32 C
Yangon

မင်းအောင်လှိုင် မွေးထုတ်လိုက်တဲ့ ခရိုနီလက်သစ် နီနီတင်ထွန်း

Must read

မင်းအောင်လှိုင် မွေးထုတ်လိုက်တဲ့ ခရိုနီလက်သစ် နီနီတင်ထွန်း

■ ယခင်ဝန်ကြီးချုပ်ဟောင်း စိုးဝင်း၏ ညီ ဗိုလ်ချုပ်တင်ထွန်း သမီး နီနီတင်ထွန်း ပိုင် Authentic မှာ စစ်တပ်ထံမှ စီးပွားရေးလုပ်ပိုင်ခွင့်များစွာရရှိ

By ရန်ကုန်ခေတ်သစ်

စစ်တပ်ပိုင် မိုးကောင်းရတနာဆေးရုံ အပါအဝင် တပ်ဆောက်လုပ်ရေး လုပ်ငန်း၊ ပရောဂျက်များ၊ စီမံကိန်းမျိုးစုံကို Authentic ဆောက်လုပ်ရေးကုမ္ပဏီကလည်း လုပ်ခွင့်ရလာနေပြီး မင်းအောင် လှိုင် မွေးထုတ်သည့် ခရိုနီကုမ္ပဏီ အသစ် တစ်ခုဖြစ်လာနေကြောင်း တပ်သတင်းရင်းမြစ်နှင့် စီးပွားရေးသတင်းရင်းမြစ်များက ပြောသည်။

Authentic ကုမ္ပဏီပိုင်ရှင်သည် အောင်မျိုးဟိန်းနှင့် နီနီတင်ထွန်းတို့ လင် မယား ဖြစ်ကြပြီး နီနီတင်ထွန်းသည်ယခင် သွေးကင်ဆာဖြင့်သေဆုံးသွားသော ဝန်ကြီး ချုပ်ဟောင်း ဗိုလ်ချုပ် ကြီးစိုးဝင်း ညီဖြစ်သူ ဗိုလ်ချုပ် တင်ထွန်း၏ သမီးဖြစ်ကြောင်း၊ အောင်မျိုးဟိန်းသည် စစ်အင်ဂျင် နီယာတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

“နီနီတင်ထွန်းဆိုတာ ဦးသန်းရွှေလက်ထက်က ဝန်ကြီးချုပ် စိုးဝင်းရဲ့ အမွှာညီ အစ်ကို GE တပ်က အကြီးဆုံး ဗိုလ်ချုပ် တင်ထွန်းရဲ့ သမီးအလတ်ပါ။ စစ်တပ်အသိုင်းအဝိုင်းကပါပဲ။ Authentic ပိုင်ရှင် နီနီတင်ထွန်းက ​​သွေးကင်ဆာနဲ့ ​သေသွားတဲ့ ဝန်ကြီးချုပ်​ဟောင်း ဗိုလ်ချုပ်ကြီးစိုးဝင်းရဲ့ အမွှာညီအစ်ကို ​စစ်အင်ယာညွှန်ချုပ် ဗိုလ်ချုပ်တင်ထွန်းရဲ့ သမီး၊ အောင်မျိုးဟိန်းက စစ်အင်ဂျင်နီယာတက္ကသိုလ် DSTA ဆင်း။ GE ထွက်၊ ကြာပြီ စီးပွား​ရေးလုပ်​နေကြတာ” ဟု စီးပွားရေးသတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံ ပိုင် Sky One နှင့် မြန်မာစစ်သူကြီး ကုမ္ပဏီတို့က စစ်တပ် ပရောဂျက်အားလုံးကို ရရှိနေချိန်တွင် Authentic ကုမ္ပဏီကလည်း စစ်တပ်ပိုင် မိုးကောင်းရတနာ ဆေးရုံ တည်ဆောက်ခြင်း၊ စစ်ကောင်စီ၏ စည်ပင်က ချထားပေးသော ရေနှင့်ရေသွယ်တန်း မှုဆိုင် ရာ ပရောဂျက်စီမံကိန်းများ ရရှိခြင်း အပါအဝင် စစ်တပ်ထံမှ စီမံကိန်းနှင့် လုပ်ငန်းများ စွာ ရရှိနေကြောင်း သိရှိရသည်။

