မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထားသောနေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်
ရန်ကုန်၊ မတ် ၂၂
ရန်ကုန်၊ မှော်ဘီ လေတပ်စခန်းရှိ တိုက်လေယာဥ်နှင့် ရဟတ်ယာဥ်များ ထားသော နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြ UG ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ ည ၉ နာရီခန့်တွင် ရန်ကုန်မြို့ပြ UG ပြောက်ကျား တပ်ဖွဲ့ဝင်များက အကြမ်းဖက် စစ်တပ်၏ မှော်ဘီ လေတပ်စခန်းရှိ Mig 29 – Hangar ၊ Y-12 Hangar ၊ Mi 17 Hangar များကို ၁၀၇ မမ ရှော့တိုက်ဒုံး ၈ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ကျွန်တော်တို့ ပစ်ခတ်ဖို့ ချိန်ပစ်တာကတော့ Mi 29 Hangar ရယ်။ Y-12 Hangar ရယ်။ Mi-17 Hangar ရယ် အဲတာတွေကို ချိန်ပစ်တာပေါ့။ ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ မသိရသေးဘူး။ အဲဒီ Hanger တည်နေရာတွေက လေတပ်ထဲက ဖရဲသီးတွေဆီက သတင်း အတိအကျရလို့ ပစ်ခတ်ခဲ့တာပါ။ နောက်တစ်ခုပြောချင်တာက ပေါက်ကွဲမှု ဖြစ်ပွားတဲ့နေရာတွေကို ပြည်သူတွေ အနေနဲ့ ၄၈ နာရီအကြာ ဖြတ်သွားဖြတ်လာ မလုပ်ကြဖို့ မေတ္တရပ်ခံပါတယ်” ဟု ရန်ကုန်မြို့ပြ UG ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုသည် ပင်လောင်းနှင့် အညာဒေသများတွင် အကြမ်းဖက် စစ်တပ်၏ ပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်ရာဇဝတ်မှုများအတွက် တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တိုက်ခိုက်မှု ဖော်ဆောင်နိုင်ရန် ကူညီပေးခဲ့သည့် KNU တပ်မဟာ A 00 မှ အဖူးနဲ့ ရဲဘော်များကိုလည်း ကျေးဇူးတင်ရှိကြောင်း ရန်ကုန်မြို့ပြ UG ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။