွင် တောမလမ်းပေါက်အနီး လက်ပြန်ကြိုးတုပ် သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ပြီး မည်သည့် အဖွဲ့အစည်း ကပြုလုပ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

“၅ ယောက်လုံးက စစ်တပ်ကသတ်ဖြတ်သွားတာ သေချာတယ်၊ စစ်ဘေးရှောင်ရင်း ပျောက်သွားတဲ့ ၁၀ တန်းကျောင်းသား အသတ်ခံရမှုကတော့ စုံစမ်းနေတုန်းပဲ၊ သူ့အလောင်းတွေ့တဲ့နေရာနဲ့ စစ်ကြောင်း ထိုးတဲ့ နေရာက ၆ မိုင်လောက်ဝေးတယ်၊ သတ်ပြီး အလောင်းလာပစ်ဖို့ဆိုတာ မလွယ်ဘူး၊ ပြီးတော့ ကြိုးနဲ့ တုတ်ပြီး သေနတ်နဲ့ ပစ်ခတ်ခံထားရတာ၊ အဲဒါကိုတော့ ကျနော်တို့စုံစစ်ဆေးနေတုန်းပါ” ဟု Yaw Revolution Army- ထီး လင်းမှ သခင်ဇော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ပခုက္ကူမြို့မှ ကျောက်ထုလမ်းပိုင်းအတိုင်း ထီးလင်းမြို့နယ်အတွင်းသို့ ဝင်ရောက်လာသော တပ်မ ၇၇ နှင့် အခြားပူးပေါင်းတပ်မှ ယာဉ် ၃၂ စီး၊ အင်အား ၂၀၀ ကျော်ကို ဂန့်ဂေါခရိုင်တပ်ရင်း ၁၅ ၊ ၁၆ ၊ ၁၇ (YRA ထီးလင်း)နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ရာယနေ့ အထိ အ ကြမ်းဖက်စစ်သား ၄၀ ကျော် သေဆုံးပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း၊ YRA ထီးလင်း၏ တပ်ရင်း ၁၇ မှ တပ်ခွဲမှူး ကျော်မင်း လွင်ကျဆုံးခဲ့ပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရွှေခုံတိုင်ကျေးရွာမှ ပြည်သူ့နေအိမ် ၈ လုံးမီးရှို့ဖျက် ဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါအကြမ်းဖက်စစ်ယာဉ်တန်းသည် ယခုအခါ ထီးလင်းမြို့နယ်သို့ ကျော်ပြီး ဂန့်ဂေါမြို့နယ်၊ မော လယ် ကျေးရွာအနီးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း Yaw Revolution Army- ထီးလင်းမှ သခင်ဇော်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article