ကျိုက်ထို၊ အလူးရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး၊ ခလယ်လွီထူခရိုင်ကို စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု စာသင်ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၅ လုံးပြာကျ
ရန်ကုန်၊ မတ် ၂၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အလူးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံးဗဟို-KNU ထံမှ သိရသည်။
မတ်လ ၂၀ ရက်နေ့ ည ၇ နာရီခန့်တွင် ကျိုက်ထိုအခြေစိုက် တပ်မ ၄၄ လက်အောက်ခံ အမတ-၆၀၂ မှ အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် အလူးကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ပြီး ၄ လုံး ကျရောက်ပေါက်ကွဲကာ ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၂ ဦးမှာ ဦးကုလားနှင့် ဦးအောင်လွင်ဖြစ်ပြီး ဦးကုလားသည် ထိခိုက် ဒဏ်ရာပြင်းထန်၍ နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဦးအောင်လွင်မှာ ပြင်းထန်ဒဏ်ရာကြောင့် ဆေးရုံသို့ ပို့ဆောင်စဥ် သေဆုံးခဲ့ကြောင်း သိရှိရသည်။
မတ်လ ၁၆ ရက်နေ့ ည ၈ နာရီ ၂၀ မိနစ် တွင် ကျိုက်ထိုအခြေစိုက် တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇ နှင့် အမတ-၃၁ အကြမ်းဖက် စစ်တပ်က ကျိုက်ထိုမြို့နယ်၊ ဇီးပြောင်းကျေးနယ် အတွင်းသို့ လက်နက်ကြီး ၁၂၀ မမ ၂ လုံးနှင့် ၁၀၅ မမ ဟုယူဆရသော လက်နက်ကြီး ၂ လုံး တို့ဖြင့် ပစ်ခတ်ခဲ့ပြီး ရာဘာခြံလုပ်သား ဦးသံချောင်း၏ ဘယ်ဘက် လက်ကောက်ဝတ်နှင့် ဦးခေါင်းအား လက်နက်ကြီးကျည် ထိမှန်ခဲ့ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်၏ တပ်မ-၄၄ လက်အောက်ခံ ခမရ-၂၀၇၊ ခလရ-၂၊ ခမရ ၂ ၊ အမတ ၆၀၂ နှင့် အမတ-၃၁၀ တပ်ရင်းများသည် လက်နက်ကြီးများ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ဇီးပြောင်းကျေးနယ်၊ ဝင်းကံ ကျေးနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာ ကျေးနယ်၊ အလူးကျေးနယ်၊ ငှက်ပျောတော ကျေးနယ် နှင့် ဝင်းကလော ကျေးနယ် များအတွင်း ကျရောက် ပေါက်ကွဲလျက်ရှိကာ ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ကရင်အမျိုးသား အစည်းအရုံးဗဟို KNU က ထုတ်ပြန်ထားသည်။
ထို့ပြင် ကရင်ပြည်နယ်၊ ခလယ်လွီထူခရိုင် တပ်မဟာ (၃)၊ ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ်အတွင်း အကြမ်းဖက် စစစ်တပ်က မတ်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်၌ တိုက်လေယာဥ်ဖြင့် ၉ ကြိမ်ခန့် လာရောက် ဗုံးကျဲခဲ့ကြောင်းသိရသည်။
ထိုဗုံးကျဲမှုအတွင်း ဒေသခံပြည်သူလူထု၏ နေအိမ် ၅ လုံး နှင့် မူလတန်းကျောင်း ၁ ကျောင်း မီးလောင်ပြာကျခဲ့ပြီး ဒေသခံ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူလူထု ၃၁၅၉ ဦး ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း သိရှိရသည်။