“ဘောက်ထော် စစ်တပ် မှတ်တမ်းရုံးမှာဆိုရင် မိုးကောင်းရတနာဆေးရုံနဲ့ မြ၀တီမီဒီယာစင်တာက တွဲရက်ပဲ။ အဲဒီမှာ မိုးကောင်းရတနာ ဆေးရုံကို Authentic ကဆောက်ခွင့်ရတယ်။ မြ၀တီမီဒီယာစင်တာဆောက်လုပ်ခွင့်ကို Sky One ကရတယ်။ ၂၀၁၇ ခုနှစ်တုန်းက ဖွင့်လှစ်ခဲ့တဲ့ စစ်တပ်ပိုင် ကန်သာယာ ဆေးရုံဆိုတာလည်း Authentic ကပဲ ဆောက် လုပ်ခဲ့တာ။ အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်တပ်နဲ့ စစ်ကောင်စီ ပရောဂျက်တွေ တော်တော်များကို Authentic က ရနေတယ်။ စစ်တပ်လက်စွဲ ကုမ္ပဏီတစ်ခုဖြစ်လာပြီ” ဟု စစ်တပ်နှင့်ထိတွေ့ဆက်ဆံနေသော စီးပွားရေးအသိုင်းအ၀ိုင်းက ပြောသည်။

Authentic ကုမ္ပဏီကို အင်ဂျင်နီယာ အောင်မျိုးဟိန်းနှင့်နီနီတင်ထွန်းတို့က ၂၀၀၉ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး ဆော က် လုပ်ရေး၊ ရေနှင့်ရေတိုင်ကီထုတ်လုပ်ရေး၊ ရေဆိုးသန့်ရှင်း ရေး လုပ်ငန်း၊ မိုဘိုင်းလ်ဆက်သွယ်ရေးဝန် ဆောင်မှု၊ ရေပေးဝေရေးနှင့် အကြီးစားရေ ပိုက်သွယ် တန်းမှုလုပ်ငန်း ၊ ဆောက်လုပ်ရေးပစ္စည်းများအပါအဝင် သွင်းကုန်နှင့်ကုန်သွယ်ရေးလုပ်ငန်းများ စသည့် စီးပွားရေးလုပ်ငန်းများစွာကို လုပ်ကိုင်လျက် ရှိနေကြောင်း၊ Authenticတွင် ဆောက် လုပ်ရေး၊ ကုန်သွယ်ရေးနှင့် ထုတ်လုပ်ရေးဟူ၍ ကဏ္ဍ ၃ ခုဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင် လျက်ရှိ ကြောင်း သိရှိရသည်။

“သူတို့က စစ်ဗိုလ်ချုပ်တွေနဲ့ အတော် အဆင်ပြေတယ်။ ဦးအောင်မျိုးဟိန်းရော၊ ဒေါ်နီနီထွန်းရောက လူလတ်ပိုင်းတွေပဲ။ နောက်ထပ် မင်းအောင်လှိုင် လက်ထက်မှာ မွေးထုတ်မယ့် ခရိုနီသစ်တွေ ဖြစ်လာမယ့်သူတွေလို့ပဲ ပြောရမလားပဲ။ သန်းရွှေခေတ်မှာ တေဇ၊ အောင်ကိုဝင်း၊ ဇော်ဇော်တို့ ပေါ်ခဲ့သလို မင်းအောင်လှိုင်ကလည်း သူ့လက်ထက်မှာလည်း ခရိုနီအသစ်တွေ မွေးထုတ်ဖို့ လုပ်နေ တယ်လို့ပြောလို့ရပါတယ်။ အောင်ပြည့်စုံကတော့ ထိပ်ဆုံးကပေါ့” ဟု စီးပွားရေးသတင်းရင်းမြစ်က ဆိုသည်။

Authentic ကုမ္ပဏီသည် မင်းအောင်လှိုင်၏ ရန်ကုန် ၆ မိုင်ခွဲ နေအိမ်ကို တည် ဆောက်ပေးခဲ့ပြီး ရန်ကုန်စည်ပင် ရေသန့်ဌာနမှူးဟောင်း ဒေါက်တာထွန်းသန်းထွန်းက ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ အဖြစ် ကုမ္ပဏီတွင် ပါဝင်နေကြောင်း၊ ရေသန့်နှင့်ပတ်သက်သော ပရောဂျက်မှန်သမျှကို Authentic ကုမ္ပဏီက ရရှိသည်ဟု ဆိုသည်။

” ဘိုခြံ နားက အရင် သားရေ စက်ရုံမြေနေရာ ၇ ဧက ကို Authentic ကရထားပြီးသစ္စာ Trading ဆိုပြီး HDPE စက်ရုံ၊PVC , Bio Tank တွေထုတ်တယ်၊ YCDC ရေသန့်ဌာနမှူး ဒေါက်တာ ထွန်းသန်းထွန်းက Authentic မှာအကြီးပိုင်းထဲမှာလုပ်တယ်။ မြန်မာတစ်နိုင်ငံလုံးနီးပါး ရေသန့်နဲ့ပတ်သက်တဲ့ Project တွေကို Authentic ကရတယ်။ လူအများမသိသေးတဲ့တစ်ခုက ၆ မိုင်ခွဲက မအလ အိမ်ကိုဆောက်ပေးတာ Authentic ပါ။ပြောင်ကြီးသိန်းစိန်ခေတ်ကပါ” ဟု သတင်းရင်းမြစ်တစ်ခုက ပြောသည်။

Authentic ကုမ္ပဏီက ၂၀၂၂ ခုနှစ်၏ အောင်မြင်မှုအဖြစ် ဧရာ၀တီတိုင်း၊ ပုသိမ်မြို့တွင် ငွေကျပ် ၁၇ ဘီလီယံတန်ဖိုးရှိ ရေပေးဝေရေ စီမံကိန်းကို လုပ်ကိုင်နိုင်ခဲ့ကြောင်း၊ ရန်ကုန်စည်ပင်၊ မန္တလေးစည်ပင်တို့နှင့် ရေပေးဝေရေး ပရောဂျက်များ တွဲဖက်လုပ်ကိုင် နေကြောင်း၊ ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုကိုလည်း လုပ်ကိုင်နေကြောင်း အဆိုပါကုမ္ပဏီ၏ Websiteတွင် တရားဝင် သတင်းထုတ်ပြန်ထားသည်။

သို့ရာတွင် Authenticကုမ္ပဏီ Website တွင် စစ်တပ်ပိုင် မိုးကောင်းရတနာ ဆေးရုံကို တည် ဆောက်ခြင်း၊ စစ်တပ်ပိုင် ကန်သာယာဆေးရုံကို တည် ဆောက် ခဲ့ခြင်းများ အပါအင် စစ်တပ်နှင့်ပတ်သက် ဆက်စပ် လုပ်ကိုင်နေသော ပရောဂျက်နှင့် စီမံကိန်းများကို လုံး၀ ဖော်ပြခြင်းမပြုဘဲ ချန်လှစ်ထားသည်ကို တွေ့ရသည်။

အကြမ်းဖက်မင်းအောင်လှိုင်သည် ၎င်း၏ ဆရာ သန်းရွှေ ကဲ့သို့ပင် ခေတ်တစ်ခေတ် ထူထောင်ပြီး ခရိုနီများ မွေးထုတ်ခြင်းကဲ့သို့ စီးပွားရေး လက်ဝါးကြီးအုပ်ခြင်းကို လုပ်ကိုင်လိုစိတ်များ မြင်ရ သည်ဟု တပ်သတင်းရင်းမြစ်တချို့က ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article